menu

Tuesday 7 August 2012

ကူညီပါရစေ (၁)(မင်းလူ)


---------------------------
သူသည် ရန်ကုန်မြို့လယ်သို့ မရောက်ဖြစ်တာ လအနည်းငယ် ကြာသွားပြီ။ သူ့အနေဖြင့် အကြောင်းကိစ္စ မရှိပဲ မြို့ထဲလာလေ့မရှိ။ အကြောင်းကိစ္စဆိုတာကလည်း မြို့ထဲက ရုံးတစ်ရုံးရုံးကို သွားရန်သော်လည်းကောင်း၊ ရုပ်ရှင်ကြည့်ရန်သော်လည်းကောင်း၊
ကုန်တိုက်တွေ မီနီမတ်ကက်တွေမှာ ပစ္စည်းဝယ်ရန်သော်လည်းကောင်း စသည်ဖြင့် ဖြစ်နိုင်သည်။

သူ့အဖို့တော့ ဒါတွေလုပ်စရာမလိုချေ။ ရန်ကုန်မြို့လယ်က ရုံးပြင်ကနားကြီးများမှာ သူနှင့် ဘာမျှမဆိုင်။
သူတို့မြို့နယ်က ရုံးကလေးကိုတောင် အိမ်ထောင်စု စာရင်းလုပ်ဖို့က တစ်ခါ၊ နိုင်ငံသားစိစစ်ရေးကတ် ပျောက်သွားတုန်းက တစ်ခါသာရောက်ဖူးသည်။
မြို.လယ်မှာ ရုံတင်နေသော ရုပ်ရှင်ကားကြီးတွေကိုလည်း တကူးတကသွားမကြည့်နိုင်ပါ။ သူတို့ဆီက ရုံကလေးကို လာပြသည့်အခါ ကြည့်ချင်ကြည့်။ ဒါမှမဟုတ် ဗီဒီယိုရုံမှာ ပြသည့်ကားတွေ ကြည့်လိုက်လျှင် ပြီး သည်။

ကုန်တိုက်ကြီးတွေ၊ မီနီမတ်ကက်တွေ ဆိုတာကလည်း ပိုက်ဆံပေါပေါသုံးနိုင်မှ ၀င်လို့ကောင်းတာကလား။
သူဝယ်လိုသော ရေနံဆီမီးအိမ်တို့၊ ငါးသုံးလုံးရော်ဘာဖိနပ်တို့က မီနီမတ်ကက်တွေမှာ ၀ယ်လို့မရ။ သူတို့မြို့နယ်ရှိ
ဈေးထဲက ကိုစန်းမောင်တို့ ကုန်စုံဆိုင်မှာ ၀ယ်မှ ရသည်။
သည်တော့ တော်ရုံနှင့် မြို့ထဲမရောက်ဖြစ်တာ သိပ်ဆန်းလှသည်တော့ မဟုတ်ချေ။
သည်နေ့တော့ ရပ်ကွက်ထဲမှ ဦးကုလားက ခိုင်းသဖြင့် မြို့ထဲ ထွက်လာခဲ့ခြင်းဖြစ်၏။ ဘုန်းကြီးဆွမ်းကပ်
ချင်သောကြောင့် သက်သက်လွတ်ဒံပေါက်ဝယ်ပေးပါဟု အကူအညီတောင်းထားသည်။ ထို့ကြောင့် လမ်းသုံးဆယ်
မှတ်တိုင်မှာ ဆင်းပြီး ဆူးလေဘုရားလမ်းအတိုင်း အထက်ဘက်သို့ လျှောက်လာခဲ့သည်။

သက်သက်လွတ်ဒံပေါက် ရနိုင်မည့်နေရာကို ဦးကုလားက သေသေချာချာညွှန်လိုက်သည်။
ရဲရင့် ရုပ်ရှင်ရုံနောက်ဘက်ကပ်လျက် သုံးဆယ့်သုံးလမ်းထဲရှိ လစ်ဘာတီမုန့်ဆိုင်မှာ ရသည်။
သူသည် ငိုက်စိုက်ငိုက်စိုက်လျှောက်လာရင်း ဗိုလ်ချုပ်လမ်းနှင့်ဆုံရာအရောက်တွင် ညာဘက်ကို ကြည့်ပြီး ပါးစပ်အပောာင်းသားဖြစ်သွား၏။ ရဲရင့်ရုံကိုရှာလို့မတွေ့တော့။ သူ ခေါင်းကုတ်လိုက်သည်။ လမ်းမှားတာတော့မဖြစ်နိုင်။ ရဲရင့်ရုံဆိုတာကို သူ မသိတာလည်း မဟုတ်။ ဟိုအရင်တုန်းက “ရှိုးလေး” “စေလိုနား” စသော နာမည်ကြီး အိနိ္ဒယရုပ်ရှင်တွေ နှစ်ခါသုံးခါလာကြည့်ဖူးသည်။
မြို့ထဲ အရောက်အပေါက်နည်းသည့်တိုင် သည်လောက်တော့ မျက်စိလည်စရာ အကြောင်းမရှိ။
ရဲရင့်ရုံဆိုတာ ပပ၀င်းရုံနဲ့ မျက်နှာချင်းဆိုင်ပဲဆိုပြီး လမ်းတစ်ဖက်သို့ ဖျတ်ခနဲ ယောင်၍ ကြည့်မိ၏။

ပပ၀င်းရုံက ဖျက်ထားပြီးနေပြီ။ ဒါတော့သူသိသည်။
ပပ၀င်းနှင့် မျက်နှာချင်းဆိုင်ဆိုတော့ ဟိုဘက်ခြမ်းမျက်နှာချင်းဆိုင်များလားဟု ဇဝေဇ၀ါဖြစ်ချင်သွားမိသေးသည်။
လှမ်းကြည့်တော့ မီးရထားရုံကြီးကို မြင်ရသည်။
သူသည် ရဲရင့်ရုံနေရာတွင် အုတ်ကျိုးအုတ်ပဲ့တွေ ပုံထားသော ကွက်လပ်ကြီးဖြစ်နေသည်ကို တအံ့တသြ
ကြည့်နေမိ၏။ အံ့သြနေလို့မပြီးသေး။ ဒံပေါက်ဝယ်ဖို့က ရှိသေးသည်။ ဆယ့်တစ်နာရီအရောက်ပြန်နိုင်မှ ဆွမ်းကပ်ဖို့
မှီနိုင်မည်။ ထို့ကြောင့် ကွက်လပ်ကြီးကို ပတ်ပြီး သုံးဆယ့်သုံးလမ်းထဲ ၀င်လာသည်။
လစ်ဘာတီမုန့်ဆိုင်ကို ရှာမတွေ.ဘဲဖြစ်နေပြန်သည်။ အနီးအနားမှာ မေးကြည့်တော့ ရဲရင့်ရုံဖျက်ရာတွင်
မုန့်ဆိုင်လည်းပါသွားကြောင်း သိရ၏။

သက်သက်လွတ်ဒံပေါက် ၀ယ်လို့မရကြောင်း ဦးကုလားကို အချိန်မီပြန်ပြောမှဖြစ်မည်။ ဒါမှ အခြားတစ်ခုခု အမြန်စီစဉ်နိုင်မည်။
ပန်းဆိုးတန်းမှတ်တိုင်မှ ဘတ်စ်ကားပြန်စီးမည်ဟု စိတ်ကူးပြီးအောက်ဘက်သို့ဆင်းလာသည်။ အနော်ရထာလမ်းကို ဖြတ်ကူး၊ မဟာဗန္ဓုလပန်းခြံလမ်းအတိုင်း လျှောက်၊ မဟာဗန္ဓုလလမ်းကို ဖြတ်ကူးမည်အပြုမှာပင် ပလက်ဖောင်းအစွန်းမှာ ရပ်နေသော အဘွားအိုကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။ အဘွားကြီးမှာ အသက်အတော်ကြီးပြီ။ ခုနစ်ဆယ်ကျော် ရှစ်ဆယ်တွင်းလောက်ရှိမည်။ မျက်စိလည်းကောင်းပုံမရ။ လက်ဝါးကလေးကို နဖူးပေါ်မှာ အလေးပြုသလို ကာပြီးကြည့်နေသည်။ ချီတုံချတုံ ဖြစ်နေသည့်ပုံလည်း ပေါ်သည်။

လမ်းကူးဖို့ အခက်အခဲဖြစ်နေသည် ထင်၏။ ထိုနေရာမှာ လမ်းကလည်း ကျယ်သည်။ ကားကလည်း ရှုပ်သည်။
ကားများက ဆူးလေဘုရားကို တွေ့ပြီး အရှိန်နှင့်ထွက်လာသဖြင့် ၀ှီးခနဲ ၀ှီးခနဲ ဖြတ်ဖြတ်သွားနေသည်။
အဘွားကြီးမှာ ကုန်းကုန်း ကုန်းကုန်းနှင့် ယောင်ချာချာ ဖြစ်နေ၏။ တစ်စုံတစ်ယောက်မှ မကူညီလျှင် သည်နေ့အဖို့
ဒီဘက်လမ်းကို ဖြတ်ကူးရောက်ရှိနိုင်စရာ အကြောင်းမမြင်။
သည်လိုကိစ္စမျိုးတွေမှာ သူက ကူညီနေကျဖြစ်၏။ ထို့ကြောင့် အဘွားကြီးနားသို့ သူလျှောက်သွားသည်။
ကံကောင်းချင်တော့ ထိုအချိန်တွင် ကားတွေကလည်း ရုတ်တရက်ရှင်းသွား၏။ သူက အဘွားကြီး၏လက်မောင်းကို
ကိုင်လိုက်ပြီး . . .

“လာ . . . အမေကြီး . . . ” ဟု ပြော၍ ပလက်ဖောင်းပေါ်မှ လမ်းပေါ် သို့တွဲချပေးသည်။
ထို့နောက် ဂရုတစိုက်ထိန်းကိုင်ပြီး လမ်းတစ်ဖက်သို့ ခေါ်လာခဲ့သည်။ အဘွားကြီးမှာ တုန်ချည့်တုန်ချည့်နှင့် လိုက်ပါလာသည်။
ပါးစပ်ကလည်း . . .
“ရပါတယ်ကွယ် . . . ကိစ္စမရှိပါဘူး . . . ရပါတယ်ကွယ် . . . ” ဟု တတွတ်တွတ်ပြောလာ၏။
လမ်း၏သုံးချိုးနှစ်ချိုးလောက်အရောက်တွင် ဗင်ကားတစ်စီး လာနေသည်ကိုမြင်ရ၏။
သူက လက်ပြလိုက်ရာ အလိုက်သိစွာပင် အရှိန်လျှော့ပေးသည်။ သူတို့လည်း လမ်းတစ်ဖက်သို့ ခပ်မှန်မှန်ကူးပြီး အဘွားကြီးကို
ပလက်ဖောင်းပေါ် တွဲတင်ပေးလိုက်၏။

“ ကဲ . . . အမေကြီးသွားလို့ရပြီ . . . ” ဟု သူက ပြောလိုက်သည်။
အဘွားကြီးက သူ့ကို ကြောင်တောင်တောင်ကြည့်ပြီး . . .
“ ဘယ်ကိုသွားရမှာလဲ . . . ” ဟု ပြန်မေးသည်။
“ အမေကြီး သွားစရာရှိတာ ဆက်သွားပေါ့ . . . ”
“ အမေကြီးက ဘယ်မှ သွားစရာမရှိပါဘူးကွယ် . . . ”
“ ဗျာ . . . ဒါနဲ့ . . . ”
“ အမေကြီးမြေးလေးကို မုန့်ဟင်းခါး သွားဝယ်ခိုင်းထားလို့ စောင့်နေတာ . . . အဲဒါ မောင်ရင်လေးက
အမေကြီးလာလာဆိုလို့ ဘုမသိဘမသိလိုက်လာခဲ့ရတာကွယ့် . . . ””
“ ဟိုက် . . . ”
“ အခု အမေကြီး ဟိုဘက်ကို ပြန်မကူးတတ်တော့ဘူး . . အဲဒါ ငါ့သားပဲ ပြန်လိုက်ပို.ပေးပါဦးနော်” ဟု  တောင်းတောင်းပန်ပန်ပြောနေသည်။
သူသည် စိတ်ကူးဖြင့် သူ့နဖူးသူ ဖြန်းခနဲ ရိုက်လိုက်မိလေ၏။

****************************************

အထက်ပါအဖြစ်အပျက်သည် ရုပ်ရှင်တို့၊ ၀တ်္ထုတို့မှာဆိုလျှင် ဇာတ်ကောင်၏စရိုက်ကို မိတ်ဆက်သည့်အနေဖြင့်လည်းကောင်း၊ ဇာတ်လမ်းအပေါ် စိတ်ဝင်စားမှု ရှိစေရန် ကြို၍ခင်းထားသည့် အနေဖြင့်လည်းကောင်း ပြလေ့၊ရေးလေ့ရှိသည့်သဘောမျိုး ဖြစ်၏။
ခုလည်း လူတစ်ယောက်အကြောင်းကို ပြောပြချင်သောကြောင့် အချက်တစ်ချက်ကို နမူနာအဖြစ် ထုတ်နုတ်ပြခြင်း ဖြစ်၏။

သူ့နာမည်မှာ အောင်ဘာလေဟု ခေါ်၏။
ဒီနာမည် ဖြစ်ပေါ်လာရခြင်းမှာလည်း အကြောင်းရှိသည်။ သူ့ကိုမွေးခါနီး သူ့အမေဗိုက်နာနေတုန်းမှာ ထီလက်မှတ် ပွေ့ရောင်းသူတစ်ယောက် အိမ်ရှေ့က ဖြတ်လျှောက်ရင်း . . .
“ တစ်ရွက်ပဲ ကျန်တော့တယ်နော် . . . တစ်ရွက်ကျန် တစ်သက်စံတဲ့ . . . ””ဟု အော်သွားသည်။
အဖေလုပ်သူက ဒါကိုကြားသဖြင့် တိုက်ဆိုင်သည်ဟုတွက်ပြီး ယင်းထီလက်မှတ်ကို ၀ယ်လိုက်သည်။
ထိုစဉ်မှာပင် သူကလည်း အမိဝမ်းမှ ထွက်လာပြီး “အူဝဲ . . . ” ဟု အော်ငိုလိုက်သည်။
“ဘာလေးလဲပော့ . . . ”
သူ့အဖေက အတွင်းခန်းသို့ အော်မေးသည်။ ၀မ်းဆွဲလက်သည်က . . . “ ယောက်ျားလေး တော်ရေ့ . . . ”ဟု ပြန်အော်သည်။ ထီလက်မှတ်လာရောင်းသည့်အချိန်မှာ မွေးသဖြင့် သူ့ကို “အောင်ဘာလေ” ဟု အမည်မှည့်
ခေါ်လိုက်လေသည်။

ထီဖွင့်သောအခါ သူတို့ထိုးထားသော ထီလက်မှတ်မှာ ပေါက်တော့ပေါက်သည်။ ဆုကြီးမဟုတ်။
ထောင့်ငါးရာဆုသာဖြစ်၏။ သို့တိုင်အောင် သူ့အဖေကတော့ အောင်ဘာလေကို လာဘ်ကောင်းသူ၊ အကျိုးပေးမည့်ကလေးဟု သတ်မှတ်ခဲ့လေသည်။

အောင်ဘာလေသည် ရိုးသားပြီး စိတ်ကောင်းရှိသူ ဖြစ်၏။
သူ၏ထူးခြားချက်ကတော့ သူတစ်ပါးကို အလွန်ကူညီလိုသော စိတ်ထားရှိခြင်းပင် ဖြစ်သည်။
တစ်ခုရှိတာက တစ်ဖက်လူက လိုအပ်လို့ အကူအညီတောင်းမှ ကူညီခြင်းမျိုးမဟုတ်။
သူ့အနေဖြင့် ကူညီသင့်သည်ထင်လျှင် လိုသည်ဖြစ်စေ၊ မလိုသည်ဖြစ်စေ အတင်းဝင်ကူညီတတ်သည်။

တချို့လူတွေကျတော့ တကယ်အကူအညီလိုတာမဟုတ်။ တချို့ကလည်းကိုယ့်ကိစ္စကို သူများက ၀င်ကူညီတာ သဘောမတွေ့တတ်ကြ။ သို့ရာတွင် အောင်ဘာလေကတော့ ဒါတွေကိုဂရုမစိုက်။ စိတ်ကူးပေါက်လျှင် ဘာမျှ မစဉ်းစားဘဲ ၀င်ကူညီလိုက်တာပဲ ဖြစ်၏။
သို့ဖြင့် တစ်ခါတလေ အလိုက်ကမ်းဆိုး မသိသလိုဖြစ်ရ၏။ တစ်ခါတလေ တလွဲတချော် မတော်မတည့်တာတွေ ကြုံရသည်။ ဘာပဲဖြစ်ဖြစ်သူကတော့ လူတစ်ဖက်သားကို ဘယ်လိုကူ ညီရမလဲဆိုတာသာ ရှာကြံစဉ်းစားမြဲ စဉ်းစားလျက်ပင် ရှိလေသည်။
သူက ကျေးဇူးအတင်ခံချင်သောကြောင့်၊ အကျိုးခံစားခွင့်တစ်ခုခု တုံ့ပြန်ရယူချင်သောကြောင့် ကူညီခြင်း
လည်း မဟုတ်။ များသောအားဖြင့် ကူညီစရာရှိတာ ၀င်ကူညီပြီးလျှင် သူမဟုတ်သလို မသိမသာနေတတ်သည်။
ခပ်အေးအေးပင် သွားစရာရှိတာ ဆက်ထွက်သွားတတ်သည်။ ကူညီခံရသူတွေကသာ ကြောင်တိကြောင်တောင်ဖြစ်
ပြီး ကျန်ခဲ့တတ်သည်။

************************

အောင်ဘာလေသည် အမိဝမ်းတွင်းမှ ကျွတ်ခါနီးဆဲဆဲကစ၍ သူ့မိဘကိုကူညီခဲ့လေသည်။ (ထီထောင့်ငါးရာဆုပေါက်ခြင်း)။
မွေးလာပြီးတော့လည်း သနေ်္ဓကောင်းသော ကလေးငယ်တစ်ယောက် ဖြစ်လာသည်။ မိဘကိုဒုက္ခမပေး။
နို့ဆာလို့ အော်ငိုတာမျိုးလည်း မရှိ။ အမေက သတိရလို့တိုက်မှ တပြွတ်ပြွတ် အငမ်းမရစို့တတ်သည်။
တချို့ကလေးတွေလို ညဘက်မအိပ်ဘဲ ဂျီကျတာမျိုးလည်း မရှိ။ မအိပ်ချင်လျှင်လည်း မျက်လုံးကလေးအပြူးသားနှင့်
သူ့ဘာသာ ငြိမ်ငြိမ်ကလေး နေတတ်သည်။ သေးစို ချေးလူးဖြစ်နေသည့်တိုင် ယက်ကန်ယက်ကန်နှင့်သာ နေတတ်သည်။
နည်းနည်းကလေး သိတတ်သော အရွယ်ရောက်သည်နှင့် သူ၏ကူညီချင်တတ်သော ဗီဇက ပြလာသည်။

တစ်ရက်တွင်သူ့အဖေက ထမင်းစောစော ဆာသဖြင့် . . .
“ ထမင်းစားမယ်ဟေ့ . . . ” ဟု ပြောသည်။ သူ့အမေက . . .
“ ဟင်းမကျက်သေးဘူး . . . ”
“ ဟာ . . . မင်းဟာက နောက်ကျလှချည်လား . . . ”
“ စောစောစားချင်ရင် ကျွန်မဈေးသွားနေတုန်း ရှင်က ထမင်းအိုးလေး တည်ထားနှင့်ပါလား . . . ကြက်သွန်လေး ငရုတ်သီးလေး ထောင်းထားနှင့်ပါလား . . . ဒီမှာ တစ်ကိုယ်တည်းနဲ့ အားလုံးလုပ်နေရတာ . . . ”

အဖေနှင့်အမေ အပြန်အလှန် ပြောနေကြတာကို ရှစ်နှစ်သားအရွယ် အောင်ဘာလေက ကြားသည်။
နောက်တစ်နေ့ကျတော့ အဖေလည်း ထမင်းစောစောစားရအောင် အမေလည်း သက်သာအောင်ဆိုပြီး သူ့အမေ ဈေးသွားနေတုန်း အောင်ဘာလေက ထမင်းအိုးတည်သည်။ တည်တတ်လို့တော့ မဟုတ်။
သူ့အမေလုပ်တာကို ကြည့်ထားပြီးလိုက်လုပ်ခြင်းဖြစ်၏။
ဆန်ဘယ်နှစ်လုံး ထည့်ရမည်ကို သူမသိ။ သုံးယောက်စားမှာမို့ သုံးလုံးထည့်မည်ဟု သူ့ဘာသာ ဆုံးဖြတ်သည်။ ဆန်ဆေးပြီးတော့ ရေထည့်သည်။ သုံးယောက်ဆိုတော့ ရေဖလားနှင့် သုံးခွက်ထည့်သည်။ မီးမမွှေးတတ်သဖြင့်
နာရီဝက်လောက်ကြာမှ မီးတောက်သည်။ ထမင်းအိုးတည်ထားပြီးနောက် ကြက်သွန်နွှာသည်။ ငရုတ်သီးထောင်းသည်။
ငရုတ်သီးဖတ် မျက်စိထဲဝင်သောအခါ ပူစပ်ပူလောင်ဖြစ်ပြီး ဘာလုပ်ရမလဲ မသိသဖြင့် အော်ငိုသည်။
ထိုအခါကျမှ သူ့အဖေ မီးဖိုထဲ ပြေးဝင်လာသည်။
မျက်စိကိုရေဆေးပေး၊ ခြေမပေါ်ရေလောင်းလုပ်ပြီး ဘယ်လိုဖြစ်တာလဲ မေးရသည်။
အောင်ဘာလေက အဖေထမင်းစောစောစားရအောင် လုပ်တာဖြစ်ကြောင်း ပြောပြသည်။ အမေပြန်လာတော့ ခုလိုဖြစ်ရတာ သူ့ကြောင့်၊
ငါ့ကြောင့်ဆိုပြီး အဖေနှင့်အမေ ရန်ဖြစ်ကြသည်။
အောင်ဘာလေ တည်ထားသော ထမင်းအိုးကလည်း ဆန်ုပြုတ်ဖြစ်သွား၏။ ထမင်းရည်ငှဲ့သည့်အဆင့် မရောက်တာ ကံကောင်းသည်။ သွားငှဲ့လိုက်မိပြီး မတော်လို့ ထမင်းရည်ပူလောင်လျှင် အောင်ဘာလေတစ်ယောက် သည်ရုပ်သည်ရည် ဖြစ်ချင်မှတောင် ဖြစ်လာမည်။

အောင်ဘာလေကတော့ မမှတ်သေး။
အမေ့ကိုကူညီပြီးတော့ အဖေ့ကို မကူညီလျှင် မျက်နှာလိုက်ရာကျမည်ဟု တွေးသည်။ ဘာကူညီလျှင်ကောင်းမလဲ အကွက်ရှာသည်။
တစ်ရက်တွင် သူ့အဖေ နေ့လည် တရေးတမောအိပ်နေတုန်း စားပွဲပေါ်က ဆေးတံကို တွေ့သည်။ ယူကြည့်
တော့ ဆေးတံအိုးထဲမှာ ဆေးချေးတွေ တက်နေတာ အတော်ထူနေပြီဖြစ်ကြောင်း တွေ့ရ၏။
“သြော် . . . အဖေတစ်ယောက်တော့ အလုပ်တွေများလွန်းလို့ ဆေးတံတောင် ဆေးချေးတွေ မချွတ်နိုင်ရှာပါကလား .  ”ဟု တွေးမိသည်။ ထို့ကြောင့် လွှကျိုးကလေးတစ်ချောင်းရှာပြီး ဆေးတံအိုးထဲက ဆေးချေးတွေကိုစိတ်ရှည်လက်ရှည်ခြစ်ပစ်သည်။
ဒါနှင့် အားမရနိုင်သေးပဲ သွားပွတ်တံအဟောင်းနှင့်တိုက်ပြီး ဆပ် ပြာနှင့် သေသေချာချာ ဆေးကြောလိုက်သည်။ ထိုအခါ ဆေးတံကလေးက အသစ်ကဲ့သို့ ပြောင်လက်တောက်ပသွား လေတော့သည်။
အဖေနိုးလာလျှင် အံ့သြ၀မ်းသာသွားအောင် စားပွဲပေါ် အသာပြန်တင်ထားပြီး တစ်နေရာမှ မသိမသာ
စောင့်ကြည့်နေလိုက်သည်။ တအောင့်လောက်ကြာတော့ သူ့အဖေ နိုးလာသည်။ ဆေးလိပ်ဆေးတံသမားတို့ ထုံးစံ
အတိုင်း အိပ်ရာက နိုးနိုးချင်း ခံတွင်းချဉ်တတ်သည်။ ထို့ကြောင့် ဇိမ်ကျကျသောက်လိုက်မည်ဟု ဆေးတံကို
ကောက်ကိုင်သည်။ ပထမ မျက်မှောင်ကြုတ်ပြီးကြည့်သည်။ ပြီးတော့ နားမလည်သလို ကြောင်တောင်တောင် ဖြစ်
သွားသည်။ ထို့နောက်မျက်လုံးပြူးလာသည်။

“ဟေ့ . . . ငါ့ဆေးတံကို ဘယ်သူ ဒါ . . . လုပ်တာလဲ . . . ” ဟု မချင့်မရဲအသံဖြင့် အော်သည်။
အောင်ဘာလေ အံ့သြသွားသည်။ အဖေဘယ်လိုဖြစ်သွားတာပါလိမ့်။
တန်တော့ သူ့ဆေးတံကို မမှတ်မိတော့ဘူးထင်တယ်ဟု တွက်ပြီး . . .
“ အဲ့ဒါ . . . သား လုပ်ထားတာလေ . . . ဖေဖေကလည်း ဆေးတံကို ဘယ်လောက်တောင် ပစ်စလက်ခတ်ထားသလဲ မသိဘူး ..  ဆေးချေးတွေတက်နေတာ အများကြီးပဲ . . . မနည်းပြောင်အောင်တိုက်ရတယ် . . . ”

သူ.အဖေသည် နဖူးကို ဖြန်းခနဲရိုက်လိုက်ပြီး အတော်စိတ်ဓာတ်ကျသွားဟန်ဖြင့် . . .
“သေလိုက်ပါတော့ကွာ . . . ဒီလို ဆေးချိုးတက်အောင် တမင်တကာ လုပ်ထားရတာကွ . . . သွားပါပြီကွာ. . သွားပါပြီ . . ”
ဆေးတံသမားတို့မည်သည် ဆေးတံအသစ်စက်စက်ကို သောက်လို့ခံတွင်းမတွေ့ကြ။ အသားကျသွားအောင်ရက်ပေါင်းများစွာ စိတ်ရှည်လက်ရှည် အချိန်ယူ၍ ကျင့်ရသည်။ သည်လိုနှင့် ဆေးချိုးတွေထူလာလေ ဆေးတံကသောက်ကောင်းလေဖြစ်၏။
ဆေးချိုးတက်ခြင်းသည် ဆေးတံသမားတို့အဖို့ ဆေးတံသက်ရင့်ကြောင်း ဂုဏ်ယူဖွယ်တစ်ခုပင် ဖြစ်၏။
ဒါကို အောင်ဘာလေက သိမှ မသိဘဲကိုး။

*************************************

သူသည် ကျောင်းမှာလည်း တစ်ဖက်သားကို ကူညီတတ်လေသည်။
ကျောင်းကိုစောစောရောက်အောင်သွားသည်။ ဆရာမ မရောက်ခင် ကျောက်သင်ပုန်းကိုကြိုဖျက်ထားသည်။
ဆရာမစားပွဲကို သန့်ရှင်းရေးလုပ်ထားသည်။ ကျောင်းခန်းသန့်ရှင်းရေးကို အသင်းလိုက် အလှည့်ကျ လုပ်ရခြင်းဖြစ်သော်လည်း
သူကတော့ ဘယ်သူနှင့်ဖြစ်ဖြစ် နေ့တိုင်း ၀င်ကူလုပ်တတ်၏။
မုန့်စားဆင်းလျှင် ဆရာမ စားချင်သောမုန့်များ ၀ယ်ပေးခြင်း၊ ကျောင်းဆင်းသည့်အခါ ဆရာမ၏ ခြင်းတောင်းကို ဆွဲ၍ကားမှတ်တိုင်လိုက်ပို့ခြင်းတို့မှာ သူ၏နေ့စဉ်လုပ်နေကျ ၀တ်္တရားများဖြစ်၏။

သူငယ်ချင်းတစ်ယောက်ယောက် မုန့်ဖိုးပါမလာလျှင် အောင်ဘာလေက ၀ယ်ကျွေးသည်။ တစ်ခါတလေ သူမစားပဲ သူများကို ၀ယ်ကျွေးတတ်တာမျိုးတောင်ရှိသည်။ ဗလာစာအုပ် မရှိသူကို သူ့စာအုပ်တွေထဲက ခွဲပေး ခြင်း၊
ကျောင်းပျက်များ၍ စာနောက်ကျနေသူကို စာကူးပေးခြင်းတို့မှာ သူ့အတွက် ရိုးနေပြီ။

“ အဖေ . . . သားသူငယ်ချင်းတစ်ယောက်က သိပ်ဆင်းရဲတာ အဖေရ . . . သူ့မှာ မြန်မာဖတ်စာအုပ်မရှိလို့တဲ့.. အဲဒါသားစာအုပ်ကိုပေးလိုက်ပြီ . . . သားကို တစ်အုပ်ထပ်ဝယ်ပေးနော် . .”ဆိုတာမျိုးလည်း လုပ်တတ်သည်။
သူ့သူငယ်ချင်း လွယ်အိတ်က စုတ်နေလို့ သူ့လွယ်အိတ်ကိုပေးပြီး သူကလွယ်အိတ်အစုတ်ကြီးနှင့်
အိမ်ပြန်လာတတ်တာမျိုးလည်း မကြာခဏ။

တစ်ရက်မှာတော့ သင်္ချာဆရာမက အိမ်စာတွေကို တစ်ယောက်ချင်းလာပြခိုင်းသည်။ တွက်မလာသူတွေကိုရိုက်သည်။
အောင်ဘာလေကတော့ အားလုံးတွက်လာပြီးသားဖြစ်၍ ခပ်အေးအေးပင် နေသည်။
သူက နောက်ဆုံးတန်းမှာ ထိုင်သူဖြစ်၏။ အလယ်တန်းမှာ ထိုင်သော သူငယ်ချင်းတစ်ယောက်က ဆရာမအလစ်မှာ အောင်ဘာလေဆီသို့ လှစ်ခနဲ ကူးလာပြီး . . .
“ဟေ့ကောင် . . . မုန့်စားဆင်းချိန် သိပ်မရှိတော့ဘူး . . . ဒီတော့ မင်းအိမ်စာပြဖို့ အလှည့်ရောက်မှာ
မဟုတ်တော့ဘူးကွ . . . ငါတို့အလှည့်ကတော့ ရောက်မှာပဲ . . . ငါက တွက်မလာခဲ့ဘူးကွ . . . အဲဒါ မင်းစာ အုပ်
ငါ့ကိုငှားကွာ . . . မင်းစာအုပ်နဲ့ ငါသွားပြလိုက်မယ် . . . ” ဟု အကူအညီတောင်းသည်။
အောင်ဘာလေ ကလည်း ကူညီဖို့ဆိုလျှင် ငြင်းတတ်သူမဟုတ်၍ စာအုပ်ကိုပေးလိုက်သည်။
ဟိုကောင်ကလည်း သူ့အလှည့်ကျတော့ ခပ်တည်တည်နှင့် သွားပြသည်။
ဆရာမသည် စာအုပ်ထဲမှာ တွက်ထားသောပု စ္ဆာတွေကိုကြည့်ပြီး . . .
“ ဟင် . . . ဘယ်လိုလုပ် တွက်ထားတာလဲ . . . အကုန်တလွဲတွေချည်းပဲ . . . မနေ့က သင်တုန်းက
သေသေချာချာကြည့်မထားဘူးလား..”....ပြောရင်း ကြိမ်လုံးလှမ်းကိုင်သည်။
ဟိုကောင်လည်း ကြောက်ကြောက်လန့်လန့်မို့ သက်သာရာ ရလိုရငြား
ပြောမိပြောရာ ပြောထွက်သွားသည်။
“ဟို . . . ဟို . . . ဒါ ကျွန်တော်တွက်တာမဟုတ်ဘူး . . . အောင်ဘာလေ တွက်ထားတာ . . . ”
ဤသို့ဖြင့် အလိမ်ပေါ်ပြီး နှစ်ယောက်စလုံး အရိုက်ခံရလေသည်။

ဤကဲ့သို့သော အောင်ဘာလေသည် အရွယ်ရောက်လာတော့လည်း သူများကို ကူညီဆဲ ကူညီမြဲပင် ဖြစ်၏။ အသက်အရွယ်အလိုက်ကူညီပုံကတော့ ပြောင်းလဲလာသည်။
လူပျိုပေါက်အရွယ်တွင် ရည်းစားစာမပေးရဲသော သူငယ်ချင်းအတွက် သူက ကိုယ်စား သွားပေးပေးသဖြင့် ထီးနှင့် အရိုက်ခံရဖူးသည်။
သူက လမ်းသွားလျှင်လည်း အမှတ်တမဲ့ မနေတတ်။ ဘယ်သူများအကူအညီလိုမလဲဟု ကြည့်ရှုရှာဖွေရင်းသွားလေ့ရှိသူ ဖြစ်၏။
သွားရင်းလာရင်း ကားတစ်စင်း ပျက်နေတာတွေ့လျှင် ဘာဖြစ်တာလဲ၊ ဘာလုပ်ပေးရမလဲ မေးသည်။
ကားတွန်းပေးဖို့လိုလျှင် ၀င်တွန်းပေးသည်။ ကားစက်နိုးသွားသည့်အခါ တချို့က လက်ဖက်ရည်ဖိုးပေးသည်။
သူကတော့ ယူလေ့မရှိ။ တချို့ကားပိုင်ရှင်တွေကတော့ ကားပျက်နေတုန်းကသာ မျက်နှာငယ်လေးနှင့် အကူအညီတောင်းတတ်
သော်လည်း ကားစက်နိုးသွားပြီဆိုလျှင် လှည့်ကြည့်ပြီး ပြုံးပြနှုတ်ဆက်သွားဖို့တောင် သတိမရ။
တစ်ချိုးတည်း ၀ူးခနဲမောင်းထွက်သွားတတ်သည်။
အောင်ဘာလေတစ်ယောက်မှာသာ နေပူကျဲကျဲမှာ တွန်းရသဖြင့် ချွေးသံတရွှဲရွှဲနှင့် ဗွက်နစ်နေသောကားကို
တွန်းပေးရင်း ဘီးယက်သဖြင့် ပုဆိုးမှာ ရွှံ့စက်စင်လျက် ကျန်ရစ်တတ်သည်။
တစ်ခါကလည်း မြေပဒေသာအရောင်းဆိုင်မှာ ချဉ်ပေါင်၊ သခွားစသောမျိုးစေ့များ သွားဝယ်သည်၊
သူ့အိမ်ဘေးကွက်လပ်မှာ စိုက်ရန်ဖြစ်သည်။ ဆိုင်က ပိတ်ဖို့ ပြင်ဆင်နေပြီဖြစ်၍ တောင်းပန်ပြီး ၀ယ်ခဲ့ရသည်။
ဆိုင်မှ ပြန်ထွက်လာပြီးနောက် သည်ဘက်တွေမရောက်တာကြာပြီဖြစ်၍ ကန်တော်ကြီးစောင်းမှာ ဟိုဟို
သည်သည် လျှောက်သွားနေမိသည်။
တစ်နေရာတွင် ကားတစ်စင်းရပ်ထားတာ တွေ့ရ၏။ အက်စ်အီးလား ဘာလားတော့ သေသေချာချာမသိ။
ကားကတော့ အကောင်းစားဆိုတာ သေချာသည်။ သည်လိုကားမျိုး တစ်စင်းလောက်ရှိရင် ဇိမ်ပဲဟုစဉ်းစားနေတုန်း
ကား၏နောက်မီးပွင့်နေတာ သတိပြုမိလိုက်သည်။ ကားထဲမှာ လူများရှိနေမလားဟု ကားနားသို့ လျှောက်သွားပြီး
ကြည့်သည်။ အစိမ်းရင့်ရောင်မှန်တွေ အကုန်ပိတ်ထားသည်။ သို့ရာတွင် အထဲမှာတော့ လူရိပ်လိုလို ရိုးတိုးရိပ်တိတ်
တွေ့သဖြင့် ကားကိုယ်ထည်ကိုပုတ်ပြီး ခေါ်လိုက်သည်။

ဘေးမှန်တစ်ချပ်မှာ ပါဝါနှင့်ဖြစ်၍ ညင်ညင်သာသာကလေး ပွင့်ကျသွားသည်။
ကားထဲမှာတော့ အသက်သုံးဆယ်ကျော်အရွယ် ခပ်ချောချောခပ်တောင့်တောင့် လူရွယ်တစ်ယောက်နှင့် အသက်လေးဆယ်ကျော်လောက်ရှိမည့် အရုပ်ခပ်ဆိုးဆိုး မိန်းမတစ်ယောက်တို့ ထိုင်နေတာတွေ့ရသည်။
“ ဘာလဲ . . . ”
ကားထဲမှ လူရွယ်က ခပ်ဆတ်ဆတ်မေးသည်။ အောင်ဘာလေက ကားနောက်မြီးဘက်ကို လက်ညှိုးထိုးပြပြီး . . .
“ ဟို . . . ဟိုလေ . . . နောက်မီးလင်းနေတယ် . . . ”
“ဘာပြောတယ် . . . ”
မိန်းမ၏ အထိတ်တလန့်ရေရွတ်သံ ထွက်လာ၏။
“ သြော် . . . နောက်မီးလေ . . .နောက်မီး . . . ”
“ မင်းနဲ့ ဘာဆိုင်လို့လဲ . . . ”  ..လူရွယ်ကဟောက်လိုက်သည်။
အောင်ဘာလေ တွန့်ခနဲဖြစ်သွားပြီး . . .
“ အဲ . . . ဟုတ် . . . ဟုတ်ကဲ့ . . . ဘာမှမဆိုင်ပါဘူး . . . ”ဟု ပြောပြီး ကုပ်ကုပ်ကလေး လှည့်ထွက်လာရသည်။
စိတ်ထဲကတော့ . . . “ သူတို့ကား ဘက်ထရီကုန်မှာစိုးလို့ အကောင်းနဲ့လဲ သတိပေးရသေးတယ်...” ဟု ရေရွတ်မိ၏။

****************************

သူသည် ရန်ကုန်မြို့ထဲသို့ ထွက်လာခဲ့ရပြန်သည်။ ခုအခါလည်း သူ့ကိစ္စမဟုတ်။
ရပ်ကွက်ထဲမှလူတစ်ယောက် မွတ်စလင်ဆေးရုံမှာ တက်နေသဖြင့် ထိုသူ၏အိမ်မှ ထမင်းပို့ခိုင်း၍ လာပို့ခြင်းဖြစ်၏။
အိမ်ကလူတွေ မအား၍ သူကပို့ပေးခြင်းဖြစ်ကြောင်း လူနာကိုပြောတော့ . . .
“ ဒီသောက်ကောင်မက ဘာတွေလုပ်နေလို့ မအားရတာလဲ . . . လူနာထက်များ ပိုအရေးကြီးတာရှိလို့လား .
. . ငါ ဆေးရုံတက်နေရတာနဲ့ အကြိုက်တွေ့ပြီး ငါ့ကွယ်ရာမှာ လင်ငယ်နဲ့ ချိန်းတွေ့နေသလားမသိဘူး . . . ”ဟု
လူနာက မဆီမဆိုင် သူ့ကို ဟိန်းဟောက်နေသေးသည်။
အောင်ဘာလေက . . .
“ မဟုတ်ပါဘူးဗျာ . . . အစ်ကို့မိန်းမက ဆေးဖိုးဝါးခအတွက် ငွေလိုလို့ သွားချေးရမှာမို့လို့ပါ . . . ဆေးတွေကလည်း ဈေးကြီးတယ်မဟုတ်လား . . . ဒါတောင်ဒီဆေးရုံက ကုသိုလ်ဖြစ်မို့လို့ တချို့ဆေးတွေ ၀ယ်စရာမလိုပဲ အလကားပေးလို့ သက်သာတာ . . . ညနေကျတော့ ဆက်ဆက်လာပါ့မယ်လို့ မှာလိုက်ပါတယ် . . . ” ဟု ချော့မော့ပြောပြီး ထမင်းကျွေးရသည်။
လူနာက လမ်းလျှောက်လို့မရသေးသဖြင့် သူသွားထားသောဆီးအိုးကို အောင်ဘာလေက သွန်ပေးခဲ့ရသေးသည်။

ဆေးရုံက ပြန်ထွက်လာပြီးနောက် အိမ်ပြန်ရန် ကားမှတ်တိုင်ဆီသို့ လျှောက်လာခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် မဟာဗန်္ဓုလလမ်းကိုဖြတ်ကူးမည် ပြုစဉ် ဟိုတစ်ခါ လမ်းတွဲကူးပေးခဲ့သော အဘွားကြီးကို ပလက်ဖောင်း
စွန်းမှာ ရပ်လျက် တွေ့ရပြန်သည်။ အဘွားကြီးမှာ ဟိုတစ်ခါကလိုပင် လက်ဝါးကလေးဖြင့် အလင်းရောင်ကိုကာရင်း လမ်းတစ်ဖက်သို့ ကြည့်နေသည်။
အောင်ဘာလေက ဟိုတစ်ခါကိစ္စကိုသတိရ၍ တစ်ချက်ပြုံးကြည့်ပြီး ဘေးမှ ဖြတ်အလျှောက်တွင် . . .
“ သားလေးရေ . . . အမေကြီးကို တစ်ခုလောက်ကူညီစမ်းပါ . . . ” ဟု အဘွားကြီးက လှမ်းပြောသည်။
ကူညီပါဆိုသော စကားကြားသောအခါ အောင်ဘာလေ ခြေလှမ်းတုံ့ပြီး ရပ်လိုက်၏။

“ ဘာလဲ . . . အမေကြီး . . . ”
“ အမေကြီး ဟိုဘက်လမ်းကူးချင်လို့ပါကွယ် . . . ကားတွေက ရှုပ်လွန်းလို့ . . . အဲဒါ တစ်ဆိတ် လောက် ကူညီပါလား . . . ”
“ ရပါတယ် အမေကြီးရဲ့ . . . ဒါပေမယ့် အရင်တစ်ခေါက်ကလိုတော့ ဟိုဘက်လမ်းရောက်တော့မှ
ဒီဘက်ပြန်ပို့ပေးပါဦးလို့ မလုပ်နဲ့ဦးနော် . . . ”
အောင်ဘာလေက ပြောလိုက်ရာ အဘွားကြီးခဏမျှ စဉ်းစားသလိုတွေဝေနေပြီးနောက် အောင်ဘာလေကိုမျက်လုံးမှေးပြီး သေသေချာချာကြည့်သည်။
ထို့နောက် ရယ်လိုက်ပြီး . . .
“ လက်စသတ်တော့ ဟိုတစ်ခါ လမ်းကူးဖို့ခေါ်သွားတာ ငါ့သားကိုး . . . ဟေး . . . ဟေး . . .
အဲဒီတုန်းက မင်းကလဲ လာအမေကြီးဆို ဆွဲခေါ်တော့ အမေကြီးလဲ ဘုမသိ ဘမသိ လိုက်ခဲ့တာပေါ့ . . .
ဒီတစ်ခါတော့တကယ် လမ်းကူးချင်လို့ပါကွယ် . . . မြေးမလေးက ကျောင်းဖွင့်ရက်ဆိုတော့ ကိုယ့်ဘာသာပဲ မုန်.ဟင်းခါး
သွားစားချင်လို့ပါကွယ် . . . ”
“ကဲ . . . ဒါဆိုလဲ လာ အမေကြီး . . . ”
အောင်ဘာလေက အဘွားကြီးကိုတွဲ၍ လမ်းတစ်ဖက်သို့ ကူးသည်။
လမ်းကူးရင်းကလည်း အဘွားကြီးမှာ .....  “ကျေးဇူးပါပဲကွယ် . . . ” ဟု တတွတ်တွတ်ပြောနေသေးသည်။

လမ်းတစ်ဖက် ပလက်ဖောင်းအနီးသို.အရောက်တွင် ကားတစ်စင်းကိုကွယ်၍ စောင့်နေသော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးမှာ ရုတ်တရက်ထွက်လာပြီး ရှေ့မှပိတ်ရပ်ရင်း ပြုံးပြုံးကြီး ဆီးကြိုနေလေသည်။
“ ကဲ . . . ဒီကားပေါ်တက်ကြပါ . . . ”
အောင်ဘာလေ၏ လက်မောင်းကိုကိုင်၍ ကားကိုညွှန်ပြရင်း ယာဉ်ထိန်းရဲက ပြောသည်။ အဘွားကြီးက ....
““နေပါစေကွယ် . . . ကားနဲ့ လိုက်ပို့စရာမလိုပါဘူး . . . အမေက သုံးဆယ့်ရှစ်လမ်းတင် သွားမှာပါ . . .”ဟု ပြောနေသေးသည်။ ယာဉ်ထိန်းရဲက . . .
“ လိုက်ပို့မလို့မဟုတ်ဘူးခင်ဗျ . . . မျဉ်းကြားက လမ်းဖြတ်မကူးလို့ အရေးယူမလို့ . . . ကဲ . . . တက်ကြပါ . . .
ဟိုကျမှ ဒဏ်ငွေဆောင်ကြပေါ့ . . . ””
အောင်ဘာလေမှာ အဘွားကြီးကို ကားပေါ်တွဲတင်ပေးရသေးသည်။ အဘွားကြီးမှာ ကားပေါ်မှာ လိုက်ပါလာရင်း . . .
“ဒုက္ခပါပဲ . . . ဒုက္ခပါပဲ . . . ”” ဟု ရေရွတ်နေသည်။
အောင်ဘာလေသည် သူ့ကိစ္စထက်အဘွားကြီးအတွက်သာ စိတ်ပူနေရသည်။
ခုလို အဆွဲခံရတာလည်း သူ့တာဝန်မကင်းဟုယူဆမိသည်။ လမ်းကူးရာမှာ သူက ဦးဆောင်ခေါ်ခဲ့တာကိုး။

ရုံးကိုရောက်တော့ အတော်ကြာစောင့်ဆိုင်းနေရပြီးနောက် ဒဏ်ငွေဆောင်ရသည်။
အောင်ဘာလေဆီမှာ သူ့တစ်ယောက်စာအတွက်တော့ ရှိသည်။ အဘွားကြီးဆီမှာက မုန့်ဟင်းခါးစားဖို့ ငွေဆယ့်ငါးကျပ်သာ ပါသည်။
အောင်ဘာလေအနေဖြင့် သူ့အတွက် သူဆောင်ပြီး ထွက်သွားလို့ရသော်လည်း အဘွားကြီးကို ပစ်မထားခဲ့နိုင်။
အဘွားကြီးအိမ်ကို သွားပြောပေးဖို့ စိတ်ကူးရသော်လည်း . . .
“ ဒီအချိန်ဆို အိမ်မှာ ဘယ်သူမှရှိမှာမဟုတ်ဘူး . . . ညနေကျမှ လူစုံပြန်ရောက်မှာ . . . ”ဟု အဘွားကြီးကပြောသဖြင့် ခက်နေပြန်သည်။
နောက်ဆုံး မတတ်သာသဖြင့် အဘွားကြီးအတွက် သူ့ရှိသည့်ငွေဖြင့် ဒဏ်ငွေဆောင်ပေးလိုက်သည်။
“ မင်းအတွက်ကျတော့ ဘယ့်နှယ်လုပ်မှာလဲ . . . ” ဟု အဘွားကြီးက မေးသေးသည်။
“ ကျွန်တော့်အတွက် မပူပါနဲ့ . . . ကြည့်လုပ်ပါ့မယ် . . . ” ဟု ပြောလိုက်ရသည်။
“အေးကွယ် . . . မောင်မင်းကြီးသား ကျေးဇူးပါပဲ . . . ဒီက ကိစ်္စပြီးရင် အမေကြီးတို့အိမ် ၀င်လာခဲ့ပါ .
စိုက်ပေးထားတဲ့ငွေ ပြန်ပေးပါ့မယ် . . . မဟာဗန္ဓုလပန်းခြံလမ်း အလယ်လမ်းမှာ ဒေါ်ကြင်လို့မေးရင် လူတိုင်းသိပါတယ် . . . ”

“ရပါတယ် အမေကြီးရယ် . . . အမေကြီးသာ ဒီကပြန်ရင် လမ်းကူးတာ မမှားပါစေနဲ့ . . . ကူးတဲ့အခါတစ်ယောက်တည်း မကူးနဲ့နော် . . . တစ်ယောက်ယောက်ကို တွဲခိုင်းဦး . . . ” ဟု အောင်ဘာလေက စိတ်မချသဖြင့် မှာလိုက်ရသေးသည်။
အဘွားကြီးကိစ္စပြီးတော့ သူ့ကိစ္စ စဉ်းစားရသည်။ တာဝန်ရှိသူကိုမေးကြည့်တော့ နိုင်ငံသားကတ်ပါလျှင်အပေါင်ထားခဲ့၊
ငွေပြန်ယူပြီးလာရွေးလို့ရသည်ဟု ပြောသည်။ ကံအားလျော်စွာ သူ့ဆီမှာ နိုင်ငံသားကတ်ပါသဖြင့်အပေါင်ထားခဲ့ပြီး ထွက်လာရသည်။

***************************************

တချို.လူများသည် စောရနက္ခတ်ခေါ် သူခိုးနက္ခတ်နှင့် ယှဉ်ပြီးမွေးသောကြောင့် သူများပစ္စည်းကို မခိုးရလျှင် မနေနိုင်ဟုဆိုသည်။
အောင်ဘာလေကတော့ ဘာနှင့်ယှဉ်ပြီး မွေးခဲ့သလဲမသိ။ ကူညီနက္ခတ်ဆိုတာ ရှိလျှင်တော့ အဲဒါနှင့်ယှဉ်ပြီး မွေးတာဟု ပြောရပေလိမ့်မည်။
မကူညီရမနေနိုင်အောင် တမင်တကာ လိုက်ရှာနေသောကြောင့်ပဲလား။
သူ့ကံဇာတာကိုက ကူညီစရာနှင့်ကြုံကိုကြုံရဖို့ ဖန်လာခဲ့သလားမသိ။
သွားလေရာမှာ ကူညီဖို့အခွင့်အလမ်းနှင့် ကြုံရသည်။

***************************************


မင်းလူ
ငိုအားနှင့်ရယ်အား
(၁၉၉၆၊ ဇွန်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis