menu

Wednesday 25 April 2012

မြန်မာနိုင်ငံတစ်ဝန်း၌ မိုးကြိုမိုး ရွာသွန်းမှုနည်းပါး၍ နေပူသည့် ရက်ကြာရှည်လာသောကြောင့် အပူရှိန်မြင့်တက်မှုများ ကြုံတွေ့လာရ




ဆည်တော်လေး ရေလွှတ်မြောင်းအတွင်း အပူသက်သာရန် ရေချိုးနေသူများကို တွေ့ရစဉ်
မြန်မာနိုင်ငံ ဒေသအသီးသီးတွင် မိုးကြိုမိုးရွာသွန်းမှုများ နည်းပါးသည့်အတွက် နေ့အပူရှိန်ပိုမိုမှုများ ကြုံတွေ့လာရကြောင်း သတင်းရရှိပါသည်။ ထို့အတူပင် မြန်မာနိုင်ငံတစ်ဝန်း နေရောင်ခြည် ဖြာထွက်ကျရောက်မှုများနှင့် ခရမ်းလွန်ရောင်ခြည် ကိန်း (UVIndex)များ ဆက်လက်မြင့်တက်နေကြောင်း သိရှိရပါသည်။

''UVIndex က လက်ရှိမှာ ၁၀ လောက် ရှိနေပါတယ်။ နောက်ပိုင်းမှာတော့ ကျသွားဖို့ အလားအလာ ရှိပါတယ်''ဟု Myanmar Climate ChangeWatch မှ ဒေါက်တာထွန်းလွင်က ပြောကြားသည်။
''မိုးဖြိုင်ဖြိုင် မရွာတာကြာတော့ နေပူပြင်းတဲ့ရက်တွေ များလာပါတယ်။ နေ့အပူချိန်တွေက မြင့်ပြီး နေပူတဲ့အချိန်ကကြာတော့ နေ့အပူရှိန်တွေ မြင့်တက်လာတာပါ။ မိုးကြိုမိုးကလည်း နည်းသေးတယ်။ ဒေသတစ်ခုနဲ့တစ်ခုတော့ တူမှာမဟုတ်ဘူး။ အလယ်ပိုင်းဆို ပိုပူနေဦးမယ်'' ဟု ဒေါက်တာထွန်းလွန်က ပြောကြားသည်။ လက်ရှိတွင် အပူရှိန်မြင့်တက်မှုကို သက်သာရာရစေမည့် မိုးရွာသွန်းမှု ဖြစ်စဉ်တစ်ခုသည် မြန်မာနိုင်ငံ အထက်ပိုင်းသို့ အနောက်ဘက်မှ အရှေ့ဘက် ဦးတည်ရွေ့လျားသွားမည့် အခြေအနေတွင် ရှိနေကြောင်း Myanmar Climate ChangeWatch တွင် ဧပြီလ ၂၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရှိရသည်။၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းတွင် ကြုံတွေ့ခဲ့ရသော ဆောင်းရာသီကာလသည် ပုံမှန်ဆောင်းရာသီများလောက် အေးမြမှုမရှိခဲ့ဘဲ နယ်ဒေသများတွင်သာ အေးမြခြင်းကို အထိုက်အလျောက် ကြုံတွေ့ခဲ့ရကာ ရန်ကုန်မြို့ကဲ့သို့သော မြို့ပြတွင် ဆောင်းရာသီ ကာလပင်ဖြစ်သော်လည်း နေ့အပူချိန် မြင့်တက်ခြင်းများ၊ ညအပူချိန် ပုံမှန် ဆောင်းထက် မြင့်တက်ခြင်းများကို တွေ့ကြုံခဲ့ရသည်။

၂၀၁၁ ခုနှစ်အတွင်းကမူ ရာသီဥတု ထူးခြားဖောက်ပြန်သော နွေရာသီကို ကြုံတွေ့ခဲ့ရကာ မတ်လအတွင်း မိုးရာသီကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းမှုများ၊ ဆောင်းရာသီကဲ့သို့ အေးမြမှုများကို ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ လက်ရှိ ၂၀၁၂ ခုနှစ် နွေရာသီကာလအတွင်း ပူပြင်းခြောက်သွေ့မှုများကို တွေ့ကြုံလာရသည့်အတွက် အချို့သောဒေသများတွင် သောက်သုံးရေ ခက်ခဲမှုများ၊ အပူရှိန်ကြောင့် ကျန်းမာရေးအပေါ် သက်ရောက်မှုများရှိလာကြောင်း သိရှိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis