menu

Friday 29 June 2012

မိုးရာသီမှာ ပိုလို့ရုန်းကန်ကြရတဲ့ သမ္ဗန်သမားတွေရဲ့ဘဝ


ဒလဆိပ်မှ ပန်းဆိုးတန်းဆိပ်သို့ ကူးမည့် သမ္ဗန်သမားတစ်ဦး။
ဓာတ်ပုံ - လွင်ကိုတိတ်

မိုးဖွဲဖွဲ ရွာနေတာကြောင့် ပန်းဆိုးတန်း ဆိပ်ကမ်း၊ ဗောတံတားပေါ်မှာ အေး အေးလူလူထိုင်သူတွေ သိပ်မရှိဘဲ လူရှင်းနေပါတယ်။ ဗောတံတား နားမှာတော့ 'ဟေး' ..'ဟား'အသံ တစ်ချက်ထွက်ထွက် လာတဲ့ ခြင်း ခတ်သူတစ်စုနဲ့ စကားထိုင် ပြောကြသူတွေ တချို့ရှိပေမယ့် ဗော တံတားပေါ်မှာ တစ်ယောက်တည်း ထိုင်နေတဲ့ သမ္ဗန်သမားကြီး ဦးမြတ်ကျော် ကတော့ ရန်ကုန်မြစ်ဝဘက်ကို လှမ်းကြည့် ရင်း တစ်စုံတစ်ရာကို အလေးအနက် တွေးနေပုံပါပဲ။
အမှန်တော့ သူတကယ်အာရုံစိုက်နေတာက ဂိတ်မှူး (သမ္ဗန်နံပါတ်နဲ့ နာမည်ကို မိုက်ခရိုဖုန်းနဲ့ ထိုင်ခေါ်နေတဲ့ သူ)ရဲ့ သူ့လှေနာမည်ကို ခေါ်မယ့်အသံ ကို နားစွင့်နေတာပါ။
"ခုလို မိုးရာသီရောက်ပြီဆိုရင် နေ့လယ်ဘက်တွေမှာ ကိုယ့်အလှည့်ပြန် ရောက်ဖို့ နာရီနှစ်ပတ်၊ သုံးပတ် (နှစ် နာရီ၊ သုံးနာရီ)လောက် ထိုင်စောင့် ရပါတယ်။ ကိုယ့်အလှည့်တစ်ခါရောက်ရင်တော့ ခရီးသည်တစ်ဦးကို တစ်ရာကျပ်နဲ့ ဆိုတော့ ၁၀ ဦးအတွက် ကျပ်တစ်ထောင် ရတယ်။ မိုးများနေရင်တော့ ခုနစ်ဦးပဲ တင်ပြီး တစ်ယောက် ၁၅၀ တောင်းလိုက်တယ်"လို့ 'ရာပြည့်'သမ္ဗန်ကို မောင်းရတဲ့ ဦးမြတ်ကျော်က ပြောပါတယ်။

နေထိုင်ရာ ဒလမြို့နယ်၊ ကန်ကြီး နောက် ရပ်ကွက်ကနေ မနက် ၅ နာရီ ကျော်ကတည်းက သမ္ဗန်ဆိပ်ကို ထွက် လာပြီး ည ၇ နာရီလောက်အထိ သမ္ဗန် မောင်းရတဲ့ ဦးမြတ်ကျော်ဟာ ပန်းဆိုး တန်းသမ္ဗန်ဆိပ်မှာတော့ ၀ါရင့်သမ္ဗန် ခတ်သူတစ်ယောက် ပါပဲ။
"သမ္ဗန်မောင်းတာ နှစ်သုံးဆယ် လောက်ရှိပြီ။ နွေနဲ့ဆောင်းဘက်တွေမှာ တစ်နေ့ကို ကျပ်လေးထောင်လောက် အိမ်အတွက် ရှာနိုင်ပေမယ့် မိုးတွင်းဆို ရင်တော့ ၀င်ငွေတော်တော်နည်းပါ တယ်။ မိုးတွင်းမှာ ရန်ကုန်ဘက်ကို ပုံမှန်အလုပ်ဆင်းကြတဲ့ သူတွေ ပဲရှိတော့တယ်လေ။ အလည်အပတ်လာတဲ့သူ တွေက နွေလောက်ပဲရှိကြတာ"လို့ ဦးမြတ်ကျော်က ခပ်လေးလေးပြောရင်း သူ့လိုပဲ ကိုယ့်အလှည့်ရောက်ဖို့ ထိုင်နား စွင့်နေကြတဲ့ သမ္ဗန်တသီတတန်းပေါ်က လူတချို့ကို လှမ်းကြည့်လိုက်ပါတယ်။
ရန်ကုန်မြစ်တစ်လျှောက်မှာရှိတဲ့ ဗိုလ်တထောင်၊ ပန်းဆိုးတန်း၊ မော်တင်၊ ညောင်ပင်လေးဈေး၊ ကြည့်မြင်တိုင် စတဲ့ သမ္ဗန်ဆိပ်တွေ ထဲမှာ အကြီးဆုံးဖြစ်တဲ့ ပန်းဆိုးတန်းသမ္ဗန်ဆိပ်မှာ သမ္ဗန်စင်းရေ ပေါင်း ၁၈၀ ရှိတာကြောင့် သမ္ဗန်သမား တွေအတွက် ကိုယ့်အလှည့် တစ်ခေါက် ရောက်ဖို့အချိန်ပေးစောင့်ကြရပါတယ်။
တရိပ်ရိပ်တက်လာတဲ့ ကုန်ဈေးနှုန်း တွေထဲမှာ ဓာတ်ဆီဈေးကလည်း အပါ အ၀င်ပဲမို့ ဓာတ်ဆီတစ်ဂါလန် ကျပ် ၄,၀၀၀ ကျော်အတွက် သူတို့တစ်နေ့တာ ရှာတဲ့ ပိုက်ဆံထဲက သုံးပုံတစ်ပုံလောက် ကို အသုံးပြုရတာကြောင့် ဓာတ်ဆီဈေး ကျဖို့က သူတို့ရဲ့စိတ်ကူး မျှော်လင့်ချက်ပဲ ဖြစ်ပါတယ်။
"တခြားအလုပ်ကျတော့လည်း ဘာမှ မလုပ်တတ်ဘူးလေ။ အခုတော့ ကလေး နှစ်ယောက်က အလုပ်ထွက်လုပ်နေကြ ပြီမို့ အငယ်လေးရဲ့ကျောင်းစရိတ်ကို ကာမိပါတယ်။ သမ္ဗန်မောင်းတတ်ဖို့ကို တော့ အရင်က ဒီလောက်လည်း စည်းကမ်းတွေ မများတော့ ခင်တဲ့သမ္ဗန် တွေ တက်မောင်းရင်းက ဒီလိုပဲမောင်း တတ်သွားတာပေါ့"လို့ ပြောတဲ့ ဦးမြတ်ကျော်က ဓာတ်ဆီဈေးနှုန်းကျဖို့ အမြဲဆု တောင်းနေသူပါ။
"သမ္ဗန်က ကိုယ်ပိုင်မဟုတ်တော့ အုံနာကို တစ်နေ့နှစ်ထောင်ပေးရတယ်။ဆီက တစ်နေ့တစ်ဂါလန်၊ အသွားနည်း ရင် သုံးပုလင်း လောက်ဆိုတော့ တစ်ပု လင်း ၁,၁၀၀၊ သုံးပုလင်း ၃,၃၀၀ စိုက်ရ တယ်။ သမ္ဗန်ဆိပ်ဂိတ်မှူးနဲ့ သမ္ဗန်ဝိုင်းဆွဲ ကြတဲ့အဖွဲ့ကို တစ်နေ့ ၈၀၀ ပေးရပြီး ညဘက်သမ္ဗန်ထားဖို့ ချည်တိုင်အတွက် ကိုတော့ တစ်ညတစ်ရာနှုန်းနဲ့ လကုန်ရင် သုံးထောင်ပေးရတယ်။ ဒါကြောင့် ဆီဈေးကျရင် ကျွန်တော်တို့အတွက် ပိုကိုက်ပါတယ်"လို့ ဦးမြတ်ကျော်က ပြောပါတယ်။
ပန်းဆိုးတန်းဆိပ်ကမ်းက သမ္ဗန်တွေက ဒလဘက်ကမ်းမှာရှိတဲ့ ကမာအောင် ချောင်းတစ်လျှောက်က သဲကုန်း၊ လှေဆိပ်၊ ငါးစားမာန်၊ ခြောက်နံပါတ် စတဲ့ သမ္ဗန်ဆိပ်တွေကို ခရီးသည်တစ်ဦး တစ်ရာကျပ်နဲ့ အလှည့်ကျပို့ပေးရတာ ဖြစ်ပြီး ကမာအောင်ချောင်းရဲ့ အလယ် ပိုင်းမှာရှိတဲ့ တံတားကျော်ရင်တော့ သမ္ဗန် စီးသူတွေကို တစ်ယောက်နှစ်ရာကျပ်စီ ကောက်ခံတယ်လို့ သိရပါတယ်။
ငွေကြေးအဆင်ပြေဖို့အတွက် သမ္ဗန် မောင်းဖို့ ကန့်သတ်ထားတဲ့ ည ၁၂ နာရီ ကနေ မနက် ၃ နာရီအထိကလွဲပြီး အဆင် ပြေသလို သမ္ဗန်ထမောင်းရတယ်ဆိုတဲ့ ကိုဇော်ထွန်းက "ကျွန်တော်က ၆ နံပါတ် မှာ နေတာဆိုတော့ ညဘက်သမ္ဗန်သိမ်းရင် လမ်းလျှောက်သွား လို့လည်းမရဘူး။
ဆိုင်ကယ်ကယ်ရီစီးရင် တစ်ယောက် ငါးရာဆိုတော့ ငါးရာချင်းအတူတူ ညနက်မှပဲ အိမ်ပြန်ဖြစ်တယ်။ ၁၀ နာရီ ခွဲ၊ ၁၁ နာရီလောက် အထိ သမ္ဗန်ဆွဲပါ တယ်"လို့ ပြောပါတယ်။
အိမ်မှာကလေးအငယ်ရှိတာကြောင့် ထမင်းချိုင့်လည်း မယူဖြစ်တဲ့ ကိုဇော် ထွန်းက အပြင်မှာ ထမင်းတစ်ခါစား ခုနစ် ရာလောက်ကုန် တာမို့ နောက်တစ်ကြိမ် သမ္ဗန်ထပ်ဆွဲရဖို့ စိတ်လောနေပုံပါပဲ။
"မနက်ပိုင်းနဲ့ ညနေပိုင်းက အလှည့် ကျထွက်ရတာ။ သိပ်မစောင့်ရပေမယ့် နေ့ခင်းပိုင်းမှာ ပိုက်ဆံတစ်ထောင်ရဖို့ မလွယ်လှဘူး။ အရင်က ဒီပန်းဆိုးတန်း ဂိတ်မှာ သမ္ဗန်စင်းရေ ၁၂၀ လောက်ပဲ ရှိပြီး တကယ်တမ်း ထွက်တဲ့သူက ၈၀ လောက်ပဲဆိုတော့ အဆင် ပြေတယ်။ အခုတော့ အရမ်းများနေလို့ ဟိုတစ် လောက သမ္ဗန်သမားတွေ ၀ိုင်းဆွေးနွေး ကြသေးတယ်"လို့ ပြောပါတယ်။
သူအပါအ၀င် သမ္ဗန်မောင်းသူ တချို့ က ခေါက်ရေများများရပြီး ၀င်ငွေတိုးလာ ဖို့ လက်ရှိမှာများပြားလွန်းတဲ့ သမ္ဗန်စီးရေ တွေကို လျှော့ချချင်နေကြပါတယ်။
ဒါကြောင့် လက်ရှိမောင်းနေကြတဲ့ သမ္ဗန်စင်းရေ ၁၈၀ ကို ၉၀ စီခွဲပြီး နှစ် ရက်မောင်း တစ်ရက်နားစနစ်နဲ့ ပြောင်း ချင်ကြပေမယ့် အုပ်ချုပ်ရေးပိုင်းက လက်မခံတာကြောင့် မပြောင်းနိုင်ဘဲ တစ်နေ့လုံး ကျပ်တစ်သောင်းကျော် လောက် ကုန်းရုန်းပြီးရှာတာတောင် ဟိုနုတ်ဒီနုတ်နဲ့ နောက်ဆုံးမှာ ကျပ် ၃,၀၀၀ လောက်ပဲ အိမ်ပါသွားကြတယ်လို့ သမ္ဗန်သမားအများစုကဆိုကြပါတယ်။
ပန်းဆိုးတန်းဆိပ်မှာ သမ္ဗန်မောင်း သက် ၁၀ နှစ်ကျော်ပြီဆိုတဲ့ ကိုဇော်ထွန်း ကတော့ ငွေကြေးနည်းနည်းလောက် စုမိတဲ့အခါ အရောင်းအ၀ယ် လုပ်ဖို့ စိတ်ကူးထားပေမယ့် ရတဲ့ဝင်ငွေ က ထမင်းဖိုးတောင် အနိုင်နိုင်မို့ အဆင် မပြေပေမယ့် သမ္ဗန်ပဲ ဆက်မောင်း နေရ တယ်လို့ ဆိုပါတယ်။
"ငယ်ငယ်လေးတုန်းကတော့ တိုင်းရင်းဆေးအတွက် ကုန်ကြမ်းအမှုန့်ကြိတ်တဲ့ဆီမှာ လုပ်ခဲ့တာ။ ရှစ်နှစ်လောက် ကြာတယ်။ ကျောင်းစာလည်းမတတ်၊ မိဘတွေကလည်း သမ္ဗန်ကြီးသမားတွေ ပဲဆိုတော့ နီးစပ်ရာသမ္ဗန်ပဲ မောင်းဖြစ်တာ။ အခုက မောင်းနိုင်ရင် မောင်း၊ မမောင်းနိုင်ရင် ကုန်းပေါ်တက်၊ ကြိုက်တဲ့ အလုပ်လုပ်ဆိုတော့ ကုန်းပေါ်မှာလည်း တတ်တဲ့အလုပ်ကမရှိ" လို့ ကိုဇော်ထွန်း က ခပ်လေးလေး ပြောပါတယ်။
သမ္ဗန်သမားတွေ အားလုံးလိုလိုဟာ စီးပွားရေးအဆင်မပြေမှုကို သူတို့ တတ် နိုင်သရွေ့ နည်းလမ်းမျိုးစုံစဉ်းစားပြီး ဖြေရှင်းဖို့ကြိုး စားကြရာမှာ သမ္ဗန်သမား တစ်ဦးဖြစ်တဲ့ ကိုဇော်ခိုင်ဝင်းကတော့ သမ္ဗန်စီးခဈေးနှုန်းကို ကျပ် ၁၀၀ ကနေ ၂၀၀ တိုးမြှင့်ကောက်ခံချင် တယ်လို့ ဆိုပါတယ်။
သူက အရင်က သမ္ဗန်ဆိပ်မှာ ဂိတ်မှူး လုပ်ပြီး လွန်ခဲ့တဲ့နှစ်နှစ်ကမှ သမ္ဗန်ဝင် မောင်းလာတာ ပြောပါတယ်။
"အရင်က လက်ဖက်ရည်ဆိုင်မှာ မုန့်ကြော်တယ်။ နောက်တော့ သမ္ဗန်ဆိပ် ဂိတ်မှူးအဖြစ် တစ်နေ့ကို ကျပ် ၃,၈၅၀ နဲ့ သုံးနှစ်လောက် လုပ်ဖြစ်တယ်။ ဂိတ်မှူး အလုပ်က ပုံမှန်ဝင်ငွေရှိပေမယ့် ၀င် မောင်းတော့ လေးထောင်လောက်ရတဲ့ နေ့တွေလည်း ရှိတယ်။ ကိုယ်အပင်ပန်း ခံနိုင်ရင် ခံနိုင်သလိုပေါ့"လို့ အလုပ် ပြောင်းဖြစ်ပုံကို သူကရှင်းပြပါတယ်။
"ကျွန်တော်တို့ မြန်မြန်မမောင်းဘူးဗျ။မြန်မြန်မောင်းတာ ငါးဖမ်းစက်လှေတွေ ပဲ။ ပိုက်ချတဲ့လှေတွေနဲ့ ပိုက်တွေကို တော့ နည်းနည်း သတိထားရတယ်။ ချပြီး အတော်ကြာရင် မငြိပေမယ့် ချချချင်း တော့ ကြည့်ရှောင်ရတာပါပဲ။ ပင်လယ် ကူးသင်္ဘောအကြီးကြီး တွေလည်း အ၀င် အထွက်ရှိတော့ သူတို့က ဟွန်းသံပေးရင် ကိုက်ငါးရာအတွင်း ဖြတ်မမောင်းရ တော့ စက်သတ်ပြီးစောင့်နေရတယ်" လို့ သမ္ဗန်မောင်းပြီး ပြန်လာခါစဖြစ်တဲ့ ကိုဇော်ခိုင်ဝင်းက သူ့အလုပ်အကြောင်း ကို ပေါ့ပေါ့ပါးပါးပဲ ရှင်းပြပါတယ်။
သမ္ဗန်စီးသူတွေထဲမှာ ရုံးဝန်ထမ်းနဲ့ လက်လုပ်လက်စားတွေ များပေမယ့် နွေဦးပေါက်ချိန်တွေမှာတော့ အလည် အပတ်သွားကြသူတွေ၊ ပင်လယ်ကူး သင်္ဘောကြီးတွေ ကျောက်ချနားချိန်မှာ အဲဒီက သင်္ဘောသားတွေ သမ္ဗန်ငှားရင် တော့ မုန့်ဖိုး ပိုရတတ်တာကြောင့် သင်္ဘောကြီးတွေ နားမယ့်အချိန်ကို လည်း သမ္ဗန်သမားတွေက သဘော တကျနဲ့စောင့်မျှော်နေတတ်ကြပါတယ်။
မိုးတွင်းပိုင်းမှာ မြစ်ရေပြင်တစ်လျှောက် အမှိုက်ကင်းတတ်ပေမယ့် နွေနဲ့ ဆောင်း မှာ အမှိုက်တွေ သမ္ဗန်ပန်ကာဒလက်ကို လာငြိ တတ်လို့ သတိထားရတာကြောင့် သမ္ဗန်မောင်းသမားတွေက မြစ်ထဲကို အမှိုက်မပစ်စေချင်ကြပါဘူး။
ညနေစောင်းလာပါပြီ။
သမ္ဗန်စီးသူတွေ များများရောက်တဲ့အချိန်ဖြစ်တာ မို့ လှုပ်လှုပ်ရှားရှားဖြစ်လာတဲ့ သမ္ဗန် သမားတွေဟာ လေပြင်းပြင်းနဲ့အတူ ၀ုန်းခနဲ ရွာချလိုက်တဲ့ မိုးကြောင့် အပြေးအလွှားနဲ့ မိုးလွတ်ရာကိုပြေးရင်း မကျေမနပ် ရေရွတ်လိုက်ကြပါတယ်။
လှိုင်းဒဏ်၊ လေဒဏ်တွေလောက်တော့ သူတို့သမ္ဗန်တွေက ခံနိုင်ရည်ရှိပါတယ်လို့ သမ္ဗန်သမားတွေက အာမခံ ပြောနေပေမယ့် ခရီးသည်တွေဘေးကင်းစေဖို့ မိုးသည်းရင်၊ လေထန်ရင် သမ္ဗန် မထွက်ရဆိုတဲ့ စည်းကမ်းကိုတော့ သူတို့ဘယ်သူမှ မလွန်ဆန်နိုင် ကြဘူး မဟုတ်လား။
Myanmar Times Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis