(၁)
ဆရာ့အိမ်ပေါ်ကို လှမ်းတက်လိုက်တိုင်း စက္ကူပန်းရုံလေးက ဦးစွာ ကြိုနှင့်လျက်။
ဖွင့်ထားတဲ့ တံခါးရွက်ပေါ်မှာ လူထု-ဦးစိန်ဝင်း(၀င်းဇော်) ဆိုတဲ့
ဆိုင်းဘုတ်ငယ်ကို ချိတ်ဆွဲထားတယ်။ ဆရာက သူ့အိမ်တံခါးကို အမြဲတန်း
ဖွင့်ထားတယ်။ သူ့ဆီရောက်လာသမျှ လူတိုင်းရဲ့ ရင်ဖွင့်သံတွေကို မငြီးမငြူ
နားထောင်ပေးခဲ့တယ်။
၂၀၁၂ ခုနှစ်။ ဇွန်လ ၁၇ ရက်။ ဆရာ့အိမ်တံခါးက ဖွင့်ထားလျက်ပါပဲ။
ဆရာ့အိမ်အ၀င်က စက္ကူပန်းရုံလေးလည်း အပွင့်တွေ ဝေဆာနေမြဲပါပဲ။ ဒါပေမယ့် ဆရာက
မရှိတော့ပြီ။ ပြည်သူတွေရဲ့စကားသံကို ပြည်သူတွေဆီ ပြန်ပို့ပေးနေတဲ့
ပြည်သူ့စကားပြန်ကြီးတစ်ယောက် သံသရာ ခရီးရှည်ထွက်သွားခဲ့ပါပြီ။
(၂)
၂၀၀၅ ခုနှစ် နှောင်းပိုင်းကာလ တစ်ခုမှာ ဆရာနဲ့ကျွန်တော် လူချင်း
စတွေ့ခဲ့တယ်။ ဆရာ့အိမ်ပေါ်မှာပဲ တွေ့ခဲ့ကြတာပါ။ အဲဒီအချိန်တုန်းက
ကျွန်တော်ဆိုတာ Eleven Media Group မှာ အလုပ်ဝင်ခါစ အငယ်တန်း
သတင်းထောက်အဆင့်ပဲ ရှိပါတယ်။ ဆရာက ၀ါရင့်သတင်းစာဆရာ။ ကို ကိုးကျွန်းပြန်။
ယုံကြည်ရာ ၀ါဒကို ဆုပ်ကိုင်ပြီး စိတ်ဓာတ်ခိုင်မာမှုနဲ့ဘ၀ကို
ဖြတ်သန်းနေတဲ့သူ။ ကျွန်တော် ပြောသမျှတွေကို ဆရာ နားထောင်ပေးခဲ့တယ်။
နောက်တော့ သူ့ရဲ့ သုံးသပ်ချက်တွေကို ပြောပြတယ်။ နားထောင်နေတုန်း
ပြုံးရိပ်သန်းနေတဲ့ ဆရာ့မျက်ဝန်းတွေဟာ သုံးသပ်ချက် တွေ ပြောချိန်မှာတော့
အရောင်လက်လို့နေပါတယ်။ သတင်းသမားဆိုတာ ပြည်သူဘက်က အမြဲရပ်ရမယ်။
ဘက်မလိုက်ရဘူး။ ပြည်သူတွေအတွက် အမှန်တရားဘက်မှာ အမြဲရှိနေရမယ်။
စတွေ့ချင်းမှာပဲ ဆရာက ဒီလိုစကားတွေကို စပြောခဲ့ပါတယ်။
နောက်တော့ ဆရာနဲ့ တဖြည်းဖြည်း ရင်းနှီးလာတယ်။ စကားတွေ ပိုပြောဖြစ်လာတယ်။
ကျွန်တော့်ကို လွှမ်းမိုးသူတွေထဲမှာ တစ်ဦး ဖြစ်လာခဲ့တယ်။ ဆရာ့ရဲ့ အယူအဆ၊
ဆရာ့ရဲ့ အတွေးအခေါ်တွေက သင်ရိုးတစ်ခု ဖြစ်လာခဲ့တယ်။ တစ်လတစ်ကြိမ် တွေ့ရာက
တစ်ပတ်တစ်ကြိမ် တွေ့ ဖြစ်လာတယ်။ အပတ်စဉ် သောကြာနေ့တိုင်းဟာ ဆရာနဲ့
တွေ့နေကျ။ ဆရာနဲ့ စကားပြောနေကျ။
ဆရာ့ကို လူချင်း မတွေ့ဖူးခင် အချိန်မှာ ဆရာ့စာတွေက ကျွန်တော်တို့ကို
ခွန်အားပေးခဲ့ဖူးတယ်။ လွှမ်းမိုးခဲ့ဖူးပါတယ်။ အထူးသဖြင့် အလံမလှဲစတမ်း။
ဒီစာအုပ်ကိုတော့ ၀င်းဇော်ဆိုတဲ့ ကလောင်နဲ့ ရေးခဲ့တာပါ။
ဘာသာပြန်စာအုပ်ဖြစ်ပေမယ့် ဆရာပေးချင်တဲ့ ခွန်အားက ကျွန်တော်တို့ စိတ်ထဲကို
စိမ့်ဝင်ခဲ့ပါတယ်။ ချောအိဆိုတဲ့ နာမည်တွေ၊ ချောအိမာန်ဆိုတဲ့ နာမည်တွေ။
အလံမလှဲစတမ်းကို ၂၀၀၀ပြည့်နှစ်လွန် မတိုင်မီကာလ တစ်ခုမှာ ပထမဆုံး
ဖတ်ဖူးခဲ့တယ်။ ကျွန်တော့်အသက် ၁၅၊ ၁၆ အရွယ်။
ဆရာကိုယ်တိုင်လည်း အလံမလှဲစတမ်းကို အကြိုက်ဆုံး ဖြစ်ခဲ့ပုံရပါတယ်။
သူ့သမီးနာမည်ကို ချောအိဝင်းဇော်လို့ ပေးခဲ့တယ်။ စကားကြုံလို့
အလံမလှဲစတမ်းအကြောင်းပြောတိုင်း ဆရာ့ရဲ့မျက်လုံးတွေက အရောင်တောက်လို့နေမြဲ။
၁၉၇၅ ခုနှစ် ဆရာထောင်ကလွတ်တော့ အလံ မလှဲစတမ်း ဒုတိယအကြိမ် ပြန်ထွက်လာတယ်။
ဝင်းဇော် ပြန်လာပြီ။ ချောအိမာန်ပြန်လာပြီတဲ့။ ဒီနောက်ပိုင်းတော့
အလံမလှဲစတမ်း နောက်တစ်ကြိမ် ထွက်မလာတော့။ စာအုပ် အဟောင်းတန်းမှာလည်း
မရှိတော့။ အလံမလှဲစတမ်းကို တတိယအကြိမ်ပြန်ပြီး ပုံနှိပ်လိုတဲ့ ဆန္ဒက ဆရာ့မှာ
ရှိထားခဲ့ပြီးပြီ။ ပြန်ထုတ်နိုင်ဖို့ ကြိုးစားခဲ့တယ်။ တတိယအကြိမ်
ပုံနှိပ်ဖို့အတွက် ခွင့်ပြုချက် မရခဲ့ဘူး။
ဒါပေမယ့် ၂၀၁၂ ခုနှစ် မတ်လမှာတော့ အလံမလှဲစတမ်း တတိယအကြိမ်
ပြန်ထွက်လာခဲ့တယ်။ ကျေနပ်ခြင်းထက်ပိုတဲ့ ခံစားမှုကို ဆရာ့ဆီမှာ
တွေ့ခဲ့ရပါတယ်။ အလုပ်သမားတွေ ဆန္ဒပြနေတဲ့ ဒီလိုအချိန်မှာ အလံမလှဲစတမ်း
ပြန်ထွက်လာတာ တော်တော်ကောင်းတယ်လို့ ဆရာက ပြောခဲ့ဖူးပါတယ်။ ဇွန်လ ၆
ရက်နေ့က နောက်ဆုံးရေးခဲ့တဲ့ ဆရာ့ဆောင်းပါးမှာလည်း
အလံမလှဲစတမ်း ပြန်ထုတ်ခွင့်ရတာနဲ့ ပတ်သက်လို့ ထည့်ရေးခဲ့တာ တွေ့ရပါတယ်။
နှစ်ပေါင်း နှစ်ဆယ်လုံး ထုတ်ဝေခွင့်မရခဲ့တဲ့ အလံမလှဲစတမ်းစာအုပ်
ပြန်ထွက်လာတဲ့အချိန်နဲ့ မရှေးမနှောင်း လူထုစိန်ဝင်းလည်း နာလန်ထူစပြုလာချိန်
တိုက်ဆိုင်တယ်လို့ ဆရာက ရေးခဲ့ပါတယ်။
''အသက် အသေခံမယ်။ အလံ မလှဲစတမ်းဆိုတဲ့ ချောအိမာန်စိတ်ဓာတ် ဒီနေ့ခေတ်
လူငယ်လူရွယ်များအကြား ရှင်သန်ပါစေ။ ပျံ့နှံ့ပါစေ။ ကြီးထွားခိုင်မြဲပါစေ။
ကြောက်စိတ်မှန်သမျှ တိုက်ထုတ်နိုင်ကြပါစေ''လို့ အလံမလှဲစတမ်း တတိယအကြိမ်
ထုတ်စာအုပ်ရဲ့ အမှာစာမှာ ဆရာ ရေးခဲ့ပါတယ်။
(၃)
ဆရာနဲ့စကားပြောရင်း တစ်ခါတစ်ရံမှာ အမြင်မတူတာ၊ အယူအဆ မတူတာတွေ
ရှိတတ်ပါတယ်။ တစ်ခါတုန်းကတော့ ''ဆရာက လူငယ်တွေကို ယုံလွန်းတယ်။
တစ်ချိန်တုန်းက ဆရာ ယုံကြည်ခဲ့တဲ့ ဆရာ့တပည့်တွေ ဒီနေ့အချိန်မှာ
ဆရာယုံကြည်သလို ဖြစ်လာလို့လား။ ဆရာ ယုံသလို ဖြစ်မလာပေမယ့် ဆရာက အခုချိန်ထိ
လူငယ်တွေကို ယုံနေတုန်းပဲ။ အဲဒါကို မလျော့သင့်ဘူးလား''လို့ မေးခဲ့ဖူးတယ်။
ကျွန်တော် ပြောသွားတဲ့စကားဆုံးသွားတဲ့အထိ ဆရာက ပြုံးပြီး ကြည့်နေခဲ့တယ်။
နောက်တော့ သုံးသပ်ချက်ပေးတယ်။
''ဆရာ ယုံသလို ဖြစ်မလာပါဘူး။ ဒါပေမယ့် ဆရာ လူငယ်တွေကို ယုံကြည်တယ်။
ယုံခဲ့သလိုဖြစ်မလာတဲ့ တပည့်တွေက စိတ်ဓာတ်ခိုင်မာမှုမှ မရှိပဲ။ တချို့ဆိုလည်း
သူတို့ဝမ်းရေးအတွက် သူတို့ယုံကြည်ချက်ကို စွန့်လွှတ်လိုက်ကြတယ်။ အဲဒီအတွက်
သူတို့ကို ခွင့်လွှတ်ဖို့ ဆရာကို ပြော ကြတယ်။ သူတို့လမ်း သူတို့
ရွေးချယ်ကြတာပါ။ ဆရာကတော့ လူငယ်တွေကိုဆက်ပြီး ယုံနေမှာပဲ''လို့ ဆရာက
ပြန်ပြောခဲ့ဖူးပါတယ်။ ဆရာက လူငယ်တွေကို အမြဲတမ်း ယုံကြည်ခဲ့ပါတယ်။
လူငယ်တွေဘက် အမြဲ ရပ်တည်ပေးခဲ့တယ်။ လူငယ်တွေ မှားနေပြီဆိုရင်လည်း
သတိပေးတတ်ပါတယ်။ လူငယ်တွေရဲ့ စကားကို ဂရုတစိုက်နားထောင်ပေးပြီး
ဖြစ်သင့်တဲ့လမ်းကြောင်းတစ်ခုကို ပုံဖော်ပေးတတ်တာ ဆရာ့ရဲ့
စိတ်ရင်းတစ်ခုပါပဲ။
လူငယ်တွေမှ မဟုတ်ပါဘူး။ သူ့ဆီကို ရောက်လာတဲ့သူတိုင်းရဲ့
ရင်ဖွင့်သံတွေကို ဆရာက စိတ်ရှည် လက်ရှည် နားထောင်ပေးပါတယ်။ အိမ်ထဲမှာ
နေရသူဆိုပေမယ့် ဆရာက သတင်းစုံ သိနေတဲ့သူပါ။ ဆရာ့အိမ်ကို လူပေါင်းစုံ
လာပါတယ်။ ရင်ဖွင့်ပါတယ်။ တချို့ကလည်း ဖုန်းနဲ့ ပြောပါတယ်။
သူတို့ပြောတာတွေကို ဆရာနားထောင်ပါတယ်။ နောက်ပြီး ရေဒီယို၊ အင်တာနက်၊ ရုပ်သံ
မီဒီယာ အကုန်လုံးကို နေ့စဉ် ထိတွေ့ပါတယ်။ သူ့ရဲ့ ဆင်ခြင်ဉာဏ်၊
အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး ပြည်သူတွေအတွက် ဆောင်းပါး ရေးပါတယ်။
(၄)
ဆရာနဲ့ ပတ်သက်လို့ ထူးခြားတာတစ်ခု ရှိပါသေးတယ်။ သူ မသေခင်မှာ
သူ့အကြောင်းရေးတာကို မကြိုက်တဲ့အချက်ပါ။ ပိတောက်ပွင့်သစ်
စာပေအနုပညာမဂ္ဂဇင်းကဆရာ့ကို မျက်နှာဖုံးတင်ပြီး ဆရာ့အကြောင်း
အထူးထုတ်လုပ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပါတယ်။ ဒီလိုလုပ်ဖို့ ဆရာ့
ဆီလာပြီး ခွင့်တောင်းတဲ့အကြိမ်တိုင်း ဆရာက ငြင်းပယ်ခဲ့ပါတယ်။ လူတစ်ဦးရဲ့
အကြောင်းကို သေမှ ဆုံးဖြတ်ရတယ်ဆိုတဲ့ အယူအဆကို ဆရာက လက်ခံထားပုံရပါတယ်။ သူ
မသေသေးဘဲနဲ့ သူ့အကြောင်းတွေ ဇာချဲ့ရေးတာ သူမကြိုက်တဲ့အကြောင်း အခါခါ
ပြောဖူးပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း ဆရာ့အကြောင်းကို ဆရာကိုယ်တိုင်ပြောပြတဲ့
အင်တာဗျူးလုပ်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ မလုပ်ပါနဲ့ကွာလို့ ဆရာက
ပြန်ပြောတယ်။ ဒါဖြင့် ဆရာမရှိတော့ရင် ဆရာ့အကြောင်း ဆောင်းပါးရေးမယ်။ ဆောင်းပါး ခေါင်းစဉ်ကို 'စက္ကူပန်းတွေနဲ့ ဆရာ့အိမ်'လို့ ခေါင်းစဉ်တပ်မယ်။ အဲဒါတော့ ဖြစ်တယ်မလားလို့မေးတော့ ဆရာက ပြုံးပြီး ကြည့်နေခဲ့ပါတယ်။
၂၀၁၁ ခုနှစ်၊ ဇွန်လတုန်းက ဆရာ့အိမ်ကို ဒေါ်အောင်ဆန်းစုကြည် လာတွေ့ပါတယ်။
ဆရာတို့ ပြောကြတဲ့ စကားတွေ၊ ဓာတ်ပုံတွေကို ရလိုက်ပါတယ်။ တွေ့ပြီးချိန်မှာ
အဲဒီကိစ္စကို သတင်းအဖြစ်လောက်ပဲထည့်ပြီး သိပ်အကျယ်ချဲ့မရေးဖို့ ဆရာက
မှာပါတယ်။ နောက်တော့ နှစ်ကာလများ စာအုပ်တိုက်က တွေ့ဆုံပွဲမှ
ဆွေးနွေးပွဲသို့ ဆိုတဲ့ ဆရာ့စာအုပ်အတွက် ဆရာနဲ့
ဒေါ်အောင်ဆန်းစုကြည်တွေ့တဲ့ဓာတ်ပုံ သုံးဖို့ ဆရာ့ဆီ ခွင့်တောင်းပါတယ်။ ဆရာက
ခွင့်မပြုခဲ့ပါဘူး။ ခုတုံးလုပ်ပြီး ကျော်ကြားအောင်လုပ်တာမျိုး
မလုပ်ချင်ဘူးလို့ ဆရာကပြန်ပြောခဲ့ပါတယ်။ အဲဒါက ဆရာ့ရဲ့ ထူးခြားချက်တွေထဲက
တစ်ခုပါပဲ။
(၅)
ဆရာက အယူအဆ ပြင်းထန်ပေမယ့် ခေါင်းမာတဲ့သူတော့ မဟုတ်ပါဘူး။ ခေါင်းမာသူတိုင်း လူရိုင်း မဟုတ်ဘူးဆိုတဲ့ ဆောင်းပါးမှာလည်း
ဒီအကြောင်းကို ဆရာရေးခဲ့ဖူးပါတယ်။ နူးညံ့တဲ့နှလုံးသားက ဆရာ့ဆီမှာ
ရှိထားခဲ့ပြီးသားပါ။ ဂီတကို နှစ်သက်တယ်။ ဂျွန်လန်နွန်ရဲ့ Imagine သီချင်းက
ဆရာအကြိုက်ဆုံး သီချင်းတွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။ ဒီသီချင်းဘာသာပြန်ပြီး ဆောင်းပါးတွေ
ရေးခဲ့ဖူးပါတယ်။ နောက်ပြီး ရုပ်ရှင်ကြည့်တတ်သူ၊ ဟောလိဝုဒ်ကားတွေကိုတော့
စွဲလန်းပုံ မပေါ်ပါဘူး။ ဟောလိဝုဒ်ကားတွေက ခပ်ချာချာတွေ များပါတယ်ကွာလို့
ဆရာက မှတ်ချက်ချဖူးတယ်။ အထူးသဖြင့်တော့ ကဗျာတွေကို သဘောကျတာပါပဲ။ 'မော်ဒန်
လက်ဖက်ရည်ပန်းကန်ထဲက မုန်တိုင်းငယ်' စာအုပ်ထွက်တော့ ဆရာ့ကို ၀ိုင်းပြီး
ဝေဖန်ကြတာ ရှိဖူးပါတယ်။ ဆရာက မော်ဒန်ကို နားမလည်ဘဲ ရေးတယ်လို့
ဝေဖန်ကြပါတယ်။ အခုနောက်ပိုင်းတော့ နတ်ရှင်နောင်ကစလို့ အခု
ခေတ်ပေါ်ကဗျာတွေအထိ ဆရာဖတ်ပါတယ်။ ကဗျာနဲ့ပတ်သက်ပြီး မှတ်မိနေတာ
တစ်ခုရှိပါတယ်။ ကဗျာဆရာတွေရွတ်တဲ့ အသံဖိုင် DVD တို့၊ မှတ်တမ်းကားရှိရင်
ဝယ်ပေးကွာလို့ ဆရာက ပြောခဲ့ဖူးတာပါ။ ဘိုင်ရွန်အကြောင်း ရိုက်ထားတဲ့
ရုပ်ရှင်တစ်ကား ဆရာ့ကိုပေးတုန်း ပြောခဲ့တာပါ။
ဆရာက ပန်းကြိုက်တတ်ပါတယ်။ မိုးလင်းပြီဆိုတာနဲ့ ဆရာ့နံဘေးက စားပွဲမှာ
စပယ်ပန်းကုံးတွေ အမြဲ ရှိနေတတ်ပါတယ်။ နှင်းဆီပန်းလည်း ကြိုက်တတ်ပါတယ်။
ပန်းတစ်မျိုး မဟုတ်တစ်မျိုးတော့ ဆရာ့ဘေးနား ဒါမှမဟုတ် စာရေးတဲ့စားပွဲပေါ်မှာ
ရှိနေတတ်ပါတယ်။ သူ့အိမ်နောက်က ၀ရန်တာမှာလည်း ပန်းပင်ငယ်တွေ အများကြီး
ရှိနေတတ်ပါတယ်။ ယုဇနပန်းတွေအကြောင်းပြောရင်း ဆရာက ဘာလို့ပန်းတွေကို
ကြိုက်တာလဲလို့ မေးခဲ့ဖူးပါတယ်။
ဆရာက အပြင်မှ ထွက်လို့ မရတာတဲ့။ အပြင်ထွက်လို့မရတော့ သစ်ပင်တွေ
မမြင်ရဘူး။ အဲဒီတော့ အိမ်ထဲမှာပဲ သစ်ပင်လေးတွေ စိုက်ပြီး ထားရတာပေါ့လို့
ပြန်ဖြေခဲ့ဖူးတယ်။ နောက်တော့ တောင်ကြီးက အိမ်ကို သဘောကျတာလည်း ပါတယ်တဲ့။
တောင်ကြီးက အိမ်ဝင်းထဲမှာ ပန်းခြံ လေးရှိတယ်လို့ ဆရာက ပြန်ပြောပြတယ်။
တောင်ကြီးက အိမ်ဆိုတာ ဆရာ့ဇနီးရှိတုန်းက တာဝန်ထမ်းဆောင်ရင်း
နေခဲ့တဲ့အိမ်ပါ။ တစ်နှစ်မှာ သုံး၊ လေး၊ ငါးကြိမ်တော့ တောင်ကြီးကအိမ်ကို ဆရာ
သွားလည်လေ့ရှိပါတယ်။ အခုအချိန်မှာတော့ ဆရာရော၊ ဆရာ့ဇနီးရော၊ ဆရာ့သား ရော
သံသရာ ခရီးရှည်ကို ခုနှစ် အပိုင်းအခြားအလိုက် ထွက်သွားခဲ့ကြပါပြီ။
ပြည်သူဘက်၊ အမှန်တရားဘက်က ရပ်တဲသတင်းစာဆရာ၊ ပြည်သူ့စကားပြန်၊
တိုင်းပြည်အတွက် အဖိုးတန်သူတစ်ဦးဆိုတာတွေထက် ပြောလို့ရတာတွေ အများကြီး
ရှိနေပါသေးတယ်။ ဘာကိုပဲတွေးတွေး၊ ဘာကိုပဲရေးရေး နိုင်ငံရေးအသိကို
အခြေခံပြီးလုပ်ရင် အဖြေတွေ့မှာပါလို့ ဆရာက အမြဲတမ်း ပြောတတ်ပါတယ်။
|
(၆)
ဆရာနဲ့ပတ်သက်ပြီး ပြောလို့ရတာတွေက အများကြီးပါ။ ပြည်သူဘက်၊
အမှန်တရားဘက်ကရပ်တဲ့ သတင်းစာဆရာ၊ ပြည်သူ့စကားပြန်၊ တိုင်းပြည်အတွက်
အဖိုးတန်သူတစ်ဦးဆိုတာတွေထက် ပြောလို့ရတာတွေ အများကြီး ရှိနေပါသေးတယ်။
ဘာကိုပဲ တွေးတွေး၊ ဘာကိုပဲ ရေးရေး နိုင်ငံရေးအသိကို အခြေခံပြီးလုပ်ရင်
အဖြေတွေ့မှာပါလို့ ဆရာက အမြဲတမ်း ပြောတတ်ပါတယ်။ သူကိုယ်တိုင်လည်း
ဒီအချက်ကို အခြေခံပြီး နေထိုင်ပါတယ်။
တစ်ခါတုန်းက Into The Wild ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား တစ်ကားအကြောင်း
ဆရာ့ကို ပြောခဲ့ဖူးပါတယ်။ လူ့အဖွဲ့အစည်းကို စိတ်ကုန်နေတဲ့ လူငယ်တစ်ဦး
လူ့အဖွဲ့အစည်းက ဝေးရာဆီ ထွက်ပြေးတဲ့ အကြောင်းပါ။ ဇာတ်ကားအကြောင်း
ပြောလို့အပြီးမှာ ဆရာက မှတ်ချက်ချပါတယ်။
''ဆရာကတော့ ထွက်ပြေးခြင်းကို အားမပေးဘူး''တဲ့။
ဟုတ်ပါတယ်။ ဆရာက ထွက်ပြေးခြင်းကို အားမပေးပါဘူး။ သူကိုယ်တိုင်လည်း
ထွက်ပြေးတတ်သူ မဟုတ်ပါဘူး။ စိတ်ပျက်စရာတွေ ဘယ်လောက်ပဲ ကြုံတွေ့နေရပါစေ
ထွက်မပြေးဘဲ ပြည်သူတွေဘက်က အမြဲရပ်တည်ပေးခဲ့ပါတယ်။
အမှတ်(၅၀၁)၊ ပထမထပ်၊ ကုန်သည်လမ်းနဲ့ ၃၉လမ်းထောင့်။ အိမ်အ၀င်ဝမှာ
စက္ကူပန်းရုံလေး စောင့်ကြိုနေတဲ့ ဆရာ့အိမ်။ ဆရာ့အိမ်တံခါးကို အမြဲတမ်း
ဖွင့်ထားခဲ့ပါတယ်။ အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ အိမ်ရှေ့ခန်းက ကုတင်ပေါ်မှာ
ထိုင်လို့ဖြစ်စေ၊ အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ စာရေးစားပွဲပေါ်မှာ
စာရေးလျက်ဖြစ်စေ ဆရာရှိနေတတ်ပါတယ်။ အိမ်ထဲဝင်လာသူတွေရဲ့ ရင်ဖွင့်သံကို
နားထောင်ပေးဖို့ ဆရာရှိနေခဲ့ပါတယ်။ အခုတော့ ဆရာ မရှိတော့ပါဘူး။ ပြည်သူတွေ
ရင်ဖွင့်ထားတဲ့ ပေးစာတွေက ဆရာ့ဆီကို အခုချိန်ထိ ရောက်နေလိမ့်ဦးမယ်လို့
ထင်ပါတယ်။
ဇွန်လ ၁၈ ရက်နေ့ ညပိုင်းမှာတော့ ဆရာထိုင်နေကျ နေရာလေးမှာ
ပန်းခြင်းတွေနဲ့ ပန်းခင်းတန်းလေး ဖြစ်နေပါတယ်။ နှင်းဆီပန်းရနံ့တွေက လေထဲမှာ
ပျံ့လွင့်နေပါတယ်။ ဆရာမကွယ်လွန်မီ နောက်ဆုံးထွက်ရှိခဲ့တဲ့ စာအုပ်က
ငြင်းခုံကြပါစေ၊ ပန်းတိုင်း ပွင့်ကြပါစေ။ နောက်ဆုံးဈာပနမှာ
အဲဒီစာအုပ်ထဲကို ဝေငှခဲ့ကြပါတယ်။
EMG |
No comments:
Post a Comment