menu

Saturday 14 July 2012

“ပင်လယ်ထဲမှာ ရေရှိတယ်”(စိုးမင်း)

          အင်မတန်ချမ်းသာကြွယ်ဝပါတယ်ဆိုတဲ့ ၀ိသာခါတို့၊ အနာတပိဏ်တို့၊ ဇောတိကတို့၊ ဇဋိလတို့ရဲ့ ပိုင်ဆိုင်မှုတွေဟာ သည်ကနေ့ခေတ် အချိန်အခါအထိ အံ့ချီးမကုန်၊ မယုံချင်စဖွယ် ဖြစ်နေဆဲပါပဲ။ ဒါပေမယ့်လည်း သူတို့အမွေကို ဆက်ခံလို့ ကြွယ်ပိုးကြွယ်ဝ နေနိုင်သုံးနိုင်တဲ့ သားမြေးများရယ်လို့တော့ သိပ် မကြားမိခဲ့ပါဘူး။ အလွန်ဆုံးခံလှ မျိုးဆက် နှစ်ဆက် သုံးဆက်လောက်အတွင်းမှာ သူတို့ရဲ့ ဥစ္စာဓနတွေဟာ ပုံပြင်ကလေးတွေ ဖြစ်သွားပါလေရော။ ဒါကြောင့်လည်း ဥစ္စာဟူသည် မျက်လှည့်မျိုး လို့ ဆိုကြတာနေပါလိမ့်မယ်။ ဗုဒ္ဒဘာသာအယူအရတော့ သားသမီး မြေးမြစ်များမှာလည်းပဲ သူတို့နည်းတူ လှူတန်းဆုပန်ထားတဲ့ အထုံရေစက်ပါလေမှ မွေခံထိုက်စေဖြစ်ရတာကိုး။
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ။ နောင်လာနောက်သား မသိမမီလိုက်သူများအတွက်တော့ ဒဏ္ဍာရီဆန်ဆန် လျှံလန်နေအောင် ပြည့်စုံကြွယ်ဝသူတွေအကြောင်း သိလိုက်ကြားလိုက်ရတဲ့အခါ မစားရသော်လည်း ၀ခမန်း စိတ်ချမ်းသာရတာပေါ့လေ။ သည်ကရေးရေးနေတဲ့ စားကောင်းသောက်ကောင်း ရောက်တတ်ရာရာ အကြောင်းတောင်မှ ဖတ်ပြီး ဗိုက်ဆာလာသလို ထမင်းမြိန်ချင်သလိုလို ဖြစ်သေးတာပဲ မဟုတ်လား။ သူဋ္ဌေးအကြောင်းပြောတော့ ကိုယ့်မရှိသော်ငြား ပြည့်စုံတဲ့ ခံစားချက်ကလေးတွေ၊ သူတို့လိုပဲ ပြည့်စုံကုံလုံချင်လို့ ဒါနကလေး တတ်နိုင်သလောက်ပြုလိုက်မဟဲ့ဆိုတဲ့ သတိကလေးတွေ ၀င်လာတယ် ဆိုလည်း မဆိုးပါဘူး။ ရွှေစကားငွေစကားပြောတဲ့ ရွှေပါးစပ်ငွေပါးစပ်ကြီးကလည်း ကျက်သရေ မင်္ဂလာကလေး ကိန်းအောင်းလာတာပေါ့။ (ပေးပါကမ်းပါ တောင်းတာရမ်းတာမှ မဟုတ်ပဲနော့)။ တို့ဘိုးတို့ဘွားများ ဘယ့်ဂလောက်ချမ်းသာသလဲ အထုပ်ထွာပြတဲ့အခါ တို့အားလုံးနဲ့ သက်ဆိုင်သွားအောင် အကြီးတကာ့တကြီးဆုံး အထုပ်အထည်ကြီးဖြစ်အောင် နိုင်ငံနဲ့ချီပြီး စကားပြောလိုက်ကြပါစို့ရဲ့ဗျာ။ ကျုပ်တို့ မြန်မာပြည်ကြီး ကြွယ်ဝချမ်းသာသမျှ ထုတ်ကြွားပလိုက်မယ်လေ။ ဓါးပြတော့ လာမတိုက်ကြေး။ (တိုက်ချင်ရင်လည်း လက်ထောက်ချလိုက်ရတာပ။ အဲဒါတွေက ဘယ်သူ့ဆီမှာပဲ ရှိသလဲတောင် မသိဘူးလား။ အ ချက်နှယ်။ ငါ .. တယ်။ အိမ်လိုက်ပြလိုက်ရ)။
          အရင်တုန်းက မြန်မာ့အသံကနေ ဖြူသီတို့အဖွဲ့ သံပြိုင်ဆိုထားတဲ့ သီချင်းကလေးတစ်ပုဒ် တော်တော်ကောင်းတယ်ဗျ။ “တွင်းထွက် ကျောက်စိမ်း နီလာ ပတ္တမြား၊ ကမ္ဘာမှာကျော်ကြား မြန်မာ့ရတနာများ၊ ခဲမဖြူ အဖြိုက်နက် ကြေးနီရိုင်းစုံစွာ..” ဆိုတာလေ။ ကျောက်မျက်က ကြော်ငြာတိုင်းဖွင့်ပြလေ့ရှိပါတယ်။ “ရတနာ မြေမှာ ရှာစို့လား” တဲ့။ မြန်မာတွေပိုင်တဲ့ မြေပေါ်မြေအောက် သယံဇာတတွေဆိုတာ ဘယ်မှာ နည်းလိမ့်မလဲဗျာ။ ခေတ်အဆက်ဆက် သုံးမကုန် ဖြုန်းမကုန်လို့တောင် ပြောလို့ရတယ်။ (ကိုယ်မသုံးရပေမယ့် သုံးနိုင်သူတွေ သုံးသွားဖြုန်းသွားတာကိုပဲ မုဒိတာ ပွားလိုက်ကြပါစို့ ပိတ်သတ်ကြီးရယ်)။ ကိုယ့်မရှိတာနဲ့ တိုင်းပြည်မရှိဘူး မထင်ပါနဲ့။ မြန်မာပြည်က