menu

Friday 29 June 2012

သိကြားမင်းဦးမာဃ နှင့် မာတလိ


 
တစ်နေ့တွင် သိကြားမင်းဦးမာဃသည်  တပည့်ကျော်မာတလိနတ်သားအား ခေါ်ယူတွေ့ဆုံ၍ အောက်ပါအကြောင်း အရာများကို မေးမြန်းခဲ့လေသည်။
ဦးမာဃ- သင်္ကြန်ပြီးကတည်းက လူ့ပြည် ကို ထပ်မရောက်တော့ နင့်ကိုလူ့ပြည်ရဲ့ သတင်းတွေ မေးရဦးမယ်။
မာတလိ- မှန်လှပါ။ ကျွန်တော်မျိုးသိသ မျှ ရွှေနားတော်သွင်းပါ့မယ် ဘုရား။
ဦးမာဃ- လူဦးရေတစ်ထောင်မှာ ကား (၁၄) စီး စီးနိုင်ပြီဆို ဟုတ်ရဲ့လားကွဲ့။
မာတလိ- ပြောကြတာပါပဲဘုရား။ ကျွန်တော်မျိုးသိတာကတချို့လူတွေတစ်ဦး တည်းကား (၇) စီးလောက်ပိုင်တာတွေ တော့တွေ့ရပါတယ်ဘုရား။
ဦးမာဃ- သဘာဝဓာတ်ငွေ့တွေ၊ ရေ အားလျှပ်စစ်တွေက တိုင်းပြည်အတွက် ဒေါ်လာတွေတော်တော်ဝင်တယ်ဆို။

မာတလိ- ကျွန်တော်မျိုးမသိကြောင်းပါ ဘုရား။ မီးမမှန်လို့ ဆန္ဒပြပွဲတွေဖြစ်၊ မီး လင်းဖို့နိုင်ငံခြားကနေ မီးစက်ကြီးတွေပြန် ပြီး ၀ယ်ယူနေရတာတော့သိပါတယ်ဘုရား။
ဦးမာဃ- ဟုတ်ရဲ့လားကွယ်။ကုန်အောင်  မသုံးနိုင်လို့တောင်နိုင်ငံခြားကိုရောင်းစား ရတာဆို။
မာတလိ- ဘယ်လိုပုဂ်္ဂိုလ်မျိုးက ပြောတာ  ပါလဲဘုရား။ ကျွန်တော်မျိုးသိတာကတော့ “ဖယောင်းတိုင်လေးတွေ ထွန်းပြီးနေကြ ရင် အားလုံးအဆင်ပြေသွားမှာပါ”ဆိုတဲ့ စကားတော့ကြားမိပါတယ်ဘုရား။ သတင်း ယူဖို့ဆင်းတဲ့ ကျွန်တော်မျိုးတောင်ဖယောင်း တိုင်ဖိုးတော်တော်ကုန်သွားပါတယ်ဘုရား။
ဦးမာဃ- အလုပ်အကိုင်အခွင့်အလမ်း တွေပွင့်လာပြီ။ ဆင်းရဲသားပပျောက်ရေး၊ လူတန်းစားမြှင့်တင်ရေးတွေလုပ်နေကြတယ်  ဆိုဟုတ်ရဲ့လားကွယ့်။
မာတလိ- မသိကြောင်းပါဘုရား။ လုပ်  အားခနည်းလို့ဆန္ဒပြတောင်းဆိုပွဲတွေ ဆက်တိုက်ဖြစ်လာတာတော့သိပါတယ် ဘုရား။ ပြီးတော့လုပ်သားတစ်ယောက် နေ့စဉ်ဝင်ငွေနဲ့ ဆန်တစ်ပြည်ဘယ်လောက်   ဆိုတာပဲ သိပါတယ်ဘုရား။
ဦးမာဃ- သယ် မောင်မင်း ငါမေးတာနဲ့ နင် ဖြေတာတွေက တခြားစီတွေပါပဲလား။
မာတလိ- မှန်လှပါဘုရား။ ကျွန်တော်  မျိုးသိသမျှက ဒါတွေပါပဲဘုရား။
ဦးမာဃ- ကဲ ကဲ ထားပါတော့။ စိုက်ပျိုး  ရေးကို စက်မှုလက်ယာအဖြစ်အရှိန်အဟုန် မြှင့်ပြီး ကူးပြောင်းနေကြပြီဆို။
မာတလိ- ကျွန်တော်မျိုးညံ့ဖျင်းလှကြောင်း ပါဘုရား။ စက်မှုဇုန်စီမံကိန်း၊ဆည်စီမံကိန်း  ဘာညာစီမံကိန်းတွေအကြောင်းပြလို့ လယ်ပိုင်ရှင်တွေလယ်ပျောက်ဒုက္ခရောက်  နေကြပါတယ်ဘုရား။ သမိုင်းထဲက ချစ်တီးတွေလိုပါပဲဘုရား။
ဦးမာဃ- ကိုယ်ပိုင်ကျောင်းတွေဖွင့်ဖို ရန်ကုန်တက္ကသိုလ်ကြီးကို အသက်ပြန်သွင်း  တော့မယ်ဆို။
မာတလိ- မသိကြောင်းသာပြောပါရစေ ဘုရား။ ပညာသင်ချိန်မှာ လယ်ထဲဆင်း၊  ဈေးရောင်း၊ စားပွဲထိုးဝင်လုပ်နေကြတဲ့ ကလေးတွေ၊ ဘွဲ့လက်မှတ်ကိုင်ပြီးအလုပ် ရှာနေရတဲ့ သူတွေတော့အများကြီးတွေ့ ခဲ့ရပါတယ်ဘုရား။
ဦးမာဃ- ပြည်သူ့ဆေးရုံတွေမှာရေးထား တဲ့ စရိတ်မျှပေးကျန်းမာရေးဆိုတဲ့ ဆောင်ပုဒ်လေးကိုတော့ငါကိုယ်တော် သဘောကျတယ်ကွယ့်။
မာတလိ- ဆောင်ပုဒ်လေးလေးကတော့  လှပါတယ်ဘုရား။ ဆေး ပတ်တီးလက်အိတ်  အဆုံးလူနာကပဲဝယ်သုံးနေရတာပါဘုရား။  ဓာတ်မှန်ကြေး၊ သွေးစစ်ကြေးဆိုလည်းပေး  ရတာပါပဲဘုရား။ အဆင်မသင့်ရင်တာဝန်  ကျဆရာဆရာမရဲ့ အဆူအငေါက်လည်း ခံကြရပါတယ်ဘုရား။
ဦးမာဃ- မာတလိ ငါဒေါသထွက်လာပြီ နော်။
မာတလိ- မုသားသုံး၍ မဖြေ၀ံ့ကြောင်း ပါဘုရား။
ဦးမာဃ- နင့်အဖြေကလည်းကမောက် ကမ၊ငါကလည်း မမေးဘဲနဲ့မနေနိုင်။သြော် ဒါနဲ့ လှည်းတန်းကခုံးကျော်တံတား ကြီးကို လေးလနဲ့အပြီးဆောက်မယ်လို့ ကြားပါတယ်။
မာတလိ- လူတွေရဲ့စကားကိုအင်မတန် သတိထားရပါတယ်ဘုရား။ ကျွန်တော်မျိုး  တို့ လိုနတ်သိဒ်္ဓိနတ်တန်ခိုးနဲ့ဥုံမန်းလိုက်ရင်  တော့ ချက်ချင်းပြီးနိုင်ပါတယ်ဘုရား။
ဦးမာဃ- မာတလိရယ် နင့်အပြောက တော့ရွှေမန်းပဲ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရမှန်းတန်ဖိုးထားရမှန်းသိတယ် ဆိုတော့ဝမ်းသာစရာပဲကွာ။
မာတလိ- အခါလွန်မိုးရွာတဲ့သဘောပါ ပဲဘုရား။ ရွှေတူးလိုက်ကြေးတူးလိုက်နဲ့ မြင်တွေချောင်းတွေတိမ်ကာ တောပြုန်း တောင်ပြုန်းတောင်ကတုံးတွေတော့ အများ ကြီးတွေ့ရပါတယ်ဘုရား။ ”ဥတုရာသီ တောကိုမှီ၏” ဆိုတဲ့ သစ်တောကဆိုင်းဘုတ်  လေးတောင်ကျွန်တော်မျိုးဖြုတ်သိမ်းထား လို့ အရှင်ပြန်တွေ့ရတာပါဘုရား။
ဦးမာဃ- ဘာပဲပြောပြော တရားစီရင် ရေးမဏ္ဍိုင်ကို အလေးထားပြုပြင်နေကြ တာတော့ ကျေနပ်စရာကွယ့်။
မာတလိ- သာမာန်ပါးရိုက်တဲ့ အမှုသေး သေးလေးတွေကိုတောင်နှစ်နဲ့ချီပြီးသေ သေချာချာစစ်ဆေးနေပါတယ်ဘုရား။ တလောကစီရင်ချက်ချတဲ့ပါးရိုက်မှုဆိုရင်  ဒဏ်ငွေတစ်ထောင်သတ်မှတ်လိုက်ပါ တယ်ဘုရား။
ဦးမာဃ- ကောင်းလေစွ ကောင်းလေစွ။
ရုပ်ရှင်လောကကို ဖြေလျှော့မှုတွေပေး လိုက်ပြီဆိုတော့ ဇာတ်ကားကောင်းတွေ ထွက်လာပြီလားကွယ့်။
မာတလိ- ဟာသကားကိုမရယ်ရအောင်  ရိုက်တတ်နေကြပါပြီဘုရား။
ဦးမာဃ- ဟဲ့ ဒါနဲ့ လူ့ပြည်မှာနာမည်ကြီး တဲ့ သူဌေးသူကြွယ်ကြီးတွေအကြောင်း ဘာကြားမိသေးသလဲကွဲ့။
မာတလိ- မှန်လှပါဘုရား။ လူ့ပြည်မှာ လုပ်စားကိုင်စားခဲ့တာအရမ်းအောင်မြင်ခဲ့  ပါတယ်ဘုရား။ ဈေးကွက်အသစ်ရှာဖို့မ ကြာခင်နတ်ပြည်ကိုလာခဲ့မယ့်အကြောင်း E-mail ရထားပါတယ်ဘုရား။
ဦးမာဃ- ဘာ ဘာကွယ့်။ သူတို့ကနတ် ပြည်မှာ စီးပွားရေးလုပ်ချင်တယ် ဟုတ် လား။ ဒီကောင်တွေလာရင် နတ်ပြည်ပါ  ကမောက်ကမဖြစ်လိမ့်မယ်။ နတ်ပြည်မှာ  မီးမမှန်ဘူး ဈေးကွက်မရှိဘူး။ ငရဲပြည်မှာက  ပိုကောင်းတယ်။ ငရဲမင်းနဲ့ စည်းဝါးကိုက် ရင် ခါးပိုက်ထဲအကုန်ထည့်ရကြောင်း ငါးစာ ချမက်လုံးပေး၊ ဒီကောင်တွေဆီ E-mail အမြန်ပြန်ပို့။
မာတလိ- မှန်လှပါ၊ သင့်မြတ်လှကြောင်း  ပါဘုရား။ ကွန်နက်ရှင်မဒေါင်းခင် E-mail အမြန်ပို့ဖို့သွားပါတော့မယ်ဘုရား။

ရဲထွဋ်စိုး (ရေနံ့သာ)
The Hot News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis