menu

Thursday 12 April 2012

ယခုနှစ် မန္တလေးသင်္ကြန် ကျုံးနံဘေးတွင် မဏ္ဍပ် ၃၅ ခုဖြင့် အစည်ကားဆုံးဖြစ်မည်




မန္တလေး Alpine မဏ္ဍပ်ရှေ့မြင်ကွင်း
၂၀၁၂ ခုနှစ် မန္တလေးမြို့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင်လည်း ယခင်နှစ်များနည်းတူ ကျုံးပတ်ပတ်လည်၌ သင်္ကြန်မဏ္ဍပ်စုစု ပေါင်း ၃၅ ခုအပါအ၀င် မြို့တွင်း မဏ္ဍပ်တစ်ခုနှင့်  မြို့တော်ဝန်မဏ္ဍပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မဏ္ဍပ်များ အပါအ၀င် စုစုပေါင်း ၃၆ ခုတည်ရှိ မည်ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များ အဖြစ် မန္တလေးမြို့တော်ဝန်မဏ္ဍပ်တွင် Metal Zone တေးဂီတအဖွဲ့နှင့်အတူ မြန်မာပြည်သိန်းတန်၊ ခင်မောင်ထူး၊ သန်းမြတ်စိုး၊ မန္တလေးသိန်းဇော်၊ ရဲလေး၊ ချစ်သုဝေ၊ Lဆိုင်းဇီ၊ ရတနာ မိုင်တို့ သီဆိုဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တော်ဝန်မဏ္ဍပ်သို့ လာရောက်ဖျော်ဖြေသော အနုပညာရှင်များသည် ကျုံးပတ်ပတ်လည်ရှိ မဏ္ဍပ်များသို့ အလှည့်ကျ လှည့်လည် ဖျော်ဖြေရန် စီစဉ်ထားကြောင်း သိရပြီး Alpine မဏ္ဍပ်တွင် Rဇာနည်၊  ကောင်းမြတ်၊ ဟန်ထွန်း၊ ဖိုးကာ၊ ခန့်စည်သူ၊ ဖြူဖြူကျော်သိန်း၊ ထွန်းအိန္ဒြာဗိုလ်၊ တင်ဇာမော်၊ ၀ိုင်းစုခိုင်သိန်း၊ ရတနာ၊ ခိုင်သင်းကြည်၊ ခင်လေးနွယ်တို့က ဖျော်ဖြေသွားမည်ဖြစ်သည်။

ထို့အတူ ကျုံးတောင်ဘက်ခြမ်းရှိ ရေကစားမဏ္ဍပ်များဖြစ်သော Magic Spectrum မဏ္ဍပ်တွင် ရဲလေး၊ ဂျောက်ဂျက်၊Ar-T၊ 3-minutes၊ အိမ့်ချစ်နှင့် မိစန္ဒီ၊ Summer Holiday မဏ္ဍပ်တွင် ရဲလေး၊ Wai လျှံ၊ Transformer မဏ္ဍပ်တွင် ရသ၊ ကြက်ဖ၊G-Tone၊Game Boyz၊ Yummy Rookie ၊ စန္ဒီမြင့်လွင်၊ Coka - Wi မဏ္ဍပ်တွင် ရဲလေး၊ Ar-T၊ အိမ့်ချစ်၊ မိစန္ဒီ၊ United Company Group မဏ္ဍပ်တွင် Lazy Club Music Band  တို့ ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။ 
ကျုံးအရှေ့ဘက်ခြမ်းရှိ Avatar မဏ္ဍပ်တွင် ရဲလေး၊ Ar- T၊ မိစန္ဒီ၊ Jki၊ Chop P၊ B-Entertainment အဖွဲ့များ၊ ကျုံးအနောက်ဘက်ခြမ်းရှိ ထက်မြက် ရေကစားမဏ္ဍပ်တွင် သြရသ၊ Wai လျှံ ၊ ဂျောက်ဂျက်၊ ဆုပန်ထွာ၊ ဂန္ထ၀င်၊ မေကဗျာ၊ Blueberry၊ မှူးရတနာတို့နှင့်အတူ ဟာသရုပ်ဆောင်များဖြစ်သော ‘ဒိန်းဒေါင်၊ စိန်ပန်းသီး၊ ချစ်စနိုးတို့ လာရောက် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ပါဝင်ဆင်နွှဲမည်
ယခုနှစ်မန္တလေးမြို့တော် သင်္ကြန်ပွဲတော်တွင်နိုင်ငံခြားသားခရီး သွားဧည့်သည်များပါဝင်ဆင်နွှဲမည်ဖြစ် ကြောင်း မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(မန္တလေးဇုန်)မှ စုံစမ်းသိရှိရသည်။ သင်္ကြန်ကာလ အတွင်း ရောက်ရှိနေသော နိုင်ငံခြား သားခရီးသွားဧည့်သည်များအားမြန်မာ့ ရိုးရာအတာသင်္ကြန်ပွဲတော်တွင် ပါဝင် ရေကစားနိုင်ရန် ကျုံးအရှေ့ဘက်ခြမ်း ၆၆ လမ်း ၂၄ လမ်းထောင့်ရှိ မြန်မာ နိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း(မန္တလေးဇုန်)ရေကစားမဏ္ဍပ် တွင် စီစဉ်ထားကြောင်း သိရသည်။
“သင်္ကြန်ကာလအတွင်း မန္တလေးဇုန်ထဲမှာရှိတဲ့ ဟိုတယ်တွေမှာ တည်းခိုနေတဲ့ ဧည့်သည်တွေအနေနဲ့ အတာပွဲတော်မှာ ပါဝင်ရေကစားချင်တယ်ဆိုရင် အသင်းမဏ္ဍပ်မှာ ရေကစားဖို့ ခွင့်ပြုပေးသွားမှာပါ။ အခုဆိုရင် ရေကစားဖို့အတွက် ဆက်သွယ်ထားတဲ့ ထိုင်းနိုင်ငံ သားဧည့်သည်အယောက် ၃၀ ရှိပါတယ်။ နောက်ထပ် တိုးလာဦးမှာပါ။ ဧည့်သည်တွေအနေနဲ့ ကျုံးပတ်လည်မှာရှိတဲ့ ရေကစားမဏ္ဍပ်တွေကို လှည့်ပြီး ရေပက်ခံတာမျိုးမဟုတ်ဘဲ ကိုယ်တိုင် ပါဝင်ရေကစားနိုင်အောင် စီစဉ်ပေးတာပါ”ဟု မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) ရေကစားမဏ္ဍပ်တွင် လ၀န်းအိမ် တေးဂီတအဖွဲ့နှင့် ဖျော်ဖြေရေး အစီအစဉ်များ ပါဝင်မည်ဖြစ်ပြီး မြို့တော်ဝန်မဏ္ဍပ်တွင် ဖျော်ဖြေမည့် အနုပညာရှင်များ အလှည့်ကျ လာရောက်သီဆိုမည်ဖြစ်ကြောင်း သိရသည်။
မြို့မ အလှပြယာဉ်တွင် တပ်ဆင်မည့် ငွေငန်းရုပ်အား ပြင်ဆင်နေသည်ကို တွေ့မြင်ရစဉ်
သင်္ကြန်တေးသီချင်းအသစ် ၁၃ ပုဒ်ဖြင့် ဖျော်ဖြေသွားမည့် မြို့မ
၂၀၁၂ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် မြန်မာ့ရိုးရာအတာ သင်္ကြန်အတွက် မန္တလေးမြို့ မြို့မအသင်းတိုက်မှ သင်္ကြန်တေးသီချင်း အသစ် ၁၃ ပုဒ်ဖြင့် လှည့်လည်ဖျော်ဖြေသွားမည်ဖြစ်ကြောင်းလည်း မြို့မအသင်းတိုက်မှ သိရသည်။“မြို့မအသင်းတိုက်အနေနဲ့ သီချင်းဟောင်းတွေကိုတော့ အထူးတလည်ပြင်ဆင်စရာ သိပ်မရှိပါဘူး။ ဒီနှစ်အတွက် သင်္ကြန်တေးသီချင်း ၁၃ ပုဒ်ကိုပဲ ဦးစားပေးပြီးတိုက်နေတယ်။ သင်္ကြန်အတွက် နှစ်တိုင်းလိုလို သီချင်းအသစ် အနည်းဆုံး ၁၀ ပုဒ်လောက်တော့ ပြင်ဆင်ဖြစ်တယ်။ ဒီနှစ် သင်္ကြန်ကျရက်က ငါးရက်ဆိုတော့ အလှပြယာဉ်နဲ့ လှည့်လည် သီဆိုဖျော်ဖြေဖို့ ၅ နေရာ သွားဖို့ စီစဉ်ထားတယ်”ဟု မြို့မအသင်းတိုက်မှ ဦးလွင်ဦးက ပြောကြားပါသည်။
လာမည့် မန္တလေးသင်္ကြန်အတွက် မြို့မအသင်းအနေဖြင့် မြို့မိ၊ မြို့ဖများအား လှည့်လည်သီဆို ဖျော်ဖြေနိုင်ရန် တေးသီချင်းအသစ်များကို တီးလုံး တိုက်လျက်ရှိရာတွင် ဦးရွှန်းမြိုင်(မြို့မ) ရေးသားသော သာယာရွှင်လန်းကြစေ ချင်၊ မြို့မကြီးရဲ့ တီးဆိုပေးစေချင်၊ ခါတော်မီ၊ အိပ်မက်သင်္ကြန်နှင့် ကြည်နူးစို့ တေးလက်ဆောင်သီချင်းများ အပါအ၀င် ဦးမောင်မောင်စိန်(မြို့မ) ရေးသားသော မပြန်ချင်ဘူးမေရယ်၊ ရွှေမန်းမြို့ရဲ့ မဟာသင်္ကြန်၊ ဦးလွင်ဦး (မြို့မ)ရေးသားသော မောင့်ရဲ့သင်္ကြန်ပျို၊ ငွေငန်းဆင်နွဲ သင်္ကြန်ပွဲ၊ ပို့သမြို့မမေတ္တာနှင့် ဦးသန်းမောင်ဝင်း(မြို့မ) ရေးသားသော ပြုံးတုံ့ဖလှယ်၊ ဒေါ်မြဒါလီ(မြို့မ)ရေးသားသော အလှထူးသူ၊ ဦးရဲထွေး (မြို့မ)ရေးသားသော သင်္ကြန်ရေနဲ့ရွှေပိတောက် တေးသီချင်းများဖြစ်ကြောင်း သိရသည်။
“သင်္ကြန်အကြိုနေ့ ၈ နာရီလောက်မှာ မြို့မအသင်းရဲ့အစဉ်အလာအတိုင်း မဟာမုနိဘုရားကြီးကို ရှိခိုးဦးတိုက်ပြီး မြို့တော်ဝန်မဏ္ဍပ် ဖွင့်ပွဲကိုသွားမယ်။ အဲဒီနောက် နန်းရှေ့ရပ်ကွက်တွေမှာ မိုးလင်းပေါက် ဖျော်ဖြေသွားမယ်။ တစ်နှစ်ထက်တစ်နှစ် လာရောက်ဖျော် ဖြေပေးဖို့ ဖိတ်ကြားထားတဲ့ မြို့မိ၊ မြို့ဖ အရေအတွက်တော့ တိုးလာပါတယ်။ ဖိတ်ကြားထားတဲ့နေရာကို သွားရောက်ဖျော်ဖြေတဲ့အခါမှာလည်း သင်္ကြန်မိုး ရုပ်ရှင်ကားထဲက တေးသီချင်းတွေကို အများဆုံး တောင်းဆိုကြတာရှိသလို တချို့ကလည်း သင်္ကြန်သီချင်းမဟုတ်တဲ့ ‘ပြည်တော်ဝင်’ သီချင်းကိုလည်း တောင်းဆို ကြတာရှိတယ်”ဟု မြို့မအသင်းတိုက်မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
တောင်သမန်အင်းတွင် ပြင်ဆင်မှုနည်းပါး
မန္တလေးမြို့ သင်္ကြန်ပွဲတော်ကာလ အတွင်းရေကစား လည်ပတ်သူများ နေ့လယ်ခင်းအချိန် အပူရှောင် နားခိုလေ့ရှိရာ အထင်ကရ နေရာတစ်ခုဖြစ်သော တောင်သမန်အင်းစောင်းနှင့် မယ်ဇယ်ပင်တန်းတွင် ယာယီ စားသောက်ဆိုင်ခန်းများနှင့် နားနေရန်နေရာများ ယခုနှစ်တွင် ပြင်ဆင်ထားရှိမှု နည်းပါးကြောင်း တွေ့ရှိရသည်။ ဦးပိန်တံတား အနောက်ဘက်ကမ်းတွင် ယာယီဈေးဆိုင်ခန်းများကို သင်္ကြန်ပွဲတော် ကာလမတိုင်မီ ရက်သတ္တပတ် နှစ်ပတ်ခန့်ကျော်မှစတင် ပြင်ဆင်ဆောက်လုပ်လေ့ရှိသော်လည်း ယခုနှစ်တွင် ပြင်ဆင်မှုနည်းပါးကြောင်း သိရသည်။
“အရင်နှစ်တွေလို ယာယီဈေး ဆိုင်ခန်းတွေလာပြီးဖွင့်လှစ်ဖို့ ပြင်ဆင် တာမျိုးမရှိသေးဘူး။ ခုဆိုရင်သင်္ကြန် ရောက်ဖို့တစ်ပတ်တောင်မလိုတော့ဘူး။ မနှစ်ကဆိုရင် ဈေးသည်တွေ အရှုံးပေါ်ကြလို့ ဒီနှစ်မှာ လာဖွင့်ဖို့ မရဲကြတာထင်တယ်။ အပူရှောင်နားခိုတဲ့သူ များပေမယ့် ဧည့်သည်တွေက အစားအသောက်နည်းတာကြောင့် ဈေးသည်တွေ တွက်ခြေမကိုက်ကြဘူး။ မနှစ်ကဆိုရင် ဈေးဆိုင်တွေ အရမ်းများလို့ ရေလယ်မှာတောင် ဆိုင်ခန်းတွေဆောက်ပြီး ဖွင့်ခဲ့ရတာ”ဟု ဦးပိန်တံတား အနောက်ဘက်ကမ်းရှိ အမြဲတမ်း ဖွင့်လှစ်ရောင်းချသော ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားခဲ့သည်။
မန္တလေးသင်္ကြန်ပွဲတော်မှာ ကျုံးမြို့ရိုးပတ်လည်တွင် နေရာချထား ကျင်းပခြင်းဖြစ်ပြီး နေ့လယ်ခင်း နားချိန်များတွင် ကားဖြင့်လည်ပတ်သူများမှာ မြို့ဝန်းကျင်ရှိ မဟာမုနိဘုရားကြီး၊ ဆည်တော်လေး၊ တောင်သမန်အင်း စောင်းစသည့်နေရာများတွင် သွားရောက် နားခိုလေ့ရှိပြီး တောင်သမန် အင်းစောင်းနှင့်မယ်ဇယ်ပင်တန်းမှာ လာရောက်လည်ပတ်သူ အနားယူသူများ နှစ်စဉ်များပြားလေ့ရှိကြောင်း သိရှိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis