၁။
နွေ၊ မိုး၊ ဆောင်း ရာသီ အလှည့်အပြောင်း နှစ်၊ လ၊ နာရီပေါင်းတွေ ဖြတ်သန်း
ကျော်လွှားခဲ့ချိန်၊ ကျွန်မ ဆရာ ဦးစိန်ဝင်းနှင့် အသိ အကျွမ်းမက ခင်မင်
ရင်းနှီးခဲ့တာ ကျွန်မ အသက် ၃၀ သာသာ ၃၂၊ ၃၃ အရွယ်၊ ဆရာက အသက်အစိတ် ၀န်းကျင်။ ဆရာ ကျွန်မထက် ၈ နှစ်နီးပါး ငယ်ပါတယ်။
လူထု သတင်းစာ မပိတ်ခင် ကာလတွေ ကျွန်မ မန္တလေး ဦးလေးလှ၊ ဒေါ်ဒေါ်မာတို့
လူထုတိုက် ခဏခဏ ရောက်တဲ့ အချိန်တွေပေါ့။ ပြောရရင် မန္တလေးမှာ ရီမြင့်
ရုပ်ရှင်ပိုင် နယ်လီ (ရီရီ)ဆီ အထုပ်ချပြီး ဒေါ်ဒေါ်မာတို့ဆီ သွားတည်းခို
ခဲ့တယ်။ ကျွန်မဘ၀ လူထုဦးလှ၊ ဦးလေးလှ ကျွန်မရဲ့ဒုတိယ ဖခင်၊ ဒေါ်ဒေါ်မာက
ဒုတိယ မိခင်။ ကျွန်မမေမေနဲ့ ဒေါ်ဒေါ်မာတို့ကလည်း အသက်ရွယ်တူတွေ။
လူထုတိုက်သွားတိုင်း၊ အရပ်မြင့်မြင့် ကိုယ်ဟန်သွယ်သွယ် အသားဖြူဖြူ
အရေပါးပါး၊ နဖူးကျယ်၊ နားရွက်ကားနှင့် မျက်လုံးအရောင် တောက်တောက်၊
အမြဲတမ်းလို ပြုံးနေတဲ့မျက်နှာကို မြင်တွေ့ရပါတယ်။
၁၉၆၄-၆၅၊ ၆၆
ခု၊ ၆၇ ခုနှစ်ထိ၊ မန္တလေးသို့ ခဏခဏရောက်ပါတယ်။ ဒီအချိန်တွေ ကျွန်မ
ဒို့တိုင်းဌာနီ လုံးချင်းဝတ္ထုရေးအပြီး တစ်နှစ်တစ်အုပ်နှုန်း၊ ဘ၀နှင့်
မုန်တိုင်း၊ ဥမ္မာ၊ ကံ့ကော်ဦး မိုးနှင့် ရေ ၀တ္ထုရေးခဲ့တဲ့အချိန်တွေပေါ့။
ဦးလေးလှ ကြေးနန်းရိုက်ခေါ်တိုင်း ကျွန်မ နှင့်မေမေ လေယာဉ်ပျံနှင့်အချိန်
ချုံ့လာခဲ့ရတဲ့ အချိန်တွေ။ ၁၉၆၇ ခုနှစ် လူထု သတင်း စာတိုက်
ပိတ်သိမ်းခံရပြီး-
“လူထုကိုစိန်ဝင်းနဲ့ အယ်ဒီတာ ၅ ယောက် အဖမ်း ခံရတယ်”
ကြားရပြီး-
“ထောင်ဒဏ် ၁၃ နှစ်၊ ကိုကိုးကျွန်း ပို့လိုက်တယ်”
“ကိုကိုးကျွန်းဆိုတာ”
ကျွန်မ မေမေနားထဲ စိမ်းနေပါတယ်။
“ဗမာပြည်တောင် ဘက်က “ကျွန်း” တစ်ကျွန်း လေ” လူငယ် တစ်ဦးက ရှင်းပြတယ်။
အဲဒီတုန်းက ကိုကိုးကျွန်း ဆိုတာ အဆန်းဖြစ်နေတာ။ ကျွန်မတို့ အံ့သြခြင်းမက အံ့သြနေမိပါတယ်။ လူထုတိုက်မှ လူငယ် တစ်ဦးက ဖြေတယ်။
“နိုင်ငံရေးအကျဉ်းသား တွေပဲထားတဲ့ ကျွန်းပေါ့”
ကျွန်မတို့ သားအမိ စိတ်မချမ်းမသာနှင့် ရန်ကုန်ကို ပြန်ခဲ့ကြပါတယ်။ ၁၉၇၆
ခုနှစ် ဆရာပြန်လွတ်လာတော့ ထောင်သက် ၉ နှစ်။ နောက် တစ်ကြိမ် ထောင်ဒဏ် ၎
နှစ်။ လွတ်လာတော့ ဆရာဦးစိန် ၀င်း ရန်ကုန်မှာ နေပါတယ်။ လူထုတိုက်ခွဲ၊ ၃၉
လမ်း ဒီက တည်းကနေခဲ့တာထင်ပါရဲ့။ ကျွန်မ ဆရာ့ဆီသွားတွေ့တော့၊ နုနု ဆရာ့ဇနီးက
ဆီးကြိုပါ တယ်။ မျက်ရည်တွေ ရစ်ဝိုင်း တဲ့မျက်လုံးအိမ်နှင့်။ ကျွန်မ
နုနုကို ပခုံးလှမ်းဖက် နှစ်သိမ့် တော့ နုနုက ကျွန်မ ပခုံးပေါ် မျက်နှာအပ်
ငိုရှာတယ်။
“မမဦးရေ ညာဘက် ကိုယ်တစ်ခြမ်း သေသွားပြီ”
“နုနုရေ ဆေးကုရင် ပြန် ကောင်းလာမှာပါ။ ဆရာ ငယ်သေးတာပဲ”
“ကိုစိန်ဝင်းက ဇွဲ ကောင်းတယ်။ ဒီလိုပဲ နုနု ဖြေရမှာပဲ”
ကျွန်မနောက်တော့ ကြားရသမျှ ဆရာဘယ် လက်နဲ့ စာရေးကျင့်နေသတဲ့ လေ။ အို ၀မ်းသာအားတက် စရာပါလား။
၂။
ဆရာစာတွေ ဆက်ရေးဆဲ သူ့အိမ်မှာ အင်္ဂလိပ်စကားပြော သင်တန်းဖွင့်သေးတယ်။ ကျွန်မ
ဆရာ့အိမ် ရောက်တော့ အိမ်မှာ စာရေးစားပွဲခုံ၊ ကုလားထိုင်တွေနဲ့
ကျောင်းသူကျောင်းသား အပြည့်ပဲ။ သူစာသင်တာ ခဏရပ်ပြီး ကျွန်မကို လာနှုတ်ဆက်
စကားပြောလေ့ ရှိပါတယ်။
“ဆရာ စာဆက်သင် ပါ။ ကျွန်မ ခဏလာတာပါ”
“မပြန်ပါနဲ့ ထိုင်ပါဦး။ စကားပြောစရာတွေ ပြောရ တာပေါ့”
ကျွန်မ အားနာပြီး ခဏ ခဏ မသွားတော့ဘဲ နေ နေရာ နုနုက တောင်ကြီး အထက်
တန်းကျောင်းအုပ် ဆရာမ အဖြစ် အလုပ်လုပ်ဆဲ၊ ကျွန်မကို ဧည့် သည်တွေ
ဖိတ်ခေါ်ကျွေးရင်း လှမ်းခေါ်ပါတယ်။ သည်တုန်း က ဧည့်သည်တွေကတော့ ဆရာဒဂုန်တာရာ၊
ဆရာဗန်း မော်တင်အောင်၊ ဆရာမြသန်း တင့် နောက်ပြီး စာပေအား သစ်ထုတ်တဲ့
လူငယ်တွေ၊ (ကို)အောင်ကျော်ဇော၊ ကျော် ဇောဦး(ဗိုလ်ချုပ်ကျော်ဇောသား တွေ)၊
ဘူမိဗေဒကျောင်းသား (ကို)တင်မောင်ဝင်း။ ဒီစာပေ အားသစ်က လူငယ်တွေကို ဆရာ
Guide (ဂိုက်) လိုင်းပေး ပါတယ်။ လူငယ်တွေ အပေါ် မေတ္တာစေတနာပွားများရုံမ
ကအကြံဉဏ်ပေးလေ့ရှိပါ တယ်။
အဲဒီတုန်းက ကျွန်မလုံးချင်းဝတ္ထု
စာပေအားသစ်က ထုတ်ခဲ့တာ (၁) အရုဏ်ဦးမှာ ပန်းသစ်ပွင့်တယ်၊ (၂)နေကြာ
မျက်နှာနေမျက်နှာ၊ (၃)အောင် ရဲ့အောင်၊ (၄) နန္ဒမည်သာ တို့ဖြစ်ပါတယ်။ ဘယ်ဘက်
လက်နဲ့ရေးတဲ့ ဆရာဦးစိန်ဝင်း (လူထု)စာတွေကတော့ အများ ကြီးပဲ။
ဝင်းဇော်နာမည်နဲ့ ရေး တာတွေကော၊ အလံမလှဲစ တမ်း၊ တောင်ဗီယက်နမ် ငရဲခန်းများ၊
အဖြူအ၀ါ(ဘာ သာပြန်)၊ ဆာယိုနာရာ ဆရာ အင်္ဂလိပ်စာသင်တန်းလည်း မရအရသင်သေးတာ။ စာ
ရေးဆရာမဂျူးရယ်၊ ကျွန်မ သမီးပုလဲရယ် ဆရာ့သင်တန်း တက်သေးတာ။ ဆရာက
အချိန်နည်းနည်းသင်ရုံရှိသေး။
ဘီစီမှာ Advance English (အင်္ဂလိပ်စာအဆင့် မြင့်သင်တန်း) တက်ဖို့ ဆရာ လမ်းညွှန်လိုက်တယ်။
ဆရာက လမ်းညွှန်မှု သိပ်ကောင်းပါတယ်။ ဂျူးနဲ့ ပုလဲတို့လည်းဗြိတိသျှကောင်စီ
(B.C) Advance English မှ နှင့် ကွန်ပျူတာ ၄ နှစ်လုံးလုံး သွားတက်ကြတာ။
အတော် အကျိုးရှိပါတယ်။ ကျွန်မ ဆရာ့တွေ့တိုင်း တစ်နေ့နေ့ ဆရာ
အတ္ထုပ္ပတ္တိရေးမယ် ပြောတော့-
“ကျွန်တော့်အကြောင်း ရေးမယ့်အစား ဆရာမဟာဆွေ
အကြောင်းရေးပါ။ ကိုအောင်တို့စာပေအားသစ် မှာ မဟာဆွေ(သို့မဟုတ်)ရဲရဲ
တောက်နေသူရိန် ကြော်ငြာ ထားတယ် မဟုတ်လား”
“မထွက်လောက်ဘူး ထင်တယ်။ ပြုံးစာပေက “မဟာဆွေရဲ့ မဟာဆွေ” စာအုပ်တင်တာ ခွင့်ပြုချက် မရဘူး”
“အဲဒါ ခက်နေတာပဲ။ ကိုလိုနီခေတ်က အကြောင်း တွေ ဘာဖြစ်လို့ မလွတ်ရမှာ လဲ။ ဆက်တင်ကြည့်ပါဦး”
ဆရာ သက်ပြင်းချနေတယ်။ ဒါပေ မဲ့ ဆရာ့အသံ တက်ကြွနေတယ်။ အသံက အောင်မြင်တယ်။ အောက်ဆီဂျင်နှင့် မနေရသေးတဲ့ ကာလတွေပေါ့။
၃။
ကျွန်မ ဆရာလင်းယုန်မောင်မောင် ရေးတဲ့ ချေဂွေဗားရား စာအုပ်ဖတ်ဆဲ-
“ဆရာပေးဆပ်မှုဟာ ချေတဲ့တောင် များတယ်။ ဒါ့ကြောင့် ရေးချင်တာ”
“တစ်မျိုးစီပေါ့ဗျာ”
ဆရာ ဦးစိန်ဝင်းက သူ့ကိုယ်သူ နှိမ့်ချတဲ့ လေသံနှင့် ပြောလိုက်တယ်။ ၁၃
သြဂုတ်လဟာ ဆရာ့မွေးနေ့လို့ စာရေး ဆရာမ မိချမ်းဝေပြောလို့ သိခဲ့ရပါတယ်။ သူ
ဆရာ့အိမ် သွားမလို့တဲ့။ ကျွန်မလည်း မှတ်မှတ်ရရ ကဗျာတစ်ပုဒ် အင်္ဂလိပ်
ဘာသာနဲ့ရေးပြီး ပေးပို့လိုက်သေးတယ်။
To Dear Saya,
"Heroe's Diary"
I ever appreciate you for your sacrifices,
I know many episodes minute by minute in prison.
All the victims suffered worst than the reign of terror.
Heroes in the pitch black, world of darkness.
I honoured,
The most valuable deeds. You have done.
I'm sure!
သူရဲကောင်းဒိုင်ယာရီ
ကျွန်မ ဆရာ့အနစ်နာခံ ပေးဆပ်မှု တွေကို အမြဲလေးစားတန်ဖိုးထားပါ တယ်။
အကျဉ်းထောင်ထဲ မိနစ်တိုင်းဖြစ် နေတာတွေ ကျွန်မ သိပါတယ်။
အနှိပ်ကွပ်ခံရသူများ ကြောက်မက် ဖွယ် ဥရောပ ပဒေသရာဇ်ခေတ် နှိပ်စက် မှုတွေထက်ပိုခံရပါတယ်။
ထောင်များမှာ နက်မှောင်တဲ့ အမှောင်ကမ္ဘာက သူရဲကောင်းတွေကို ဂုဏ်ပြုနေပါတယ်။
အကျဉ်းသား ရဲဘော်တို့ တန်ဖိုးကြီး လှတဲ့ လုပ်ရပ်တွေဆိုတာ သေချာလှပေါ့။
ခင်ဆွေဦး
(ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)
No comments:
Post a Comment