menu

Saturday 14 July 2012

ဗိုလ်ချုပ်နှင့် ဒေါ်ခင်ကြည် နေရာ ပဏာမ ရွေးချယ်ပြီးစီး


ပဏာမ ရွေးချယ်ခံရသူများ အနက်မှ ဖြိုးတေဇာလင်း နှင့် ဇာခြည်လင်း
                           ပဏာမ ရွေးချယ်ခံရသူများ အနက်မှ ဖြိုးတေဇာလင်း နှင့် ဇာခြည်လင်း
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ဓမ္မစေတီလမ်းရှိ ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး ရုံးအဖွဲ့ အစည်းအဝေးကို ဇွန် ၆ ရက်က ကျင်းပရာ၌ ဗိုလ်ချုပ် ဇာတ်ဆောင်နေရာ၊ ဒေါ်ခင်ကြည် ဇာတ်ဆောင်နေရာ တို့ကို ဆုံးဖြတ်ရွေးချယ် ကြကြောင်းသိရသည်။ ဗိုလ်ချုပ်ဇာတ်ဆောင် ရွေးချယ်ရာ၌ ပထမလူတွေ့ ရွေးချယ်ထားသူ ၃ ဦးနှင့် ဒုတိယအကြိမ် လူတွေ့ရွေးချယ်သူ ၄ ဦး စုစုပေါင်း ၇ ဦးကို ဗိုလ်ချုပ်အောင်ဆန်း၏ နေရာတွင် သရုပ်ဆောင်နိုင်ရန် ပဏာမရွေးချယ်ခဲ့ကြောင်း သတင်းထုတ်ပြန်ရေး တာဝန်ခံ ဦးဇော်သက်ထွေးက ပြောကြားသည်။

ဒေါ်ခင်ကြည်ဇာတ်ဆောင်ကို ရွေးချယ်ရာ၌ ဇွန် ၂ဝ ရက်တွင် လူတွေ့စစ်ဆေးလာရောက်သူ ၄၁ ဦးမှ ၄ ဦးကို သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်း အမှတ်များ ပေါင်း၍ ရွေးချယ်ခဲ့ကြောင်း ဦးဇော်သက်ထွေး ကပြောကြားသည်။ ဇာတ်ဆောင်များကို ဆုံးဖြတ်ရွေးချယ်ရာ၌ မောင်မိုးသူ၊ ဇင်ဝိုင်း၊ ဇာဂနာ၊ လူမင်း၊ ဒါရိုက်တာဝိုင်း၊ ဝေဠုကျော်၊ အရိုင်း၊ မော်လင်း၊ မောင်စိမ်းနီ၊ နေဘုန်းလတ်၊ ဇော်သက်ထွေး၊ အိအိခိုင်၊ ကြည်ဖြူသျှင်တို့ ပါဝင်ရွေးချယ်ကြကြောင်း သိရသည်။ဗိုလ်ချုပ်နေရာတွင် သရုပ်ဆောင်နိုင်ရန် ရွေးချယ်ထားသူများမှာ ကျောက်ခဲ၊ ဖြိုးတေဇာလင်း၊ နေဦး (ခ)နန္ဒမိုး၊ ကျော်ကျော်မျိုး၊ ဝေလင်းထွန်း၊ ကျော်ဆန်းဋ္ဌေး၊ စိုင်းနော်ခမ်းတို့ဖြစ်သည်။ ဒေါ်ခင်ကြည်၏ နေရာတွင် သရုပ်ဆောင်နိုင်ရန် ရွေးချယ်ထားသူများမှာ ဇာခြည်လင်း၊ သင်းမြတ်သန္တာလှိုင်၊ ထားထားဝေ၊ နှင်းထက်ထက်ဝေတို့ ဖြစ်သည်။

ဇွန် ၆ ရက်၊ နံနက်ပိုင်း၌လည်း ယခင် ဗိုလ်ချုပ်ဇာတ်ဆောင်နေရာ လျှောက်လွှာတင် လူတွေ့စစ်ဆေးရာမှ ရွေးချယ်မခံရသည့် သူများကို လူတွေ့စစ်ဆေးပြီး ယင်းတို့နှင့် လိုက်ဖက်မည့် ဇာတ်ဆောင်နေရာတွင် ရွေးချယ်သရုပ်ဆောင်နိုင်ရန် စစ်ဆေးခြင်းပြုလုပ်ခဲ့ကြောင်း၊ လူတွေ့စစ်ဆေးရာ၌ ၂၅ ယောက်လာရောက်ကြကြောင်း၊ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးမှ တာဝန်ရှိသူက ပြောကြားသည်။ ဇာတ်ဆောင်ရွေးချယ်ရန် လျှောက်လွှာများ ခေါ်ယူရာ၌ နိုင်ငံရပ်ခြားမှ လျှောက်ထားသူများရှိသော်လည်း အသံဖိုင်နှင့် အရုပ်ဖိုင်များ သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့ထံသို့ အချိန်မီရောက်ရှိမလာသည့်အတွက် ရွေးချယ်နိုင်ခြင်းမရှိကြောင်း သိရသည်။
 Indenpendent News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis