ကျွန်တော်ငယ်စဉ်က ဟာသတစ်ပုဒ် ဖတ်ဖူးပါသည်။ ကြာတော့ ကြာလှပါပြီ။ သို့သော်
တကယ့် ဟာသရသမြောက်၍ ယခုအထိ ကျွန်တော်မမေ့ခဲ့။ ဇာတ်လမ်းက ဤ သို့ဖြစ်ပါသည်။
တစ်ခါက
မြို့တစ်မြို့တွင် လူနှစ်ဦးစကားများကြရာမှ လက်ရောက်မှုဖြစ်သည်။ တစ်ဦးက
စိတ်မထိန်းနိုင်၍ အခြားတစ်ဦးကို ပါးရိုက်မိခဲ့သည်။ တရားရုံးသို့
တိုင်ကြားသည့်အခါ တရားသူကြီးက ''ပါးရိုက်ခ ငါးကျပ် ဒဏ်ဆောင်စေ''ဟူ၍
အမိန့်ချမှတ်ပါသည်။ ထိုအခါ ပါးရိုက်သူက ငွေတစ်ဆယ်ကျပ်တန်ကို ထုတ်ပေးသည်။
အရိုက်ခံရသူက အကြွေ အမ်းစရာမရှိဟု ဆိုသည်။ ထိုအခါ ပါးရိုက်သူက
''အမ်းစရာမလိုတော့ဘူး''ဟု ဆိုကာ နောက်တစ်ချက် ထပ်ရိုက်လိုက်ပါတော့သည်။
ဇာတ်လမ်းက
ဤမျှသာပင်။ ထိုခေတ်က စာစောင်၏ ဟာသကဏ္ဍမှ ဖော်ပြခံရသော ဟာသဖြစ်ပါသည်။
ကျွန်တော့်တို့ ရင်ထဲတွင် တသသစွဲ ကျန်မရစ်ပါ။ ဟာသအနေနှင့်သာ
ကျန်ရစ်ခဲ့ပါသည်။ သို့ရာတွင် ယခုနှစ် ဧပြီလ ၄ ရက်နေ့ထုတ် The Weekly
Eleven (အတွဲ-၇၊ အမှတ်-၂၇)၏ မျက်နှာဖုံးတွင် ဖော်ပြထားသည့်
''လူမြင်ကွင်းတွင် သတင်းထောက် အေးသူစံအား ပါးရိုက်ခဲ့သည့် သရုပ်ဆောင်
ထက်ထက်မိုးဦးကို ရန်ကင်း မြို့နယ်တရားသူကြီး ဒေါ်ထွေးထွေးက
ဒဏ်ငွေကျပ်တစ်ထောင် ပေးဆောင်ရန် အမိန့်ချခဲ့''ဟူသော ခေါင်းစဉ်က ဤဟာသကို
သတိရစေသည်။ သို့သော် ''ဟာသ'' တစ်ပုဒ်အနေဖြင့် သတိရစေခြင်းကား မဟုတ်။
ကျွန်တော့်ရင်တွင် နင့်ဝင်လောက်အောင် စူးရှဝေဒနာ ခံစားမှုနှင့်အတူ
သတိရလိုက်ခြင်း ဖြစ်ပါသည်။
Weekly Eleven ၏ စာမျက်နှာ ၂၅ တွင် ဖော်ပြထားသည့် 'သတင်း' အပြည့်အစုံကို
ဖတ်လိုက်မိသည့်အခါ ငယ်ငယ်က ဖတ်ခဲ့ဖူးသည့် 'ပါးရိုက်ခက ငါးကျပ်ပဲဆိုတော့'
ဟာသပုံပြင်သည် 'ဟာသရသ'မှ '၀ိဘစ္ဆရသ'သို့ တစ်မုဟုတ်ချင်း
ကူးပြောင်းသွားပါတော့သည်။ သတင်းအဆုံးအထိ ဖတ်ပြီးသည့်အခါ မာရသွန်
အပြေးပြိုင်ပွဲဝင်သူတစ်ဦးအဖို့ ဆုမချိတ်ဘဲ ပန်းဝင်လာသည့်အမောမျိုးကို
ခံစားလိုက်ရသည်။
ထို့အတူ နယ်ချဲ့ခေတ်က ပါးရိုက်သည့် ဖြစ်ရပ်တစ်ခုကိုပါ သတိရမိသည်။
ကျွန်တော်နေထိုင်ရာ မြို့ (၀ါးခယ်မမြို့)တွင် ဖြစ်ပွားခဲ့ပါသည်။
(ကျွန်တော့်မြို့က ရှေ့မီနောက်မီတို့ကို ကြိုက်သလို မေးမြန်းနိုင်ပါ သည်။)
ကျွန်တော့်မြို့က ဦးနီသည် သိမ်မွေ့သော အနုပညာသည်တစ်ဦး အဖြစ် လူသိများသည်။
အေးဆေးသည်။ ထိုခေတ်က သူ့လက်ဆွဲဘာ ဂျာလေးတီးရင်းဂီတရသကို ကြည်နူးစွာ
ခံစားနေတတ်သူဖြစ်ပါသည်။ သို့သော် သူမကျေနပ်သူမှာ မြို့တွင်
လာရောက်အမှုထမ်းနေသည့် နယ်ချဲ့ အလိုတော်ရိ တရားသူကြီးဖြစ်ပါသည်။ မလို
တစ်မျိုး၊ လို တစ်မျိုးဆုံးဖြတ်သည့် သူ့စိတ်ဓာတ်ကို ဦးနီက ရွံရှာနေသည်။
တစ်နေ့တွင် နယ်ချဲ့အလိုတော်ရိ တရားသူကြီးရုံး အဆင်းကို စောင့်ကာ တရားရုံး
အလွန်လမ်းပေါ်အရောက်တွင် အားရှိပါးရှိ 'ပါးရိုက်'၍ မုန်းတီးရွံရှာမှုပြပြီးမှ
အပြစ်ဒဏ် ခံယူလိုက်ခြင်းဖြစ်ပါသည်။
သို့သော် ကျွန်တော်တို့မြို့မှ ကြားကြားသမျှ သူတော်ကောင်းအပေါင်းတို့က
'ပါးရိုက်သူ' ဦးနီကို ထောမနာပြုသည်။ ကောင်းချီးပေးသည်။ သူ၏ ပါးရိုက်မှုအတွက်
ဂုဏ်ယူကြသည်။ သို့သော် ဦးနီ ရင်ဆိုင်ရမည့် ပြစ်ဒဏ်အတွက်
ပါးရိုက်သူဦးနီကိုပင် သနားနေကြသေးသည်။ အဘယ့်ကြောင့်ဆိုသော်
မျိုးချစ်စိတ်ဓာတ်ကြောင့်ပင် ဖြစ်ပါသည်။
ယနေ့ ကျွန်တော်တို့နိုင်ငံသည် ကိုယ့်အမျိုးသားအစိုးရနှင့်ကိုယ် နေနိုင်ကြပါပြီ။
ပါးရိုက်မှုကို
စီရင်ဆုံးဖြတ်သည့် ကာလကိုလည်း အံ့သြစရာ ဖြစ်ရသည်။ အမှုဖွင့် အရေးယူခဲ့သည်မှ
အပြီးသတ် စီရင်ချက်ချမှတ်သည်အထိ တစ်နှစ်နှင့် ၁၀ လကျော် ကြာမြင့်ခဲ့သည်။
ဤအမှုကိုပင် ဤမျှကြာမြင့်သည် ဆိုပါက ထို့ထက်ကြီးမားသော အမှုများဆိုလျှင်. .
.ကျွန်တော်ဆက် ၍ မတွေးတော့ပါ။
ပါးရိုက်မှုကို စီရင်ဆုံးဖြတ်သည့် ကာလကိုလည်း အံ့သြစရာ ဖြစ်ရသည်။ အမှုဖွင့်
အရေးယူခဲ့သည်မှ အပြီးသတ် စီရင်ချက်ချမှတ်သည်အထိ တစ်နှစ်နှင့် ၁၀ လကျော်
ကြာမြင့်ခဲ့သည်။ ဤအမှုကိုပင် ဤမျှ ကြာမြင့်သည် ဆိုပါက ထို့ထက်ကြီးမားသော
အမှုများဆိုလျှင် ...
|
မည်သို့ပင်ဖြစ်စေ တရားရုံး၏ အဆုံးအဖြတ်သည် အတည်ဖြစ်ပါသည်။ ဥပဒေက ဤသို့ဆို၍သာ ဤသို့ ဆုံးဖြတ်ရခြင်းဖြစ်ပါမည်။ စောဒကတက်စရာ မရှိပါ။
သို့တစေ ဤတရားစီရင်မှုကို ကြည့်၍ ကျွန်တော်သင်ခန်းစာရပါ သည်။ သံဝေဂရပါသည်။
ကျွန်တော်ရသည့်
သင်ခန်းစာမှာ အခြားမဟုတ်ပါ။ ကျွန်တော်သည်
မီဒီယာလောကသား(အငြိမ်းစား)တစ်ဦးဖြစ်ပါသည်။ သတင်းထောက်အေးသူစံကို ကျွန်တော်
ကောင်းစွာ မရင်းနှီးပါ။ မသိပါ။ သို့သော် လက်သည်း ဆိတ်တော့ လက်ထိပ်ကနာမိသည်။
တရားရင်ဆိုင်ရာတွင် 'အေးသူစံ' အနိုင်ရသလား၊ ရှုံးသလား။ ဒဏ်ငွေတစ်ထောင်
ပေးဆောင်ရသူက နိုင်သလား၊ ရှုံးသလား မပြောတတ်ပါ။ ကျွန်တော့် အမြင်တွင်
အေးသူစံက ကျွန်တော့်ကို အဖိုးတန် သင်ခန်းစာတစ်ခု ပေးခဲ့ပါသည်။
သို့သော် ကျွန်တော် 'သံဝေဂ' ယူမိသည်ကား တခြားမဟုတ် 'သံဝေဂ' မှာ
နှစ်ရပ်ဖြစ်ပါသည်။ တစ်ခုသော 'သံဝေဂ'မှာ အေးသူစံအတွက် ဖြစ်ပါသည်။
ဟာသပုံပြင်ထဲကလို ဒဏ်ငွေဆောင်သူက ကျပ်ငါးထောင်တန်ပေးပြီး နောက်ထပ်
လေးချက်ရိုက်ခဲ့သည်ရှိသော် . . .
နောက်ထပ်ရရှိသော 'သံဝေဂ' တစ်ရပ်က
ပိုဆိုးပါသည်။ မကြာသေးမီက ဟိုတယ်တစ်ခုတွင် တာဝန်ထမ်းဆောင်နေစဉ်၊ တာဝန်အရ
မကောင်းမှုကို ဟန့်တားမိသူ မြန်မာအမျိုးသမီးအား နိုင်ငံခြားသားက
'ပါးရိုက်ခဲ့သည်ကို 'တစ်ဒေါ်လာသာသာ အသပြာလေး'ဖြင့် ဒဏ်ရိုက်မည်ရှိသော် . . .
EMG |
No comments:
Post a Comment