မထွက်တဲ့သယံဇာတဆိုတာ ကြားဖူးရင် ပြောပြစမ်းပါ။ အဲဒါတွေ ဆက်ကြွားရင် လျှာပါ အလျားလိုက်ထွက်သွားမယ်။ သူသူကိုယ်ကိုယ် သိပြီးသားတွေကို လေကုန်မခံတော့ပါဘူး။ အခုတစ်ခါတော့ ရတနာ မြေမှာ မရှာတော့ပဲ ပင်လယ်ကြီးထဲကို ဆင်းရှာကြည့်ကြရအောင်နော်။ ဘာပြုလို့ဆိုတော့ ကိုယ့်မြန်မာလူမျိုးတွေဟာ ပင်လယ်ကြီးနဲ့တော့ နည်းနည်းများ စိမ်းနေသလားလို့။ ကျုပ်တို့ဆီက ပင်လယ်ကြီးအောက်မှာလည်း သဘာဝသယံဇာတတွေ မကုန်နိုင်မခန်းနိုင်အောင် ကျန်ပါသေးတယ်ဗျို့။ အဲဒါကြောင့် လူတွေကို လအကြီးတွေ မှတ်လို့ ရေလက်ညှိုးထိုးပြီး မိုးမီးလောင်မတတ် တရားတဘောင်ခင်းလို့ တောင်းသွားတာပေါ့ဗျာ။
          မဆလတစ်ခေတ်လုံး ရေလဲနဲ့သုံးပြီး ခိုင်းစားသွားတာကတော့ မြေကြီးက ရွှေသီးရမည်ဆိုပြီး မြန်မာနိုင်ငံကို စိုက်ပျိုးရေးနိုင်ငံအဖြစ် စီမံကိန်းတွေ လျာထားချက်တွေနဲ့ လက်မှုလယ်ယာမှသည် စက်မှုလယ်ယာသို့ဆီတဲ့။ ပင်လယ်ထဲကထွက်တဲ့ သယံဇာတတွေကိုတော့ သိပ်ပြီးထဲထဲဝင်ဝင် မသိခဲ့ကြပါဘူး။ ပင်လယ်ထဲမှာ ရေရှိတယ်လောက်ပဲ သဘောထားကြပါတယ်။ ရှိလည်း သောက်လို့ရတာမှ မဟုတ်ပဲ။ အလကား သောက်လေ သောက်လေ ငတ်မပြေနဲ့။ ဒါပေမယ့် အဲသည်ဆားငံရေကိုပဲ ဆားချက်မယ်ဆို မထွက်ပါလား။ အကြံကုန် ဂဠုန်ဆားချက်တဲ့။ အဲသည်ရေတွေပေါ်မှာပဲ သင်္ဘောကြီးတွေနဲ့ ခရီးဆန့်တဲ့အခါ ကုန်းပေါ်မှာလို တောင်ကိုကျော်လို့ တောကိုဖြတ်စရာမလို၊ လမ်းဖောက်၊ တံတားဆောက် ရှောင်ကွင်းလမ်းတွေ မရှိလည်း ဖြောင့်ဖြောင့်တန်းတန်း ခရီးဆက်လို့ ရပါတယ်။ လှိုင်း နဲ့ လေကို အဆင်ပြေအောင် ပဲ့ကိုင်နိုင်ရင်ဖြင့် ကမ္ဘာပတ်လို့တောင် ရတယ် မဟုတ်ဘူးလား။ ကမ္ဘာကြီး လုံးတဲ့သက်သေဟာ စာသင်ခန်းထဲမှာ အယူအဆနဲ့ ထုတ်ဖော်ခဲ့တာ မဟုတ်ပါဘူး။ ပင်လယ်ကြီးကိုဖြတ်ပြီး သင်္ဘောစီးခဲ့လို့ သိသွားတဲ့ အတွေ့အကြုံတစ်ခုသာ ဖြစ်ပါတယ်။ ပင်လယ်ပြင်ကြီးဟာ ဘုရားသခင်ဖန်ဆင်းတဲ့ ကမ္ဘာကြီးရဲ့အဆုံးသတ်တနေရာ၊ ဧဒင်ဥယျာဉ်၊ ကောင်းကင်ဘုံ နဲ့ ငရဲပြည်တွေကို ဒဏ္ဍာရီထဲပို့ပစ်ပြီး လူသားတို့နေထိုင်ရာ ကမ္ဘာဂြိုလ်ကြီးကို ပကတိအတိုင်း မြင်စေတဲ့အသိကို ပေးသွားခဲ့ပါတယ်။ လေးကျွန်းတမြင့်မိုရ် မေယုဗဟို၊ ယုဂန္ဓိုရ်တွေနဲ့ အဋ္ဌကထာကျမ်းလာ မြန်မာလူမျိုးတွေရဲ့ ကမ္ဘာမြေပုံကြီးကိုလည်း အများနဲ့ စံကိုက်သွားအောင် ညှိဖို့ရာ ပင်လယ်အကြောင်းကို အခုထက် နှိုက်နှိုက်ချွတ်ချွတ် ပိုသိလာရင် ကောင်းပါလိမ့်မယ်။
          ဘူတန်လို ကုန်းတွင်းပိတ်နိုင်ငံကို ရောက်တဲ့အခါမှာ ကိုယ့်တိုင်းပြည် နယ်နိမိတ်တလျှောက်မှာ ပင်လယ်ပြင်ကြီး ရှိခြင်း မရှိခြင်းရဲ့ တန်ဖိုးကို လက်တွေ့သိလိုက်ရပါတယ်။ လွတ်လပ်တဲ့ ပဒေသရာဇ်နိုင်ငံတစ်ခု ဖြစ်လင့်ကစား ကုန်သွယ်ရေး၊ ဆက်သွယ်ရေး၊ နိုင်ငံတကာဆက်ဆံရေးတွေအတွက် အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယနိုင်ငံအပေါ်မှာ လုံးဝဥဿုံ မှီခိုနေထိုင်ရပါတယ်။ ဘူတန်ဆရာဝန်ကလေးတစ်ယောက် ပြောဖူးတာကတော့ “အိန္ဒိယနိုင်ငံဟာ လက်ရှိနေရာက တစ်လက်မ ရွေ့သွားရင် ဘူတန်က သူ့ဘာသူ မရပ်တည်နိုင်တော့ဘူး။” လို့ ဆိုပါတယ်။ သူပြောတာက ပြည်ပအားကိုးပြီး ကိုယ့်တိုင်းပြည်ကိုယ် အထင်သေးတဲ့သဘောမျိုး မပါပါဘူး။ လက်ရှိ သူတို့နိုင်ငံမှာ ဘိနပ်ကစ အပ်အဆုံး သွင်းကုန်ပစ္စည်းအားလုံး အိန္ဒိယကသာ တင်သွင်းလာတာကိုး။ ဘာသာရေးနဲ့ ပတ်သက်တဲ့ အသုံးအဆောင် အနည်းအကျဉ်းသာ တိဘက်က၀င်လာပြီး နိုင်ငံရဲ့ ငွေကြေးစံနစ်ကိုတောင် အိန္ဒိယရူပီးနဲ့ တစ်ကျပ် တစ်ကျပ်ချင်း တန်းညှိပြီး နိုင်ငံအနှံ့ လက်ခံသုံးစွဲပါတယ်။ အဲသလိုဆိုတော့ သူ့နိုင်ငံကထွက်ကုန်တွေ ပြည်ပတင်ပို့ဖို့ရာလည်း အိန္ဒိယကမှ မပို့ရင် ဘယ်ကမှ ပို့လို့ မရတော့ဘူးပေါ့။ ပြောချင်တာကတော့ ပင်လယ်ကမ်းရိုးတမ်းနယ်နိမိတ်ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အချာ အာဏာကိုတောင် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုတွေ ရှိစေပါတယ်။
          ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ သဘာဝကမ်းရိုးတမ်း မိုင်ပေါင်းများစွာ ပိုင်ဆိုင်ထားတာ နိုင်ငံတည်ဦးစ သမိုင်းရာဇ၀င်တင်ကတည်းကပါပဲ။ ဘင်္ဂလားပင်လယ်အော်ကို အရှေ့တစ်ခြမ်း အုပ်ပေးထားတဲ့ ရခိုင်ကမ်းမြှောင်ဒေသ၊ မုတ္တမကွေ့အထိ ၀ိုက်တက်သွားတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ကပ္ပလီပင်လယ်ပြင်ကို အနားသတ်တဲ့ တနင်္သာရီကမ်းမြှောင်ဒေသ။ အဲသည်ကမ်းရိုးတန်း ကမ်းမြှောင်တွေကနေ ပင်လယ်ကြီးထဲကို ဆင်းသွားတဲ့ မြန်မာ့ရေပိုင်နက်တွေရဲ့
တန်ဖိုးကို မြန်မာဘယ်နှစ်ယောက်ကများ ရေရေရာရာ သိပါလိမ့်လို့ မေးကြည့်ချင်ပါတယ်။ ပင်လယ်ထဲက ကျွန်းသေးသေးကလေးမို့ မြေတန်ဖိုးသိပ်ရှိမှာမဟုတ်ဘူးလို့ထင်ရင် မှားသွားပါလိမ့်မယ်။ စင်္ကာပူကျွန်းကလေးနဲ့ မလေးရှားကျွန်းဆွယ်ကြီးဟာ ပင်လယ်ပြင်တနေရာတည်းမှာ မလှမ်းမကမ်း တည်ရှိနေတာချင်းတူပေမယ့် ဘာတွေကွာသလဲ ပြောစရာတောင် မလိုပါဘူး။ ဟောင်ကောင် နဲ့ ထိုင်ဝမ်ကျွန်းတွေဟာ နိုင်ငံရေးအရ ဘယ်လောက်အရေးပါခဲ့သလဲဆိုတာလည်း တရုတ်ပြည်မကြီးရဲ့ သမိုင်းကိုဖတ်ဖူးတဲ့အခါ သိနီုင်ပါလိမ့်မယ်။ နယ်သာလန်နိုင်ငံဟာ ပင်လယ်ဘက်ကို တာတမံတုတ်ပြီး မြေကိုချဲ့ချဲ့သွားတဲ့အတွက် သူ့နိုင်ငံရဲ့ တချို့မြို့တွေ ရွာတွေဟာ ပင်လယ်ရေမျက်နှာပြင်အောက်ကို နိမ့်ဆင်းနေတဲ့အတွက် ပြင်သစ်တွေက သူတို့ဘာသာနဲ့ Pays Bas မြေနိမ့်တိုင်းပြည် လို့ အမည်ပေးထားပါသတဲ့။ (တို့ဆီမှာလို ရေမြောင်းတွေကနေ ရေတွေလျှံလျှံတက်လာမယ်ဆို ခက်ရချည်ရဲ့)။ ကိုယ့်ဆီမှာလည်း Water World ရုပ်ရှင်ဇာတ်ကားထဲကလို ပင်လယ်ပြင်ပေါ်မှာ ဂျစ်ပစီတွေလို သွားလာကျက်စားတဲ့ ဆလုံတိုင်းရင်းသားတွေ သည်ကနေ့အထိ ရှိနေဆဲပါပဲ။ မြိတ်ကျွန်းစုတစ်ခုလုံးက ကျွန်းကြီးကျွန်းငယ်ကလေးတွေဟာ သဘာဝတရားက မြန်မာ့ပြည်ထောင်စုသားတွေအတွက် ပေးထားတဲ့ ကမ်းလွန်မြေသားလက်ဆောင်ကလေးတွေ မဟုတ်ပါလား။ သူ့ကိုမှီပြီးတော့မှ ပတ်ဝန်းကျင်တခွင်တပြင်မှာ ဂေဟစံနစ်တွေနဲ့ ရှင်သန်ကြီးပြင်းရတဲ့ ရေအောက်သယံဇာတတွေ လေ့လာလို့ မကုန်သေးပါဘူး။
          ကဲ ပင်လယ်ပြင်ကြီးနဲ့ သူ့အထဲကရေပဲ ရှိသေးတယ်။ ရေထဲမှာ ဘာတွေရှိသေးသလဲ။ ငါးတွေ ပုဇွန်တွေ ရှိတယ် မဟုတ်ဘူးလား။ အညာကလာတဲ့ ရန်ကုန်သားဆိုတော့ ရေသတ္တ၀ါဆို အဲသည်နှစ်မျိုးလောက်ပဲ သေသေချာချာ ကြားဖူးခဲ့တာလေ။ တကယ်တမ်းကျတော့ Sea food လို့ခေါ်တဲ့ ပင်လယ်စာတွေက အမျိုးအမည် အရည်အသွင် စုံလင်လွန်းလို့ ကုန်းသတ္တ၀ါတွေထက်ကို ပိုများပါတယ်။ ပြည်ကြီးငါး၊ ရေဘ၀ဲ၊ ကင်းမွန် နဲ့ ရေကြက်ဆိုတာ အတူတူပဲမဟုတ်ဘူးလားလို့ မေးမိတော့ ရခိုင်ကလူတွေက ရယ်ပါတယ်။ ဂုံး၊ ရှပ် နဲ့ ကမာကလည်း မတူပြန်ဘူး။ အဲဒါတွေအားလုံး အမ်းကိုရောက်တော့မှ ခုံခုံမင်မင် စားဖူးပါလေတယ်။ မရွပ် လို့ခေါ်တဲ့ စေတီပုံခရုကလေးတွေကလည်း စားလို့ကောင်းတာပဲ။ ရေခူ၊ ရေညှိ ဆိုတာလည်း စားစရာပဲလေ။ ပင်လယ်ငါးလို့ အားလုံးခြုံပြီးခေါ်လိုက်ပေမယ့် ငါးတစ်မျိုးနဲ့တစ်မျိုးဟာ အနံ့အရသာ အဆီအနှစ်ချင်းက တစ်ဘာသာစီကွဲပြားပြီး သူ့သာနဲ့သူ အကောင်းဆုံးဆိုတာတွေ နံမယ်ကျော်တာရှိပါတယ်။ ကာဗီးယားငါးဥတို့၊ ငါးမန်းတောင်တို့လို ကမ္ဘာကျော်တာတွေ ရှိသလို (အမ်းမှာတော့ မရဘူးနော်) ကိုယ့်ဘာသာ ကြိုက်နှစ်သက်တဲ့ ငါးဖယ်ငါးဆုပ်၊ ငါးမုတ်ကျော်၊ ငါးသလောက်ဥ၊ ငါးရံ့အူ၊ ငါးခူစင်းကော၊ ငါးရွှေမုန့်တီ၊ ဘာမဆို စားလို့မကောင်းတာမှ မရှိပဲနဲ့။ ဂဏန်းတွေကလည်း အရွယ်အစား အမျိုးမျိုးရှိရတဲ့အထဲ အနှဲလို့ခေါ်တဲ့ အရေခွံလဲစ ဂဏန်းပျော့ကလေးတွေကိုမှ ရွေးစားကြပါသေးတယ်။ အခွံပါ ၀ါးစားလို့ ရတာကိုး။ ဖရွန်းဆွားဗာတဲလ် လို့ခေါ်တဲ့ ကမ္ဘာကျော် ပြင်သစ်စားဖိုမှူးကြီးက လူဝီ၁၄ ဘုရင်မင်းမြတ်ကို တည်ခင်းဧည့်ခံတဲ့ သမိုင်းဝင် ညစာစားပွဲကြီးမှာဆိုရင် ပိုဆိုက်ဒွန်နဲ့ ရွေဖော်တသင်း ပျော်ပါးခြင်း ပင်လယ်ဟင်းလျာများနဲ့ အံ့ဖွယ်သရဲတင်ဆက်မှုဟာ ကမ္ဘာမှာဘယ်ခါမှ တုပလို့ မရနိုင်စရာအဖြစ် ပြင်သစ်ရာဇ၀င်တွေထဲမတော့ မှတ်တမ်းတင်ထားသဗျ။ ဒါတောင် တစ်ညသိပ် ရေခဲရိုက်ငါးတွေနဲ့သာ ဖြစ်သလို ချက်ပြုတ်ဧည့်ခံလိုက်ရတာမို့ အရှက်မွှန်သွားတဲ့ ဗာတဲလ်ကြီး နောက်တနေ့မှာ သူ့ကိုယ်သူသတ်သေသွားတယ် လို့ အရင်စာတွေတုန်းက ပြောခဲ့ဖူးပါတယ်။ ပင်လယ်စာဆိုတာ ပင်လယ်ကမ်းခြေမှာသာ စားအကောင်းဆုံးဆိုတာတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ အဲလိုမျိုး ပင်လယ်ကမ်းခြေမှာ ပင်လယ်လေညှင်းကလေးခံရင်း ပင်လယ်စာတွေ စားရတဲ့ စည်းစိမ်ခံစားနိုင်ဖို့ ပင်လယ်ကမ်းခြေ အပန်းဖြေစရာစခန်းတွေကလည်း မြန်မာပြည်မှာ နည်းတော့ မနည်းလှပါဘူး။ ငပလီ၊ ချောင်းသာ၊ ငွေဆောင်၊ ကမ်းသာယာ၊ စက်စဲ နဲ့ မောင်းမကန်ဟာ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းအတွက် ရေထဲကပေါက်လာတဲ့ ပဒေသာပင်ကြီးတွေပါပဲ။ သူ့ကိုမှီပြီးတော့မှ အလုပ်အကိုင် အခွင့်အလမ်းတွေကလည်း လန်းဆန်းသီးပွင့်ရတာပေါ့။
          ပင်လယ်ကမ်းခြေဆိုတာ အပန်းဖြေစရာတစ်ခုတည်း အသုံးဝင်တာတော့ မဟုတ်ပါဘူး။ ကုန်သွယ်မှုလုပ်ငန်းအတွက်လည်း ဆိပ်ကမ်းအဖြစ် အရေးပါပြန်ပါသေးတယ်။ အလောင်းဘုရားလက်ထက်က ရွှေတိဂုံဘုရားဖူးနိုင်အောင် မြို့တည်ထားတဲ့ ရန်ကုန်ဟာ အင်္ဂလိပ်လက်အောက်ရောက်တော့ မြန်မာနိုင်ငံရဲ့ မြို့တော်အဖြစ်ကိုရောက်သွားရတဲ့ အဓိကအကြောင်းရင်းက ပင်လယ်ကူးသင်္ဘောတွေဆိုက်ကပ်နိုင်တဲ့ ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်နေလို့သာပါ။ မသိသူတွေ ကျော်သွားခဲ့တဲ့
မြန်မာ့ကမ်းရိုးတန်းတလျှောက်က ရေနက်ဆိပ်ကမ်းတွေကို ဘယ်သူမှ မသိသေးခင် ရသလောက်ဖော်စားဖို့အတွက် ယိုးဒယားတွေ လက်သျှိုဝင်လာတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုတာရှိတယ်။ စစ်တွေဆိပ်ကမ်းကတဆင့် ကစ္ဆပနဒီကိုဆန်ပြီး ပလက်ဝတိုင်အောင် ရေလမ်းထွင်လို့ အဲသည်ကမှ အိန္ဒိယက ကုန်းတွင်းပိတ် မီဇိုရမ်ဒေသအထိ ကားလမ်းဖောက်ပြီး ကာလကတ္တားကထွက်ကုန်တွေ အချိန်တိုနဲ့တင်ပို့နိုင်ဖို့ ကုလားတန်မြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းကြီးကိုလည်း သိသာသိစေ မမြင်စေနဲ့သဘောနဲ့ တချိန်ကျမှ ဘွားကနဲ ဟာကနဲ ဟင်ကနဲ အံ့သြသွားစေအောင် ကျိတ်ပြီး ဆောင်ရွက်နေကြပါသတဲ့။ ဘာဘူကြီးတွေ ခြေပုန်းခုတ်တာနဲ့အပြိုင် ပေါက်ဖော်ကြီးတွေကလည်း ကျောက်ဖြူကနေ ကူမင်းမြို့အထိ ဓါတ်ငွေ့ပိုက်လိုင်းကြီးနဲ့အတူ မီးရထားလမ်းကြီးပါ ငွေကုန်ကြေးကျခံပြီး စေတနာအရင်းခံနဲ့ ဖောက်ပေးဦးမှာတဲ့ဗျာ။ ကိုယ့်အိမ်နီးချင်းတွေ ဘယ့်ဂလောက် သဘောကောင်းသလဲ အခုမှပဲ သဘောပေါက်မိတော့တယ်နော်။
          အဲသလောက်ရေးပြနေတာတောင် မကုန်နိုင်မခန်းနိုင်သေးတဲ့ ရေအောက်သယံဇာတတွေထဲမှာ သန္တာကျောက်တန်းတွေ၊ ပုလဲရတနာတွေအပြင်မှာ ကမ်းလွန်ရေနံနဲ့သဘာဝဓါတ်ငွေ့တွေကလည်း အလျှံပယ်ထွက်နေပါသေးသတဲ့။ ဘယ်လောက်များ ထွက်နေတာမို့လဲလို့ ကိုယ့်ကိုယ်ကိုယ် အထင်သေးနေသူတွေ အံ့သြသွားအောင် ပြောပြရရင် ၂၀၀၈ ခုနှစ် အာရှပစိဖိတ်ဒေသမှာ ပိုက်လိုင်းနဲ့ပို့တဲ့ သဘာဝဓါတ်ငွေ့တင်ပို့သူနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ပထမစွဲပါသတဲ့။ တစ်ကမ္ဘာလုံးမှာစဉ်လိုက်ရင် နံပါတ် ၁၁ လို့ဆိုပါတယ်။ အကျိုးနည်းကွယ်။ ကြွားလိုက်ရတာ။ ရှက်တောင်လာပြီ။ ရေအဆုံး ကုန်းတစ်ဝက် ဆိုတဲ့စကားနဲ့ပြောရမယ်ဆိုရင် ရေထဲကပစ္စည်းမို့ အဆုံးထားတွက်တဲ့ဟာတွေတောင် အဲသလောက်တန်ကြေးရှိတာမို့ ကိုယ်နဲ့တစ်ဝက်ဆိုင်တဲ့ ကုန်းပေါ်က မြေပေါ်မြေအောက်သယံဇာတတွေ ဆိုရင်တော့ ဘာပြောကောင်းမလဲနော်။ အတည်ကြီးပျက် မဟုတ်ပါဘူးဗျ။ အနေစုတ်ပေမယ့် ရွှေထုတ်တဲ့မြပုဝါတွေပါ။ ဒါကို မနာလိုသူတွေက သွေးထိုးစကားပြောတဲ့အခါ ကျုပ်တို့ ရွှေပြည်ကြီးကို အဆင်းရဲဆုံးနိုင်ငံပါလို့ မှိုချိုးမျှစ်ချိုး အမနာပ ပြောလားပြောရဲ့။ အမြဲတမ်းအနစ်နာခံကြရှာသူ ခေါင်းဆောင်ကြီးတွေကပဲ မြန်မာ့သယံဇာတတွေကို လက်ဝါးကြီးအုပ် ကိုယ်ကျိုးအတွက်သုံးစွဲပြီး အဲသည်ကရတဲ့ လက်နက်အင်အားနဲ့ တိုင်းသူပြည်သားတွေကို မတရားအနိုင်ကျင့်နှိပ်စက်နေကြလို့ အာဏာရှင်သက်ရှည်နေတာဖြစ်တယ်လို့ သွေးထိုးပေးပြီး သယံဇာတကျိန်စာဆိုတဲ့ အယူအဆသစ်တစ်ရပ်ကို ရေပေါ်မှာ အရုပ်ရေးလာပါတယ်။
          တရားဥပဒေစကားနဲ့ ချေပရမယ်ဆိုရင် လူတဘက်သားကို ကိုယ့်ထင်မြင်ယူဆချက်တွေနဲ့ စွဲချက်တင်၊ အဲဒီအယူအဆခိုင်လုံကြောင်း အတွေးအခေါ်နဲ့သက်သေပြ၊ ကိုယ်နဲ့အတွေးအမြင်တူသူတွေကို ဟုတ်တယ်မဟုတ်လား ဦးလေးရယ်။ ဟုတ်တာပေါ့ ငါ့တူရယ် နဲ့ ကောက်ချက်တွေဆွဲပြီး အဲသည်ကောက်ချက်နဲ့ အစွပ်စွဲခံရသူတွေကို အပြစ်ပေးလို့ မရပါဘူး။ သယံဇာတတွေထွက်တာတော့ မှန်ပါရဲ့။ အဲဒါတွေကို သူတို့စိတ်တိုင်းကျ တူးယူဖော်ထုတ်နိုင်ဖို့အတွက် တစ်နှစ်တစ်နှစ်ကို ဒေါ်လာသန်းပေါင်း ဘယ်လောက် လာဘ်ထိုးရပါတယ်ဆိုတဲ့စကားဟာ တရားရုံးမှာ သက်သေခံလို့မှ မရပဲနဲ့။ ဘယ်မှာလဲ ငွေလက်ခံဖြတ်ပိုင်း။ ဘောက်ချာမပါရင် စာရင်းစစ်ကတောင် လက်ခံသလား ပြော။ ကျုပ်တို့ဆီက ဂီးဆောင်ကျောင်းတွေ တကယ် ချမ်းသာ၏ မချမ်းသာ၏ဆိုတာ ကိုယ်လည်းမြင်ရတာ မဟုတ်ဘူးလေ။ မင်္ဂလာဆောင်အခွေထဲက ဆီးဖြူသီးလောက် စိန်လုံးကြီးတွေက ဖန်စီတွေပါဆိုရင် ဘာနဲ့ သက်သေပြမလဲ။ ငှားဝတ်ထားတာလို့ အခိုင်အမာပြောတဲ့သူတွေလည်း ပြောနေကြသားပဲ။ သံသယ၏ အကျိုးဆိုတာ တရားခံသာလျှင် ခံစားခွင့် ရှိပါသတဲ့။ ကိုယ်ဆိုတဲ့ကိုယ်တောင်မှ သူတို့ထီးရပ် စည်းစိမ်ရိပ် အနားသီဖို့နေနေသာသာ အောက်တန်းစားထဲမှာ ပါတဲ့အစားမို့လို့ အခုလို အမ်းမှာ ရွာငယ်ဇနပုဒ် မီးကလေးမှိတ်တုတ်နဲ့ လကုန်ရက်ကလေး မျှော်မျှော်စားနေရတယ်။ အဲလိုဆိုတော့ မသိမမြင်မကြားတာတွေကို စိတ်မှန်းနဲ့ ဘာလို့ အကုသိုလ် ယူနေတော့မှာလဲ။ သိသမျှ ကြားသမျှကလေးတွေကိုပဲ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ် လို့ ဖောက်သည်ချရသေးတာပ။
          မနေ့ကဆေးရုံကို လူနာတစ်ယောက်ရောက်တယ်ဗျ။ ဟစိဟစိ လို့ပြောရမလား။ ဖုတ်လှိုက်ဖုတ်လှိုက် လို့ပြောရမလား။ မသေမရှင် လို့ ပြောရမလား အတူတူပဲ။ ဆီးမပေါက်တာ တော်တော်ကြာပြီး ဖောဖောယောင်၊ ဟောဟဲလိုက်နေတော့မှ အရပ်ထဲကလူတွေက ထော်လာဂျီတစ်စီးပေါ် တင်ပေးလိုက်ပြီး ဆေးရုံမှာ ဖုတ်ကနဲလာချသွားတာ။ ရာဘာဘိနပ်နောက်မီးပြတ်ကို သဲကြိုးအစုတ် အနီတစ်ဘက် အပြာတစ်ဘက် တွယ်ချိတ်နဲ့တည်းစီးထားတဲ့ မိန်းမလုပ်သူမှာ ဆေးကုစရာ ပိုက်ဆံ ၁၅၀၀ တော့ ပါလာသတဲ့။ ဒါမျိုးတွေက မထူးဆန်းဘူး။ စောဖေတို့က နောကျေနေပြီ။ တစ်ပတ်တစ်ယောက်လောက်တော့ ပေါက်နေကျမဲ။ မရှိရှိတာနဲ့ တတ်နိုင်သလောက်ကုပေးလိုက်။ ပျောက်ချင်လည်းပျောက်သွားမယ်။ ရှောချင်လည်းရှောသွားမယ်။ အခုမရှောလည်း နောက်တစ်လလောက်ကြာရင် ခုလိုပဲ ပြန်လာရဦးမှာ။ လူချင်းမျက်မှန်းတန်းမိလို့
ဖောက်သည်တွေတောင် ဖြစ်နေပြီ။ ရောဂါအကြောင်း နားဝင်အောင်ရှင်းပြဖို့ ကျန်းမာရေးပညာပေးဖို့ မစဉ်းစားနဲ့ သူတို့က ကိုယ့်ထက် ပိုသိတယ်။ ခံစားလာရတာ ကြာလှပြီ။ ကြာတော့လည်း ထုံလာတယ်ထင်ပါရဲ့။ ရုပ်ရှင်တွေ ၀တ္ထုတွေထဲမှာလို “ဆရာရယ် ကျွန်မယောင်္ကျားကို ကယ်ပါဦး။ အားကိုးပါရစေ။ ဆရာပေးတဲ့အသက်ပဲရှိပါတော့တယ်”တွေ ဘာတွေ မလာနိုင်တော့ဘူး။ လူနာရော လူနာရှင်မိန်းမရောဟာ ပါးစပ်ကပြောမထွက်ပေမယ့် ကိုယ့်ကိုတောင်းဆိုချင်တဲ့စကားတစ်ခွန်းကို အရောင်မရှိပဲ မှိန်ဖျော့နေတဲ့ မျက်ဝန်းတွေကတဆင့် ပြောနေတာ ဘယ်လောက်ကြာပြီလဲဆိုတာကို အလိုက်ကမ်းဆိုးမသိသူ ဟောဒီက ဆရာဝန်ကြီးက သဘောမပေါက်ဘူး။ မိန်းမလုပ်သူက မရဲတရဲ “ဆရာ။ ကျွန်မ အိမ်မှာ ကလေးအငယ်လေးတွေ သူတို့ချည့်ပဲ ပစ်ထားခဲ့ရတယ်။” တဲ့။ စိတ်တိုတိုနဲ့ “အဲဒါဆိုလည်း ဒီလောက် လေကြီးမိုးကြီးထဲမှာ နင်တို့က ငါ့ဆီကို ဘာလုပ်ဖို့ လာကြတာလဲ ပြော။” လို့ အငေါ်တူးလိုက်ပြီးမှ ကိုယ်မေးတဲ့မေးခွန်းရဲ့အဖြေကို ကိုယ့်ဘာသာ ပြန်စဉ်းစားမိပြီး ခေါင်းနပန်းကြီးသွားပါတယ်။
          ဆေးပညာလောကမှာ ယူသနီးစီးယား (Euthanaesia) ဆိုတာ ခေတ်စားလာတာ သိပ်မကြာသေးပါဘူး။ ကုသပျောက်ကင်းဖို့ မျှော်လင့်ချက်မရှိတဲ့ ရောဂါရှင်တွေမှာ အလွန်အမင်း နာကျင်ခံရခက်စေတဲ့၊ ကိုယ်စိတ်နှလုံး ညှိုးချုံးစေတဲ့ ဝေဒနာတွေကို ဆက်လက်သည်းခံ ရင်ဆိုင်နိုင်စွမ်းမရှိတော့တဲ့အခါ ဆရာဝန် ဆရာမတွေက ညင်ညင်သာသာ ဣနြေ္ဒရရ တည်တည်ငြိမ်ငြိမ် ဘ၀ကိုအဆုံးသတ်နိုင်အောင် အကူအညီပေးရတာကို အဲသလိုခေါ်ပါသတဲ့။ နိုင်ငံတော်တော်များများက တားမြစ်ထားပေမယ့် တချို့သောနိုင်ငံတွေမှာတော့ တရားဥပဒေက ခွင့်ပြုပါသတဲ့။ အင်္ဂလိပ်လူနာ လို့ခေါ်တဲ့ အကယ်ဒမီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ကြည့်လိုက်ရဖူးပါတယ်။ အခုတော့ ရခိုင်လူနာကြီးက ကျုပ်ကို အဲသဟာ မျက်စပစ် တောင်းဆိုနေပါရောလား။ အလွန်အမင်း ဆင်းရဲချို့တဲ့လို့ မျှော်လင့်ချက်ကင်းမဲ့တဲ့ ရောဂါဝေဒနာကို ညင်ညင်သာသာ သိက္ခာရှိရှိ ဘ၀နိဂုံး အဆုံးသတ်နိုင်အောင် ကူညီပေးရမယ်ပေါ့။ ဘုရား ဘုရား။  ကောက်လုပ်ပေးလိုက်ရလို့ ကမ္ဘာ့ဆေးလောကသမိုင်းမှာ Soe’s Criteria တို့၊ Min’s indication တို့လို နောက်လူတွေ ကိုယ့်နံမယ်တပ်ပြီး အသစ်ကျက်စရာ သင်ခန်းစာတစ်ပုဒ်တိုးနေမှ ကျော်မကောင်း ကြားမကောင်းရှိရော့မယ်။ ကိုယ်ကသတ္တိမရှိလို့ လုပ်မပေးရဲပေမယ့် သဘောတော့ တူသယောင်ယောင်ဗျ။ အဲလောက် သေကောင်ပေါင်းလဲ ရောဂါကြီးနဲ့ ပိုက်ဆံကလေး ၁၅၀၀ ပိုက်ပြီး ဘာလုပ်ဖို့ ဆက်အသက်ရှင်ချင်စရာရှိသလဲ။ စားစရာပိုက်ဆံတောင်မရှိပဲ ဆေးရုံပေါ်မှာ ငြိုငြိုငြင်ငြင် အသက်ရှင်နေရတာကလည်း ဘယ်လောက်မျက်နှာငယ်လိုက်သလဲ။ ဘ၀တဏှာဆိုတာ ခင်မင်တွယ်တာစရာ ကောင်းကွက်ကလေးတစ်ခုခုတော့ ရှိပါလေမှ ဆက်တွယ်တာနေမှာပေါ့။ သည်ဘ၀ကလွန်မြောက်သွားရင် ပင်လယ်ပြင်အကျယ်ကြီးပဲဗျာ။ ဖြစ်ချင်တဲ့အကောင်ဖြစ်၊ ၁၅၀၀ မကတော့ တန်ပါလိမ့်မယ်။
          လုပ်ချလိုက်ပြန်ပြီ။ ခုနစ်ရက်သားသမီး စိတ်မချမ်းသာစရာတွေကို အစဆွဲထုတ်ပြီး ဟိုလူ့အပြစ်တင်ချင်သလို သည်လူ့အပြစ်တင်ချင်သလိုနဲ့။ ကိုယ့်နိုင်ငံ သယံဇာတ ပေါကြွယ်ဝတာလည်း မှန်တယ်။ ကိုယ့်လူမျိုးတွေ
ဆင်းရဲတွင်းနက်နေတာလည်း မျက်မြင်။ ဟိုတစ်ခုကတော့ သေမှမသေချာပဲဟာ ပြောရဲပါဘူး။ (သူတို့ဟာသူတို့ပဲ အသိဆုံးဖြစ်ပေလိမ့်မယ်)။ ဒါဆိုရင် သယံဇာတကျိန်စာဆိုတာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ။ သည်လိုအဖြစ်မျိုး မကြုံရလေအောင် အဖြေတစ်ခုခု မရှိတော့ဘူးလား။ ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ ဆရာကြီး မင်းသိင်္ခ၀တ္ထုတစ်ပုဒ် ရှိပါတယ်။ မှတ်မိသလောက် ပြန်ပြောပြရရင် ကလေးလေးတစ်ယောက် အနီရောင်ကျောက်ခဲကလေးတစ်လုံး ကောက်ရတဲ့အခါ ကစားစရာမှတ်လို့ ဆော့နေတုန်း သူ့အိမ်ကလူကြီးက သည်ကျောက်ကလေးလှသားပဲဆို မုန့်ဖိုးပဲဖိုးပေးလို့ ၀ယ်လိုက်ပါသတဲ့။ ဘေးအိမ်ကလူကတော့ အဲဒါ ကျောက်နီကလေးပါ။ ရောင်းမလား တစ်ထောင်ပေးမယ်ဆို ၀ယ်သွားပြီး ပန်းတိမ်ဆရာဆီသွားရောင်းတော့ သောင်းကျောက်ဖြစ်သွားပါသတဲ့။ ပန်းတိမ်ဆရာက ကျောက်သွေးသမား လက်အပ်လိုက်တော့ သိန်းကျောက်ဖြစ်လာရာကနေ ကျောက်ကုန်သည်ကြီးတွေဆီရောက်၊ တဆင့်ပြီးတဆင့် တန်ဖိုးမြင့်လာပါလေရောတဲ့။ ပုဏ္ဏားဘကွန်းဝတ္ထုထဲမှာ ထင်ပါရဲ့ ဖတ်လိုက်ရဖူးပါတယ်။ သယံဇာတ ကျောက်မျက်ရတနာတွေရဲ့တန်ဖိုးဆိုတာ ရှာဖွေတူးဖော်ရရှိတဲ့သူတွေအပေါ်မှာ မူတည်တာ မဟုတ်ပါဘူး။ တန်ဖိုးကိုသိတဲ့သူ၊ ဈေးကွက်ကို နားလည်တဲ့သူက အဓိကကျတာပေါ့။ ကိုယ်ကိုယ်တိုင်က ဖန်ကွဲသလဲလောက်ပဲ နားလည်ရင် ဖန်ကွဲသလဲဈေးပဲ ရမယ်။ စိန်ကဲကျောက်ကဲခတ်နိုင်မှ စိန်ကောင်းကျောက်ကောင်း ရောင်းလို့ ရနိုင်ပါလိမ့်မယ်။ ပြောချင်တာကတော့ ကိုယ့်တိုင်းပြည်ကထွက်တဲ့ မြေပေါ်မြေအောက် သယံဇာတတွေရဲ့ အကျိုးကို ကိုယ်ကိုယ်တိုင်ခံစားချင်တယ်ဆိုရင် အဲဒီပစ္စည်းတွေရဲ့ တန်ဖိုးကို ကိုယ်ကိုယ်တိုင် ထဲထဲဝင်ဝင် နားလည်မှ၊ တန်ဖိုးထားမှ၊ တန်ဖိုးတက်အောင် နည်းပညာတွေနဲ့ ဖန်တီးနိုင်စွမ်းရှိမှ၊ သူတပါးကခေါင်းပုံဖြတ် အမြတ်ထုတ်လာတာတွေကိုလည်း ကာကွယ်စောင့်ရှောက်တတ်မှ၊ ဆိုတာတွေကို နားလည်သဘောပေါက်စေချင်ပါတယ်။ ကိုယ်ကဘယ်လောက်ပဲ နားလည်နားလည် စစ်အာဏာရှင်တွေက အနိုင်ကျင့် လက်ဝါးကြီးအုပ်ထားတာကိုး လို့ အဖြေမရှိတဲ့ ပုစ္ဆာကို မေးချင်လည်း ဖြေပေးပါ့မယ်။ အဲသလို တိုင်းသူပြည်သားအပေါ်အနိုင်ကျင့်နှိပ်စက်တဲ့ အစိုးရဆိုးမျိုး မရှိဖို့က တိုင်းသူပြည်သားတွေအပေါ်မှာပဲ မူတည်ပါတယ်။ ဒီမိုကရေစီဆိုတာကို ကိုယ်က ဘယ်လောက်အထိ တန်ဖိုးထားသလဲ။ ဘယ်အတိုင်းအတာအထိ မထိခိုက်မဆုံးရှုံးရအောင် ကာကွယ်ဖူးသလဲ။ မတရားမှု၊ အဓမ္မမှုတွေကို တကယ် မလိုလားဘူးဆိုရင် အဲဒီမတရားပြုသူတွေကို မျက်နှာချင်းဆိုင်ပြီး ဒါမျိုးမလုပ်ပါနဲ့။ မကြိုက်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောရဲသလား။ နောက်နောင် သည်လိုအဖြစ်မျိုးမကြုံရလေအောင် ကိုယ်ကိုယ်တိုင်က ဘယ်လောက်အထိ အားထုတ်ခဲ့ဖူးသလဲ။ ပြန်မေးစရာ မေးခွန်းတွေက ကုန်မကုန်နိုင်ဘူး။ လိုရင်းကို တစ်ခွန်းတည်းနဲ့ အကျဉ်းရုံးရရင်တော့ ကျွန်တော်တို့ခင်ဗျားတို့အားလုံး နိုင်ငံပိုင်သယံဇာတတွေကို လက်ဝါးကြီးအုပ် ခေါင်းပုံဖြတ်နေပါတယ်လို့ မကြားတကြား စွပ်စွဲနေတဲ့ လွန်ခဲ့တဲ့ နှစ် ၆၀ ကျော်က စံနစ်ဆိုးကြီး လုံးဝချုပ်ငြိမ်းသွားစေချင်တယ်ဆိုတာ သေချာတဲ့တနေ့ သယံဇာတကျိန်စာတွေ ပျက်ပြယ်သွားပါလိမ့်မယ်။ “ခနတော့ စောင့်လိုက်ဦးမယ်။ အဘဆီက ကားပါမစ်ကလေးမကျသေးလို့” ဆိုရင်တော့ ရခိုင်ကိုလာခဲ့လေ။ ပင်လယ်က မကျယ်ဘူးလား။ ဓါးပြက မတိုက်ဘူးလား။ ပင်လယ်ထဲမှာ ရေတွေရှိတယ်။ ဆားချက်ကြရအောင်။
from facebook

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis