menu

Saturday 28 July 2012

မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားရှိရာ မြ၀တီမြို့(မောင်မောင်သောင်းမြင့် (တရားရေး))

မြ၀တီဆိုသောအမည်သည် ကျွန်တော့ နှလုံးသားထဲတွင် ငယ်စဉ်ကတည်းက မှတ်မှတ်ရရ ကိန်းအောင်းလျက်ရှိပါသည်။
မြ၀တီမင်းကြီးဦးစ၏ နှလုံးရည်၊ လက်ရုံးရည်တို့ကို ဖတ်ရှုလေ့လာရပြန် သောအခါ 'မြ၀တီ' အမည်သည် ကျွန်တော်၏ 'ဘ၀အားမာန်' လမ်းပြ ကြယ် ဖြစ်လာပါတော့သည်။
ဤအခြေအနေတွင် ထူးထူးခြားခြား တိုက်ဆိုင်သည်ကား မပြောတတ်ပါ။ ကျွန်တော်သည် မြ၀တီမြို့သို့ ခရိုင်တရား သူကြီးအဖြစ် မမျှော်လင့်ဘဲ ပြောင်းရွှေ့ မိန့် ရခဲ့ပါတော့သည်။

၂၀၀၃ ခုနှစ်ခန့်က ဖြစ်ပါသည်။
ပြည်သူ့ဝန်ထမ်းဆိုတော့ ထားရာနေ စေရာသွားပေါ့။
မြ၀တီမသွားခင် ကောလာဟလသတင်းတွေက အမျိုးမျိုး၊ နယ်မြေလုံခြုံရေးမကောင်း၊ သွားရေး လာရေး မလွယ်၊ 'အလုံးကြီး'တွေက လည်း မြို့ပေါ်ကို မကြာခဏကျဆိုပဲ၊ သွားရမှာတော့ ခပ်လန့်လန့်ပဲ။
ရာထူးတိုးပေးတဲ့ ပြောင်းရွှေ့မိန့်ဆို တော့ ဘာမှစောဒကတက်မနေတော့ဘဲ ထွက်လာခဲ့ရတော့တာပေါ့။
ဘားအံမြို့ကိုရောက်တော့ 'သာမည ဆရာတော်ကြီး' ကို သွားရောက်ဖူးမြော်သေးတယ်။
အန္တရာယ်ကင်း၊ ဘေးကင်း ဆရာတော်ကြီးရဲ့ အစောင့်အရှောက်ကို ခံယူဖို့ သွားတာပါ။ သာမညမှာ တစ်ညအိပ်ပြီး မြ၀တီ သွား၊ ဒေါနတောင်တန်းကြီးကို ကားနဲ့ တက်တော့ ကြောက်စရာကြီးဗျာ။
တောင်တက်လမ်းက မြွေလိမ်မြွေ ကောက်လိုပဲ။
တောင်ပေါ်မြင့်လေ ချောက်ကြီးတွေက နက်ရှိုင်းလေလေပဲ။
တောင်တက်လမ်းကလည်း ထူးထူး ဆန်းဆန်း အတက်တစ်ရက်၊ အဆင်း တစ်ရက်တဲ့ဗျာ။
လမ်းက ကျဉ်းတော့ ကားနှစ်စီး မရှောင်သာလို့ မတက် တစ်ရက်၊ အဆင်းတစ်ရက်ဆိုပြီး တီထွင် ထားကြတာ။ သွားရေး၊ လာရေး မလွယ် ဘူးဆိုတဲ့ အခြေအနေပြနေတာပါပဲ။
မြ၀တီမြို့ရောက်တော့ သောင်ရင်း မြစ် ဟိုဘက်ကမ်းမှာ မယ်တော်၊ မဲဆောက်မြို့၊ ဒီဘက်ကမ်းမှာ မြ၀တီ၊ ညဘက်ကျတော့ ဟိုဘက်ကမ်းမှာ မီးထိန်ထိန်၊ ဒီဘက်ကမ်းမှာ မီးမှိန်မှိန်ပဲဗျ။
မြ၀တီက ဘုရင်တွေရဲ့ ရှေးဟောင်း နန်းမြို့တော်ဆိုတော့ မြို့ထဲမှာ ကျုံးတွေ၊ နန်းမြို့ရိုးတွေ ရှိနေတုန်းပဲဗျ။
မြန်မာ ဘုရင်တွေနဲ့ ယိုးဒယားဘုရင်တွေ မကြာ ခဏ စစ်ခင်းကြတယ်လို့ မြန်မာ့သမိုင်း မှာ ရေးဖွဲ့ထားတာ တွေ့ရတယ်။
အဲဒါနဲ့ ကိုယ်တာဝန်ထမ်းဆောင်နေတဲ့မြို့အကြောင်း ကောင်းကောင်းသိမှ ဖြစ်မယ်ဆိုတဲ့အသိနဲ့ မြ၀တီမြို့သမိုင်းကို ဆက်လက်ပြီး လေ့လာမိပါတော့တယ်။
မြ၀တီမြို့သမိုင်း မြ၀တီမြို့သမိုင်းကို ပြောရရင် စာ တစ်စောင်၊ ပေတစ်ဖွဲ့ပါ။
စာဖတ်သူတွေ မငြီးငွေ့ရအောင် တိုတိုပဲ ပြောကြပါစို့။
မဟာသက္ကရာဇ် ၁၁၀ ခုနှစ်၊ ကရဏက တိုင်း (သုဝဏ္ဏဘူမိ)၏ အရှင်တိဿ သက္ကမင်းကြီး နတ်ရွာစံပြီးနောက် ဇေယျ မြို့ကို အုပ်စိုးသည့် ဗညားဣန္ဒာသေန ရာဇာမင်းသည် ကရဏကတိုင်းမှ ခွဲခြား ကာ သီးခြားမြို့နယ်အဖြစ် တည်ထောင် ပါသည်။
မြို့စားမင်း ဗညားသည် ၎င်း၏ နေပြည်တော်တည်တံ့ရေးအတွက် မြို့ရံ ခြောက်မြို့ကို တည်ထောင်ခဲ့သည်။ မြို့ရံ ခြောက်မြို့အနက် အရှေ့ဘက်တွင် ကွမ်ပရဲ့ပတီခေါ် မြ၀တီမြို့တွင် ကရင်၊ မွန်တို့ နေထိုင်ကြပြီး မြ၀တီကို 'ဒုံမေပသီ' ဟု ခေါ်ဝေါ်ပါသည်။
သဲနု၊ သဲကြမ်း ရော နှောနေသည့်မြို့ဟု အဓိပ္ပာယ်ရပါသည်။ (သောင်ရင်းမြစ်တွင် သဲနု၊ သဲကြမ်း ရောနှောလျက်ရှိပါသည်။) မြ၀တီမြို့ကို မြို့စားအဆက်ဆက် အုပ်ချုပ်ခဲ့၍ တဖြည်းဖြည်းတိုးတက် ထွန်းကားလာခဲ့ပါသည်။
ထို့နောက် သုဝဏ္ဏဘူမိ (သထုံ)မှ မနုဟာမင်းကြီး၏ သမီးတော် မြစန္ဒီက မြ၀တီမြို့စားအဖြစ် အုပ်ချုပ်စဉ် ပိုမိုစည်ပင် ထွန်းကားလာပါ သည်။ မြ၀တီမြို့ပေါ်ရှိ ရွှေမြင်းဝန်စေတီ တော်သည်လည်း တန်ခိုးကြီးလှပါသည်။
မြ၀တီမြို့ပေါ်သို့ ရန်သူများက ဗုံး၊ အမြောက် စသည်တို့ဖြင့် အကြိမ်ကြိမ် ဖြိုခွင်းသော်လည်း ရွှေမြင်းဝန်စေတီဝင်း အတွင်းသို့ မည်သည့်လက်နက်မျှ ကျရောက်ပေါက်ကွဲမှု မရှိခဲ့ပါ။
ထူးခြား လှပါသည်။
မြ၀တီမြို့သည် ခေတ်အဆက်ဆက်၌ တစ်ဖက်နိုင်ငံ (ထိုင်း)နိုင်ငံနှင့် ချစ်ကြည် စွာ ကူးလူးဆက်ဆံမှုရှိခဲ့ပါသည်။
ခေတ် တစ်ခေတ်တွင် မြ၀တီမြို့၌ မြန်မာ၊ ထိုင်း ချစ်ကြည်ရေးတံတား ငွားငွားစွင့်စွင့် ပေါ်ထွန်းလာပါသည်။
ချစ်ကြည်ရေးတံတားကြီး မည်သို့ ပေါ်ပေါက်လာသည်ကို မည်သူမျှ အသေးစိတ် မသိကြပါ။
ကျွန်တော် မြ၀တီမြို့၌ တာဝန်ထမ်းဆောင်နေစဉ် မြန်မာ-ထိုင်း နယ်စပ်မှ ရေလယ်ကျွန်း နှင့် ချစ်ကြည်ရေးတံတား နောက်ခံသမိုင်း ကို ရှာဖွေစုဆောင်းရေးသားရန် အခွင့် အရေးကြုံခဲ့ရပါသည်။
သို့ပါ၍ နာမည်ကျော်ကြား လူသိများ လှသော မြ၀တီမြို့မှ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားနှင့် ရေလယ်ကျွန်း (No Man Island) အကြောင်းကို အများ ပြည်သူအကျိုးငှာ ဖော်ထုတ်ရေးသား တင်ပြလိုက်ရပါသည်။
ထိုင်းနိုင်ငံအစိုးရနှင့် မြန်မာနိုင်ငံ တော် အစိုးရတို့၏ သောင်ရင်းမြစ်ကူး ချစ်ကြည်ရေးတံတား ဆောက်လုပ်ခြင်း၊ ပိုင်ဆိုင်ခြင်း၊ အတည်ပြုခြင်း၊ စီမံခန့်ခွဲ ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် သက်ဆိုင် သည့် နှစ်နိုင်ငံသဘောတူညီချက်စာချုပ် ကို ရန်ကုန်မြို့တွင် ၁၉၉၄ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့၌ နှစ်နိုင်ငံ ကိုယ်စားလှယ်များ လက်မှတ်ရေးထိုးခဲ့ ကြပါသည်။
ထိုင်း-မြန်မာ အိမ်နီးချင်းနှစ်နိုင်ငံတို့ ၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း ပိုမိုချောမွေ့စေ ရန်အတွက် သောင်ရင်းမြစ်ကူးတံတား သည် ဒေသဖွံ့ဖြိုးရေးတွင် အပြုသဘော ဆောင်သော အထောက်အကူဖြစ်သည် ဟု ယုံကြည်ကြောင်း ဖော်ပြကြပါသည်။
တံတားတည်ဆောက်ရာတွင် ကုန်ကျ မည့် အထွေထွေစရိတ်များကို ထိုင်းနိုင်ငံ အစိုးရက ကူညီပံ့ပိုးပေးပါသည်။
တံတား ပုံစံ ရေးဆွဲရန်နှင့် ဆောက်လုပ်ရေးကို လည်း ထိုင်းအစိုးရက တာဝန်ယူပါသည်။
နှစ်နိုင်ငံသည် တည်ဆောက်ပြီး တံတား၏ နယ်နိမိတ်ထုတည် တစ်ဖက် စီကို ပိုင်ဆိုင်ကြလျက် မိမိပိုင်အစိတ် အပိုင်းကို တာဝန်ယူ စီမံခန့်ခွဲရန်နှင့် ပြုပြင်ထိန်းသိမ်းရန် သဘောတူညီကြ ပါသည်။
နှစ်နိုင်ငံ တံတားတည်ဆောက်ပြီး နောက် တံတားပေါ်တွင် ဖြစ်ပေါ်လာ မည့် ပြစ်မှုနှင့် တရားမမှု စီရင်ပိုင်ခွင့် အငြင်းပွားပြဿနာကို ပူးပေါင်းဖြေရှင်း ရန် သဘောတူကြောင်း ဖော်ပြထားပါသည်။
နှစ်နိုင်ငံသည် တံတားပေါ်၌ ပြည်သူ များ ကုန်သွယ်ခြင်း၊ ဖြတ်သန်းသွားလာ ခြင်း ပြုလုပ်ရာတွင် မိမိနိုင်ငံ၏ တည်ဆဲ ဥပဒေနှင့် နည်းဥပဒေများ၊ ဓလေ့ထုံး တမ်းများ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ နည်းဥပဒေများကို လိုက်နာကြောင်း ဖော်ပြထားပါသည်။
အထက်ပါသဘောတူညီချက်များ အရ နှစ်နိုင်ငံအကြား အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေး ဆောင်ရွက် ခဲ့ကြသဖြင့် နှစ်နိုင်ငံချစ်ကြည်ရေး အဓွန့်ရှည်ကြာလျက်ရှိကြောင်း ချစ် ကြည်ရေးတံတားကြီးက သက်သေတည် လျက်ရှိပါသည်။
ရေလယ်ကျွန်း မြ၀တီမြို့တစ်ဖက်ကမ်း၌ မယ်တော်၊ မဲဆောက် ရှိပါသည်။ ချစ်ကြည်ရေး တံတားကြီးအောက်၌ ရေလယ်ကျွန်း ပေါ်နေပါသည်။
သောင်ရင်းမြစ်ရေ ကြောင်း မတည်ငြိမ်မှုကြောင့် ရေလယ် ကျွန်း တည်ရှိပုံမှာလည်း ပုံသေမရှိပါ။ ပြောင်းလဲနေပါသည်။ ရေလယ်ကျွန်းဖြစ်စဉ် နောက်ခံသမိုင်း ကို မေးမြန်းစုံစမ်း လေ့လာကြည့်ခဲ့ဖူးပါသည်။
၁၉၇၀ ပြည့်နှစ်အထိ မြ၀တီမြို့ အမှတ် (၁) ရပ်ကွက်နှင့် တစ်ဖက်နိုင်ငံတို့သည် သောင်ရင်းမြစ်ဖြင့် ခြားထားပြီး ရေလယ် ကျွန်း မည်မည်ရရ မရှိသေးပါ။
နွေရာသီ ရေနည်းသောကာလ သောင်ထွန်းရာ တွင်လည်း မြန်မာဘက်ကမ်းခြေနှင့်သာ ဆက်စပ်သောင်ထွန်းလေ့ရှိပါသည်။
၁၉၇၃-၇၄ ခုနှစ်ဝန်းကျင်အထိ ၎င်း သောင်ထွန်းရာနေရာ၌ ကိုင်းလုပ်ငန်း (ခရမ်းချဉ်သီး စိုက်ပျိုးခြင်း)ကို မြ၀တီ သား ဦးထွန်းရုံက လုပ်ကိုင်နေခဲ့ပါသည်။
ထိုခေတ်အရှေ့ပိုင်းရပ်ကွက် ကောင်စီ ဥက္ကဋ္ဌ (ယခုအမှတ်-၁ ရပ်ကွက်)အဖြစ် တာဝန်ယူရသူမှာ ဦးကျော်သန်း (စစ်မှု ထမ်းဟောင်း) ဖြစ်ပါသည်။ ၁၉၇၄-၇၅ ခုနှစ်၌ ဦးထွန်းရုံသည် စီးပွားရေးအဆင် မပြေမှုကို အကြောင်းပြု၍ မယ်တော် ကျေးရွာနေ အညှိဆိုသူ ထိုင်း-မြန်မာ ကပြားအား ရေလယ်ကျွန်းကို ရောင်းချ ခဲ့ပါသည်။
၎င်းရောင်းချပြီး ၁၉၇၆ ခုနှစ် အထိ ရေလယ်ကျွန်းသည် အနောက် ဘက်၌ မြန်မာသဲသောင်ခုံ၌သာ ဆက် စပ်နေပြီး ရေစပ်စပ်သာ ရှိခဲ့ပါသည်။ ယင်းရေလယ်ကျွန်းအရှေ့ဘက်၌မူ ထိုင်း မြေနှင့် ဆက်စပ်မှုမရှိဘဲ သောင်ရင်းမြစ် ခံနေပါသည်။
၁၉၇၆ ခုနှစ်တွင် ကရင်လူမျိုး စော ဟင်နရီသိန်းက ၎င်းထုတ်လုပ်ခွင့်ရ သော သစ်လုံးများကို (ယခု မယ်ထော် သလေး)ဒေသမှ မျှောချခဲ့ရာ မြ၀တီမြို့ အရောက်၌ အဆိုပါရေလယ်ကျွန်းထိပ် သောင်စပ်၌ တင်နေပါသည်။
သို့ဖြစ်၍ မဲကနယ်ချောင်းသို့ ရောက်အောင် မျှောချရာ၌ ၎င်းသစ်များကို သောင်တင် နေရာမှ သောင်ရင်းမြစ်အောက်ဘက် ရေနက်ရာသို့ ဆင်ဖြင့်ဆွဲချရာ စွတ် ကြောင်းဖြစ်ပေါ်လာပြီး ရေများလည်း ရေလယ်ကျွန်းနှင့် မြန်မာ့သဲသောင်ခုံ အကြား ရေစီးကြောင်းအဖြစ် စီဆင်းပါ သည်။
ထို့ပြင် ၁၉၈၀ ခုနှစ်၌ မယ်တော်ရွာ မှ လူအများက ရေလယ်ကျွန်းနှင့် ၎င်းတို့ ဘက် နယ်မြေအကြား ချောင်းပိတ်သွား ပြီး ဟင်နရီသိန်းပြုလုပ်ခဲ့သော စွတ် ကြောင်းအတိုင်း ရေစီးစေရန် မျောတိုင် များဖြင့် ရေလွှဲ (ဒေသအခေါ် ရေကာ တာ) ပြုလုပ်နေကြရာ မြင်တွေ့ရသည့် မြ၀တီသားများက မိမိတို့ဘက်အား လုပ်ရကောင်းလားဟူသော မျိုးချစ်စိတ်၊ မခံချင်စိတ်ဖြင့် အော်ဟစ်ပြောဆို တားဆီးကြပါသည်။
မခံမရပ်နိုင်သည့် အဆုံး ဦးသန်းရွှေ (လက်ဝှေ့)၊ ဦးကျော် သန်း၊ ဦးဘစံတို့ ခေါင်းဆောင်၍ ၀ါးရင်း တုတ်များကိုင်ကာ ရေလယ်ကျွန်း ပေါ် တက်ပြီး ထိုင်းများကို ခြောက်လှန့် မောင်းထုတ်ပါသည်။
၎င်းဖြစ်စဉ်သည် နိုင်ငံတော်ကောင်စီအထိ သတင်းပေါက် သွားပြီး မြ၀တီမြို့နယ်ကောင်စီသို့ ညွှန် ကြားချက် ၀င်လာပါသည်။
၎င်းညွှန်ကြား ချက်အရ နှစ်နိုင်ငံ ငြိမ်းချမ်းစွာဖြေရှင်း ရန် ဖြစ်သဖြင့် မည်သည့်နိုင်ငံသားမှ မနေသည့် (No Man Island) ငြိမ်းချမ်း နယ်မြေအဖြစ် သတ်မှတ်ခဲ့ပါသည်။
မြန်မာဘက်မှ လိုက်နာခဲ့သော်လည်း ထိုင်းဘက်မှ ပိုက်လုံးမြှုပ်ခြင်း၊ ကွန်ကရစ် အမှတ်အသားတိုင် စိုက်ခြင်းများ ပြုလုပ် ခဲ့ပါသည်။ ထို့ပြင် ရေလယ်ကျွန်း (မြန်မာဘက် အခြမ်း)၌ တိုက်စားမှုမခံရအောင် မြေဖို့ ခြင်း၊ ကျောက်ချခြင်းများ ပြုလုပ်ခဲ့သလို ရေလယ်ကျွန်း (ထိုင်းဘက်အခြမ်း)၌ ထိုင်းကမ်းနှင့် ဆက်စပ်ရန် မြေဖို့ခဲ့ပါ သည်။
၁၉၉၆ ခုနှစ်၊ ချစ်ကြည်ရေးတံတား ဖွင့်ခါနီးအချိန်၌မူ ရေလယ်ကျွန်းနှင့် ထိုင်းမြေအကြား မြောင်းတိမ်တိမ်တစ်ခု ကို ပြန်လည်တူးဖော် ပေးခြင်းဖြင့် မြန်မာတို့အား နှစ်သိမ့်ခဲ့ပါသည်။ (၎င်း မြောင်းသည် တိမ်သဖြင့် နွေရာသီ၊ ဆောင်းရာသီ၌ ရေမစီးဘဲ မိုးရာသီ၌ သာ ရေစီးဆင်းပါသည်။)
ကျွန်တော်သည် ၂၀၀၅ ခုနှစ်၌ ရန်ကုန် မြို့သို့ တာဝန်ဖြင့် ပြောင်းလာရသော ကြောင့် ချစ်ကြည်ရေးတံတားနှင့် ရေလယ်ကျွန်းဖြစ်စဉ် တို့ကို မှတ်တမ်း တင်နိုင်ခြင်းမရှိတော့ပါ။
သို့ရာတွင် ဂျာနယ်များ၌ မြ၀တီမြို့၊ ချစ်ကြည်ရေး တံတားဖွင့်၊ ပိတ် သတင်းတို့ကို စဉ်ဆက် မပြတ် ကြားသိနေရပါသည်။
ယခုအခါ မြန်မာ-ထိုင်း ချစ်ကြည်ရေး တိုးတက်ခိုင်မာလာပြီး ချစ်ကြည်ရေး တံတားသစ်ဆောက်မည်၊ ထိုင်း-မြန်မာ အာရှလမ်းမကြီး ဒေါနတောင်ဖြတ်၍ ဖောက်မည်၊ စက်မှုဇုန်၊ စီးပွားရေးဇုန်များ ဆောက်မည်ဟူသော သတင်းကောင်း ကြားသိနေရသဖြင့် ကျွန်တော် မှတ်တမ်း ပြုစုခဲ့သော ချစ်ကြည်ရေးတံတားနှင့် ရေလယ်ကျွန်းအကြောင်းကို မြ၀တီ ချစ်သူများ မျှဝေခံစားရန်အလို့ငှာ ဖော်ထုတ် ရေးသား တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။

ကျမ်းကိုးစာရင်း

၁။ မြို့မြ၀တီနှင့် ရွှေမြင်းဝန်စေတီ သမိုင်း
၂။ နိုင်ငံတော်ပြန်တမ်း
၃။ ဂျာနယ်များ
၎။ အဘဦးကျော်သန်း၏မှတ်စုများ
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis