menu

Wednesday 25 April 2012

ကိုယ်တို့ဆီမှာ သာပါစ မေး(နီမင်းဆွေ)

သင်္ကြန် လက်ဆောင်
သင်္ကြန်တော် ခါတန်ခူးမို့
တိမ်ဦးက သံဝါ၀ါ
မိုးဖြောက်ဖြောက်ရွာ။
ကိုယ်တို့ဆီမှာ၊ ရွာပါစ မေး။
မရွာလျင် ရွှေလွန်ပွဲကို နွှဲလိုက်ပါလေး။
ငွေမိုးရေ ချိုချိုသောက်လို့
ပိတောက်က ပင်ပေါ်မှာ
ဝင်းထိန်လို့ဝါ။
ကိုယ်တို့ဆီမှာ၊ ၀ါပါစ မေး။
မ၀ါလျင် ရွှေတွေပိန်းအောင်
လိမ်းလိုက်ပါလေး။
ပိတောက်တွေ ရွှေဝါလူးတော့
ရွာဦးက ညံစာစာ
မောင်းဗုံကသာ။
ကိုယ်တို့ဆီမှာ၊ သာပါစ မေး။
မသာလျင် ဗုံသမားကို အားကူပါ့လေး။
ငွေမိုးရေ ချိုချိုသောက်လို့
ပိတောက်က ရွှေမျက်နှာ
မောင်းဗုံကသာ။
ကိုယ်တို့ဆီမှာ၊ မာပါစ မေး။
မောင်မာအောင် စေတီဦးက
မယ်မာအောင် စေတီဦးက
နှစ်ကူးချိန် တာရေသွန်း
လွမ်းပါ့မယ်လေး။ ။

ဇော်ဂျီ



အယုဒ္ဓပြည်နယ် ရေသဘင်ပွဲတော်တွင် ကမ္ဘာ့လှည့်ခရီးသွားများကို ဆင်များက ရေပက်ဖျန်းနေစဉ်
ဆရာဇော်ဂျီရေးဖွဲ့ပြီး ၁၉၃၆ ခုနှစ် မေလထုတ် ဂန္ထလောကမဂ္ဂဇင်းမှာ ဖော်ပြခြင်းခံခဲ့ရတဲ့ 'သင်္ကြန်လက်ဆောင်' အမည်ရတဲ့ ကဗျာဖြစ်ပါတယ်။ ဆရာဇော်ဂျီဟာ မဟာဝိဇ္ဇာဘွဲ့ရပြီး မန္တလေးဥပစာကောလိပ်မှာ မြန်မာစာနည်းပြဆရာအဖြစ်နဲ့ စတင်အမှုထမ်းချိန်မှာ ဒီကဗျာကို ရေးဖွဲ့ခဲ့တာပါ။ ဒီနှစ် မေလမှာတော့ ဒီကဗျာရဲ့ သက်တမ်းဟာ ၇၆ နှစ် တိတိ ပြည့်ခဲ့ပါပြီ။

ဒီကဗျာကို အခေါက်ခေါက် အခါခါဖတ်ပြီး လွန်ခဲ့တဲ့ ၇၆ နှစ် တိတိက ခုလိုသင်္ကြန်ကာလမျိုးမှာ ကိုယ်တို့ မြန်မာနိုင်ငံသားတွေရဲ့ ရင်ထဲ ဘယ်လိုနေရှာမလဲလို့ တွေးနေမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကဗျာပေါ်ထွက်လာတဲ့အချိန်ဟာ လယ်သမား အရေးတော်ပုံကြီးကို ဦးဆောင်ပြီး ဗြိတိသျှအစိုးရကို တော်လှန်ခဲ့သူ သုပဏ္ဏက ဂဋ္ဌုန်ရာဇာဘွဲ့ခံ ဆရာစံကြိုးဒဏ်အပြစ်ပေးခံရလို့ ကွယ်လွန်သွားရတာ ငါးနှစ်တောင် မကြာသေးတဲ့ အချိန်ဖြစ်နေလို့ပါပဲ။
၁၉၂၄ ခုနှစ် ပေါင်းတည်မြို့မှာ ကျင်းပခဲ့တဲ့ ဂျီ၊ စီ၊ ဘီ၊ အေ အသင်းချုပ် နှစ်ပတ်လည် ညီလာခံကြီးမှာ ဗြိတိသျှအစိုးရက ပြဋ္ဌာန်းတဲ့ လူခွန်တော်နဲ့ သဿမေဓအခွန်တော်တို့ကို စည်းကြပ်ရာမှာ အစိုးရစစ်တပ်တွေက အဓမ္မနှိပ်စက်လွန်းလို့ စုံစမ်းဖို့ စုံစမ်းရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ပါ တယ်။ အဲဒီအဖွဲ့မှာ ဆရာစံဟာ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရတာပါ။ ဗြိတိသျအစိုးရရဲ့ အုပ်ချုပ်ရေးစနစ်ကို လေ့လာကြည့်မယ်ဆိုရင် အခွန်ရရှိရေးကို အမြဲရှေ့တန်းတင်ထားတယ်ဆိုတာကို တွေ့ကြရမှာပါ။ ဗြိတိန်မှာလည်း လူတစ်ယောက်ရဲ့ ၀င်ငွေ ဒါမှမဟုတ် ထွက်ရှိလာတဲ့ သီးနှံရဲ့ ဆယ်ပုံ့တစ်ပုံကို ခရစ်ယာန် အသင်းတော်ကို သဿမေဓအခွန် အဖြစ်သွင်းရတာတွေ ရှေးက ရှိခဲ့ဖူးပါတယ်။ ဒါ့ကြောင့် ကိုယ့်နိုင်ငံမှာလည်း ဗြိတိသျှအစိုးရဟာ သူ့နိုင်ငံမှာ ကျင့်သုံးတဲ့ အစဉ်အလာတွေအတိုင်း ပုံတူကူးချခဲ့ပုံပါပဲ။ သူတို့နိုင်ငံမှာ အခွန်တွေကို ဘယ်လို ကောက်ခံပြီး အခွန်မဆောင်နိုင်ရင် ဘယ်ပုံဘယ်နည်းနဲ့အရေးယူခဲ့ကြ သလဲဆိုတာကို အသေးစိတ်မသိရ ပေမယ့် ကိုယ့်နိုင်ငံမှာတော့ အခွန် စည်းကြပ်တဲ့နေရာမှာ ဗြိတိသျအစိုးရ ဟာ ပြည်သူလူထုအပေါ်နည်းနည်း လေးမှ မသက်ညှာခဲ့ကြပါဘူး။ မြို့ ပိုင်တွေဟာ အခွန်ကောက်ခံပုံ ကောက်ခံနည်းစနစ်တွေကို အထူးကျွမ်းကျင်ကြရပါတယ်။ အစိုးရ၀န်ထမ်းတွေဟာ အခွန်ကောက်ခံတဲ့နေရာမှာ တစ်ပြားသားမှ အလျော့ပေးလေ့ မရှိကြပါဘူး။ အခွန်ကောက်ခံသူတွေရဲ့ နောက်ကနေ ပုလိပ်တွေစစ်တပ်တွေ တရားရုံးတွေ အကျဉ်းထောင်တွေကလည်း ကျားကန်ပေးထားကြတာမို့ အဲဒီတုန်းက ကိုယ်တို့ မြန်မာလူမျိုးတွေရဲ့ဘ၀ဟာ 'ပေးစရာငွေမရှိသလို ပြေးစရာလည်း မြေမရှိ' ဆိုသလို ဖြစ်ခဲ့ကြရတာပါ။
ဆရာစံဟာ ဒီအခွန်တွေ အတင်းအကြပ် ကောက်ခံနေတာကို အာဏာဖီဆန်ဖို့အတွက် လျို့ဝှက်အသင်းတွေကို တည်ထောင်ဖွဲ့စည်းပြီး ကိုယ့်ထက်အတိုင်းမသိ အင်အားသာလွန်တဲ့ ဗြိတိသျှအစိုးရကို ၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာလမှာ ပုန်ကန်ခြားနားခဲ့ပါတယ်။ ဆရာစံဦးဆောင်ခဲ့တဲ့ သာယာဝတီသူပုန်ဟာ သက်တမ်း ၈ လအတွင်းမှာ လုံးဝဥဿုံ ချေမှုန်းခြင်း ခံခဲ့ရတာပါ။ ဆရာစံနဲ့အတူ 'လည်ပင်းကို ကြိုးတပ်၍ မသေမချင်း သတ်စေ'လို့ အမိန့်ချမှတ်တာခံခဲ့ကြရတဲ့ လယ်သမားခေါင်းဆောင်ကြီးတွေ မနည်းလှသလို တစ်ကျွန်းကျသွားသူတွေလည်း တစ်ပုံတစ်ပင်ပါပဲ။ နိုင်ငံတစ်နိုင်ငံနဲ့ လူမျိုးတစ်မျိုးရဲ့ သမိုင်းမှာ တစ်နိုင်ငံလုံး သိမ်သိမ် ငယ်ငယ်ခံစားကြရတဲ့ အချိန်ဆိုတာ တစ်ချိန်မဟုတ် တစ်ချိန်ဆိုသလို ရှိတတ်ကြစမြဲဖြစ်တယ်လို့ အဆိုရှိသလို အဲဒီအချိန်ဟာ တစ်နိုင်ငံလုံး တကယ့်ကို သိမ်သိမ်ငယ်ငယ် ခံစားနေကြရတဲ့ အချိန်မျိုးလည်း ဖြစ်နေပါတယ်။

ဒါ့ကြောင့် ဒီလိုအခြေအနေမျိုး ဖြစ်ပေါ်ပြီး မကြာင်ခင်မှာ ဒီကဗျာ ထွက်ပေါ်လာခဲ့တာမို့ အဲဒီအချိန်က ကိုယ့်လူမျိုးတွေရဲ့ ရင်ထဲမှာ ဘယ်လို နေရှာကြမလဲဆိုတာ မှန်းဆလို့တောင် မကြည့်ရဲပါဘူး။ တိုင်းတစ်ပါးသားတွေရဲ့ ရက်ရက်စက်စက် ဖိနှိပ်တာခံနေရပြီး လွတ်လပ်ရေးဆိုတာကလည်း အရိပ်အရောင်လေးတောင်မှ မသန်းနိုင်သေးတဲ့အပြင် စားဝတ်နေရေးကလည်း မတရား ကျပ်တည်းနေပါတယ်။ ဒီအချိန်ဟာ ကမ္ဘာ့စီးပွားရေး ပျက်ကပ်ကြီး ဆိုက်နေတဲ့အချိန်ဖြစ်နေပြီး ဒီကပ်ရဲ့ လှိုင်းတံပိုးတွေဟာ  ဗြိတိန်နိုင်ငံကိုလည်း အကြီးအကျယ် ရိုက်ခတ်ခဲ့တာပါ။ ဒါ့ကြောင့် သူတို့ရဲ့ ကိုလိုနီနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ကိုယ်တို့အပေါ်မှာ ဘယ်လောက်ထိ ကုပ်သွေးစုပ်ခဲ့မယ်ဆိုတာ တွေးလို့တောင် မကြည့်ရဲပါဘူး။
ဒီလိုအချိန်မျိုးမှာ မြန်မာစာ နည်းပြဆရာလေးဖြစ်တဲ့ ဆရာဇော်ဂျီဟာ အဘက်ဘက်က ဖိနှိပ်ချုပ်ချယ်တာတွေကို ခံနေရတဲ့ ကိုယ့်လူမျိုးတွေ စိတ်ရွှင်လန်းပါစေတော့ အားမာန် တက်ပါစေတော့ဆိုတဲ့ စိတ်စေတနာနဲ့ ဒီကဗျာကို ရှာကြံစပ်ဆိုခဲ့တာ ဖြစ်တယ်။ အဲဒီအချိန်က ကိုယ်ဖိနှိပ် ချုပ်ချယ်ခံနေရတာတွေ အစစအရာရာ ရှားပါးနေတာမျိုးတွေကို ကဗျာထဲမှာ ထည့်စပ်ဆိုဖို့ဆိုတာ အိပ်မက်တောင် မမက်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ကဗျာဖတ်သူ ဟာ ကဗျာရဲ့ နောက်ကွယ်က ဒီပုံရိပ်တွေကို ကဗျာဖတ်ရင်း မြင်တွေ့နေရပါတယ်။ ကိုယ်ကတော့ ဒီကဗျာလေးကို ဖတ်ပြီး ၁၉၃၆ ခုနှစ် မှာရှိနေကြတဲ့ ကိုယ့်နိုင်ငံသားတွေက အခု ၂၀၁၂ ခုနှစ် သင်္ကြန်ကာလ ထဲမှာ ရောက်နေတဲ့ ကိုယ့်ဆီကို 'တို့ဆီမှာတော့ ထုတ်ဖော်ပြောဆိုခွင့် ရဖို့ဆိုတာ ဝေလာဝေးပဲ၊ နောက်ပြီး ဘာဆို ဘာမှလည်း အဆင်ပြေတာ မဟုတ်ဘူး၊ မင်းတို့ဆီမှာကော လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆိုခွင့်တွေ ရနေကြပြီလား၊ တိုင်းပြည်အခြေအနေကရော ဘယ်လိုလဲကွ၊ မာကြ သာကြရဲ့လား..'လို့ လှမ်းအော် မေးလိုက်သံကို ကြားမိသလို ခံစားလိုက်ရပါတယ်။
ထိုင်းနိုင်ငံရဲ့ 'စုံးကန်'(Songkran)လို့ခေါ်တဲ့ သင်္ကြန်ကာလမှာ အပျော်ကျူးတဲ့ လူငယ်တွေ ၂၀၀၃ခုနှစ်က ၆၆၈ ယောက်၊ ၂၀၀၄ခုနှစ်မှာ ၆၅၄ ယောက် လမ်းတွေပေါ်မှာ ဆိုင်ကယ်မှောက် ကားတိုက်မှုဖြစ်ပြီး အသက်ဆုံးရှုံးခဲ့ကြရာက နည်းမျိုးစုံနဲ့ လှုပ် ရှားမှု အမျိုးမျိုး ပြုလုပ်ပြီး ကြိုးစားခဲ့ကြရာမှာ ၂၀၁၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံး အသက်ဆုံးရှုံးသူ အရေအတွက် ၃၆၁ ယောက်ထိ ကျဆင်းလာခဲ့ပါတယ် ...
အဲဒီ ၁၉၃၆ ခုနှစ်ဆီက မြန်မာနိုင်ငံသားတွေရဲ့ အမေးကို ဘယ်လို ပြန်ဖြေရရင် ကောင်းမလဲလို့ စဉ်းစားလိုက်မိတာနဲ့ ကြက်သီးမွေးညင်းတွေ ထသွားရပြီး အတွေးတွေလည်း ပျံ့လွင့်သွားကြတော့တယ်။ တကယ်တော့ ကိုယ့်နိုင်ငံရဲ့ လက်ရှိအခြေအနေဟာ ပျိုးခင်းထဲကနှုတ်ပြီး လယ် ကွင်းထဲကို ပြောင်းအစိုက်ခံလိုက်ရတဲ့ စပါးပင်လေးတစ်ပင်ရဲ့ဘ၀နဲ့ ဘာမှ မကွာခြားပါဘူး။ မိုးတွေကလည်း ရွာလေတွေကလည်း ထန်လယ်ကွင်းအသစ်ထဲက ရွှံ့တွေရေတွေအကြားမှာ အမြစ်ကလည်း မတွယ်နိုင်သေးတာမို့ အချိန်မရွေး အန္တရာယ်ဖြစ်သွားနိုင်တဲ့ အခြေအနေမှာ ရှိနေတာ ပါ။
လယ်ကွင်း အသစ်စက်စက်ထဲက စပါးပင်လေးတစ်ပင်ရဲ့ ဘ၀ထဲကို ၀င်ရောက်ဖို့ ကြိုးစားလာကြတဲ့နိုင်ငံတွေ အခုဆို အတော်လေး များလာပါပြီ။ သူတို့ဟာ ကိုယ်တို့အနားကို ချဉ်းကပ်လာနေကြပြီး ကိုယ်တို့ရဲ့ ပြောင်းလဲမှုတွေကို အံ့သြတယ်၊ လက်ကမ်းကြိုဆိုတယ်၊ ပိတ် ဆို့ထားတာတွေထဲက အဆင့်ဆင့် ပြန်ဖွင့်ပေးသင့်တဲ့ဟာ ပြန်ဖွင့်ပေးပြီး ဆိုင်းငံ့ထားသင့်တဲ့ အချို့ကို ဆိုင်းငံ့ထားကြတော့မယ်လို့လည်း ဆိုခဲ့ကြပါတယ်။ အခုတော့ အကောင်အထည်လည်း စဖော်နေကြပါပြီ။ အရင်က နိုင်ငံတကာလေဆိပ်တွေမှာ နိုင်ငံကူးလက်မှတ်စာအုပ်ကို ကြည့်ပြီး ကိုယ့်နိုင်ငံကမှန်း သိလိုက်တာနဲ့ မျက်နှာရှုံ့သွားလေ့ရှိကြတဲ့လူတွေဟာ မကြာခင်ကာလ အတွင်း ကိုယ်တို့စာအုပ်တွေကို တွေ့လိုက်ကြတာနဲ့ မျက်နှာတွေလန်းသွားတာကို တွေ့ကြရတော့မှာ ဖြစ်တယ်။ ဒါဟာ မင်္ဂလာတစ်ပါးပါပဲ။ ဒါပေမဲ့ ကိုယ့်သဘောကို ပြောရမယ်ဆို ရင်တော့ ကောင်းကင်ပေါ်က ကြွေကျလာကြမယ့် အဲဒီပန်းပွင့်တွေကို မျှော်လင့်စောင့်စားနေတဲ့ တစ်ချိန်တည်းမှာပဲ ကိုယ့်ခြံထဲက ပန်းတွေလန်းလာအောင် စဉ်ဆက်မပြတ် ရေလောင်းပေးနေသင့်တယ်လို့ ထင်မိပါတယ်။
ဒါပေမဲ့ ကိုယ့်နိုင်ငံထဲက ပန်းမျိုးစုံလန်းလာဖို့ဆိုတဲ့နေရာမှာ သံသယတွေ၊ မေတ္တာပျက်ပြယ်မှုနဲ့ မကျေလည်မှုတွေလည်း ရှိနေကြ သေးတာမို့ပန်းတွေ ချက်ချင်းလန်း လာဖို့ဆိုတာကတော့ ခုချိန်မှာ သိပ်မလွယ်လှသေးပါဘူး။ အဲဒီခံစားချက်တွေဟာ မကျေပျက်နိုင်တဲ့ အစိုင် အခဲတွေနဲ့ အသွင်တူနေပြီး လူတိုင်း လိုလိုရဲ့ရင်ထဲမှာလည်း ရှိနေကြတယ်။ ဒီလို အစိုင်အခဲမျိုးတွေကို မချေဖျက်နိုင်တဲ့ လူတွေဟာ ကိုယ့်အနာကို ကိုယ်ရင်းအောင် လုပ်နေကြသူတွေနဲ့ အတူတူပဲဆိုတဲ့ ဆိုစကား တစ်ခွန်းလည်း ရှိပါတယ်။ ဒီအစိုင်အခဲကို မသင့်တော်တဲ့နည်းလမ်း တစ်မျိုးနဲ့ ချေဖျက်ဖို့ကြိုးစားတဲ့ ပုံပြင်တစ်ခုအကြောင်း ဆရာတော်တစ်ပါး ဟောကြားထားတာကိုလည်း ပြန်ပြောပြချင်မိပါတယ်။ အဲဒါကတော့ တစ်ခါတုန်းက ပိတုန်းတစ်ကောင်ဟာ မြွေတစ်ကောင်ရဲ့ဦးခေါင်းကို တုပ်ထားပါတယ်။ မြွေက ခါချပေမယ့် ပိတုန်းက မလွှတ်ပါဘူး။ အဲဒါ မြွေဖြစ်သူက ဒီလောက်တောင်ရှိလှတာ မင့်တော့ သိစေရမယ်ဆိုပြီး လှည်းလမ်းကြောင်းပေါ်မှာ လိမ့်နေတဲ့ လှည်းဘီးရှေ့မှာ ဦးခေါင်းကို ထိုးခံလိုက်တာပါ။ ပိတုန်း သိသိညက်ညက် ကြေသွားရသလို မြွေလည်း အသက် ဆုံးရှုံးသွားခဲ့ရတာပါပဲ။

အမျက်ဆိုတာ ဖွင့်ထုတ်ခွင့်ရ လိုက်ရင်လေထဲ လွင့်ပါသွားပြီး ခွင့်လွှတ်ခြင်းဆိုတဲ့ အမှုန်ဘ၀ကို ပြောင်းလဲသွားတတ်သလို အမျက်ကို ပိတ်လှောင်ထားရင်လည်း လက်စားချေလိုခြင်းဆိုတဲ့ ချေဖျက်ဖို့ မလွယ်တဲ့ အစိုင်အခဲဘ၀ကို ပြောင်းလဲသွားတတ်ပါတယ်။ ဒါကြောင့်မို့ ကိုယ့်ညီ ရင်းအစ်ကိုတွေ အချင်းချင်းအပေါ် ဘာသံသယ ဘာစိုးရိမ်စိတ်မှ မထားတော့ဘဲ ပြည်သူတွေရဲ့ ရင်ထဲက ဆန္ဒတွေကို ချွင်းချက်မရှိ ချက်ချင်း ထုတ်ဖော်ခွင့်ပေးလိုက်စေချင်ပါတယ်။ ဒါဆိုရင် အစိုင်အခဲတွေ ကျေပျက်သွားပြီး လူတိုင်းရဲ့ရင်ထဲမှာလည်း ခွန်အားတစ်ခု တိုးလာမှာပါ။
b5_4_09_1

ရင်ထဲမှာ အစိုင်အခဲရှိနေကြသူတွေ အနေနဲ့လည်း အမျက်ဒေါသတို့ လက်စားချေခြင်းတို့ဆိုတဲ့ ဟင်းလျာတွေဟာ အအေးခံပြီး သုံးဆောင်မှ အရသာရှိတဲ့ ဟင်းလျာမျိုးတွေဖြစ်တာမို့ တောင်တောင်အီအီ ဘာမှတွေးမနေတော့ဘဲ အဲဒီဟင်းလျာတွေကို အင်မတန်မှ စားချင်စိတ်ပေါ်လာမိရင်တောင်မှ အခုချက်ချင်းလက်ငင်း မစားသေးဘဲ ဆယ်နှစ်လောက်အရင် အအေးခံထားလိုက် စေချင်ပါတယ်။
သင်္ကြန်ပထမအကြပ်နေ့ နေ့လယ်ကတော့ ထိုင်းနိုင်ငံက ကိုယ့်မိတ်ဆွေတစ်ယောက် ကိုယ့်ဆီကို အူယားဖားယားနဲ့ ဖုန်းဆက်လာပါတယ်။ 'ဘယ်လိုဖြစ်တာလဲဗျ ခင်ဗျားတို့နိုင်ငံ ဒီနှစ်သင်္ကြန်က တအားပျော်စရာကောင်း ပါလား ကျွန်တော်တို့တတွေ ပြေးလာချင် စိတ်တောင် ပေါက်နေကြပြီလို့' ပြောပါတယ်။ ကိုယ်လည်း ခင်ဗျား ဘယ်လိုလုပ်သိတာလဲလို့ ပြန်မေးမိ ပါတယ်။ အဲဒီမှာ သူက 'ဟာ.. ဘယ်နှယ် မသိရမလဲ၊ ကျွန်တော်တို့ ထိုင်းတီဗီထဲမှာ ခင်ဗျားတို့ တပျော်တပါး ရေကစားနေကြတာတွေကို နေ့စဉ်ဆိုသလို တွေ့နေရတာပဲ ဥစ္စာ၊ ခင်ဗျားတို့ကို ကြည့်ပြီး ဒီကလူတွေတောင် တအားပျော်နေကြတယ်'လို့ ၀မ်းသာအားရနဲ့ ပြန်ပြောသွားခဲ့ပါတယ်။ သူပြောတာ အမှန်ပါပဲ။ ဒါပေမဲ့ အပျော်လွန်ပြီး အထိန်းအကွပ် လုံးဝ မရှိတော့ဘူးဆိုရင်လည်း တစ်ဦးတစ်ယောက်ချင်းအတွက်သာမက နိုင်ငံ အတွက်ပါ အကျိုးယုတ်တာသာ အဖတ်တင်ပါလိမ့်မယ်။ ဒါကို သူတို့လည်း သိနေကြပါတယ်။ ထိုင်းနိုင်ငံရဲ့ 'စုံးကန်'  (Songkran) လို့ခေါ်တဲ့ သင်္ကြန်ကာလမှာ အပျော်ကျူးတဲ့ လူငယ်တွေ ၂၀၀၃ခုနှစ်က ၆၆၈ ယောက်၊ ၂၀၀၄ခုနှစ်မှာ ၆၅၄ ယောက် လမ်းတွေပေါ်မှာ ဆိုင်ကယ် မှောက် ကားတိုက် မှုဖြစ်ပြီး အသက် ဆုံးရှုံးခဲ့ကြရာက နည်းမျိုးစုံနဲ့ လှုပ်ရှားမှုအမျိုးမျိုး ပြုလုပ်ပြီး ကြိုးစားခဲ့ကြရာမှာ ၂၀၁၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံး အသက်ဆုံးရှုံးသူ အရေအတွက် ၃၆၁ ယောက်ထိ ကျဆင်းလာခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ် မှာတော့ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ကြတဲ့အထဲက မနှစ်က စာရင်းဖြစ်တဲ့ သေဆုံးသူ ၂၇၁ ယောက်ထက် ၄၉ ယောက်တောင် ပိုသွားခဲ့ပါပြီ။ ဒီနှစ် ဧပြီ ၁၁ရက်ကနေ ၁၇ ရက်နေ့အတွင်း ယာဉ်တိုက်မှု ၃၁၂၉ မှု ဖြစ်ပွားရာမှာ ၃၂၀ ယောက်သေပြီး ၃၃၂၀ ယောက်တောင် ဒဏ်ရာရခဲ့ကြတာမို့ သူ့တို့နည်းသူ့တို့ဟန်နဲ့ စိတ်ညစ် နေကြရတာပါ။
ကိုယ့်နိုင်ငံရဲ့ ဒီနှစ်သင်္ကြန်ဝေဒနာတွေကတော့ ဘာတွေဖြစ်နိုင်မလဲ ဆိုတာပြောပြနေဖို့ လိုမယ်မထင်တော့ပါဘူး။ ပျော်တာတော့ ပျော်ကြပေါ့။ ဒါပေမဲ့ ကိုယ့်ရိုးရာယဉ်ကျေးမှုတွေ လွင့်ပါးကွယ်ပျောက်သွားတဲ့အထိ ဖြစ်မသွားအောင် ထိန်းသိမ်းစောင့်ရှောက် သွားဖို့ကတော့ နိုင်ငံသားမှန်သမျှတိုင်းမှာ တာဝန်ရှိပါလိမ့်မယ်။ ဒါပေမဲ့ ဒီနှစ်သင်္ကြန်ဟာ အတော်ထူးခြားနေပါတယ်။ သံချပ်တွေ ထိုးခွင့်ပြုလိုက်တဲ့အတွက် လူတွေရဲ့စိတ်ထဲမှာ သိသိသာသာပေါ့ပါး သွားကြပါတယ်။ဒါကို သတိထား ချင်မှ ထားလိုက်မိကြမှာပါ။
ဒါပေမဲ့ သံချပ်ထိုးသံတွေနဲ့အတူ အစိုင်အခဲ အချို့လေထဲ လွင့်ပျံထွက်သွားကြပြီး အဲဒီလိုလေထဲ လွင့်ပျံထွက်သွားတဲ့ အချိန်မှာ တစ်နိုင်ငံလုံး ပျော်ရွှင်ကြည်နူးခဲ့ကြရတဲ့အဖြစ်ကို ပြန်စဉ်းစားကြည့်ရင် သိနိုင်ကြလိမ့်မယ်ထင်ပါတယ်။ အအေးခံပြီးမှ စားလို့ကောင်းတဲ့ ဟင်းလျာတွေကို ပူပူနွေးနွေး စားပစ်ချင်တဲ့ စိတ်တွေတောင် ဘယ်ဆီရောက်လို့ ရောက်သွားမှန်း မသိကြတော့ပါဘူး။ ဒါ့ကြောင့် ဒီနှစ်သင်္ကြန်မှာ ကိုယ့်နိုင်ငံဟာ အင်မတန်မှ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ခညောင်းနေတယ်ဆိုတာကို ကိုယ့်ဘာသာ ကိုယ်သတိမထားမိကြရင်တောင်မှ နိုင်ငံခြားကလူတွေကတော့ သိနေကြပါတယ်။ ဒါဟာ ပန်းတွေလန်းလာခြင်းရဲ့သင်္ကေတ လက္ခဏာတွေပါပဲ။ ပန်းတွေလန်းလာရင် ပျားတွေ အလိုအလျောက် လာကြမှာပါပဲ။ တကူးတက ခေါ်နေစရာတောင် လိုမယ်မထင်ပါဘူး။

ဒါ့ကြောင့် ၁၉၃၆ ခုနှစ်ဆီက ကိုယ့်မြန်မာလူမျိုးတွေရဲ့ 'ကိုယ်တို့ဆီမှာ သာပါရဲ့လား' ဆိုတဲ့ သူတို့ရဲ့အမေးကို ကိုယ့်အနေနဲ့ 'ရင်ထဲမှာ ထိတ်တာကတော့ ထိတ်နေရသေးပေမယ့် မကြာခင်သာလာတော့မှာပါ'လို့ လှမ်းအော်ပြီး အဖြေပေးလိုက်ချင်မိတော့တာပါ။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis