menu

Tuesday 27 March 2012

ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွား၍ တောင်ငူရှိ ကြက်ခြံတစ်ခု ကျပ်သိန်း ၂၀၀ ကျော်ဆုံးရှုံး

Photo

ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားသော တောင်ငူမြို့ ကျွန်းကုန်းကျေးရွာရှိ ရွှေဝါဥစားကြက်ခြံ၏ ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်ငွေ သိန်း ၂၀၀ ကျော်ကြောင်း ခြံပိုင်ရှင် ဦး
ရဲဝင်းက   7DAY NEWS  အား ပြောသည်။
“ကျွန်တော့်ခြံက ကြက်တွေ ကမျိုးမရတော့ အသက်တွေကကြီးနေပြီ၊ ဖေဖော်ဝါရီလကတည်း က အပတ်ခုနစ်ဆယ်၊ ရှစ်ဆယ်အရွယ်တွေကို ထုတ်ရောင်းနေတာ၊ မတ်လဆန်းမှာ စသေတာ၊ တစ် နေ့ကို အကောင်ရှစ်ဆယ်နှုန်းပဲ။ ၅ ရက်နေ့အရောက်မှာ သုံးလေးရာ သေတော့တာပဲ”ဟု ၎င်းကပြောသည်။ထိုသို့ဖြစ်ပွားမှုကြောင့် မွေး
မြူရေးနှင့် ကုသရေး ဦးစီးဌာနသို့ အကြောင်းကြားသောအခါ ကြက်နမူနာများအားစစ်ဆေးပြီး ဓာတ်ခွဲခန်းမှ ကြက်ငှက်တုပ်ကွေးရောဂါဟူ၍ အဖြေထွက်သောကြောင့် ကျန်
သည့် ကြက်များကိုပါ သုတ်သင်ရှင်းလင်းခဲ့ရကြောင်း ၎င်းကပြောသည်။
“ကောက်ချက်ချရရင် ကြက် လာဖမ်းတဲ့ဆီက ရောဂါကူးတာ ဖြစ်နိုင်တယ်၊ အန်ကယ်တို့ခြံရော ဘေးကတပ်ပိုင်၊ ပုဂ္ဂလိကပိုင် ခြံတွေရောက ခြံအဖွင့်စနစ်နဲ့ မွေး
ကြလို့ပဲ”ဟု ခြံပိုင်ရှင် ဦးရဲဝင်းက ပြောသည်။နောင်အခါတွင်  လုပ်ငန်းပြန်လည်စတင်ပါက လေလုံစနစ်ဖြင့်အဲကွန်းပေးကာ မွေးမြူရသောအဆင့်မြင့်နည်းစနစ်ဖြင့်သာ မွေး
မြူရန်နှင့် မြေဧကရှစ်ဧကပေါ်တွင်လည်း ပေါင်းစည်းလယ်ယာစနစ်လုပ်ရန် သက်ဆိုင်ရာသို့ တင်ပြထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“တောင်ငူမှာ ဥစားကြက်တွေမှာတွေ့တယ်၊  အခုအသား တိုးကြက်တွေထုတ်မယ့်လူတွေကို ပီစီသရီး(ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်)ပါမှ ရန်ကုန်သယ် ခွင့်ပြုမယ်ဆိုတာနဲ့ တိမွေးကုမှာ လုပ်ရတာ၊ ပီစီသရီးမရဘူး ဖြစ်နေတယ်။ ပဲခူးကြက်လုံးဝ မသယ်ရတာ ၈ ရက်နေ့တည်းကပဲ”ဟု ပဲခူးမြို့မှ အသားတိုးကြက်ပေါက် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင် ဗိုလ်မှုးသိန်းဌေး(ငြိမ်း)က ပြောသည်။
ယခုအခါ ရန်ကုန်တိုင်းအတွင်းသို့ ကူးစက်မလာစေရေးအ တွက် ပဲခူးမှရန်ကုန်သို့ ကြက်တင်သွင်းမှုကို ထိန်းချုပ်ကန့်သတ်ထားကြောင်း အသားတိုးကြက် ထုတ်လုပ်မွေးမြူရေး ရောင်းချသူများ အသင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ထိုကြောင့် ဇရပ်ကွင်းတွင် ရန်ကုန်သို့သယ်ခွင့် မရသော ကြက်ပေါက်ကောင်ရေ ၁၀၀ သေဆုံး သွားကြောင်း ကြည့်မြင်တိုင်ကြက် ဘဲဒိုင်မှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။“အခုနောက်ပိုင်း အားလုံးကို စနစ်တကျ ထိန်းချုပ်နိုင်နေပါပြီ။ ရောဂါဖြစ်တာ ၅ ရက် (မတ် လ)နောက်ပိုင်းမှာ မရှိတော့ပါဘူး” ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကြီးက   7DAY NEWS  အား တယ်လီဖုန်းမှ ဖြေကြားသည်။
ကြက်ကောင်ရေ ၂၀၀၀၀ ခန့် မွေးမြူထားသော တောင်ငူ ကျွန်းကုန်းရွာမှ ဥစားကြက်ခြံတစ် ခြံတွင်လည်း ကြက်များအားလုံး မြေမြှုပ်ပစ်လိုက်ကြောင်း သတင်းရရှိသည်။
“သူတို့တွေ ထိန်းချုပ်လို့ ရနေပါပြီ။ ဖြစ်ခဲ့တဲ့ခြံတွေကို အက်ရှင်ပလန်(အရေးယူဆောင်ရွက်မှု) လုပ်နေပါတယ်”ဟု ဒေါက်တာလှလှသိန်းကပြောသည်။ မူလစတင် ဖြစ်ပွားစဉ်ကတည်းက သက်ဆိုင်ရာသို့ အကြောင်းကြားခြင်းမရှိဘဲ မိမိတို့ ဘာသာ ကုသနေခြင်းများကြောင့် ပိုမိုသေဆုံးကာ အနီးနားရှိ ခြံများကိုလည်း ကူးစက်မှုများ ကြုံတွေ့ခဲ့ရကြောင်း မွေးမြူရေးဆရာဝန်တစ်ဦးကပြောသည်။
ဖေဖော်ဝါရီ လကုန်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်ချောင်းဦးမြို့နယ်ရှိ မွေးမြူရေးခြံတွင်လည်း ကြက်ငှက်တုပ်ကွေးရောဂါကြောင့် ကြက်ကောင်ရေ ၄၀ ခန့် သေဆုံးခဲ့ရသည်။ထိုကဲ့သို့ ဖြစ်ပွားသော နေ ရာများတွင် ပြန်လည်ထူထောင်နိုင်ရေးအတွက် ရန်ပုံငွေများကူညီ ထောက်ပံ့ပေးရန် စီစဉ်နေသကဲ့သို့ ရန်ကုန်တိုင်းသို့ ကူးစက်ပျံ့နှံ့ မှုမရှိစေရန်လည်း ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာနနှင့် လုပ်ငန်းရှင်အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ
မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာခင်လှိုင်က ပြောသည်။
ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့သော ကြက်ခြံများအတွင်းရှိ အလုပ်သမားများအားလုံးကို ကျန်းမာရေးဌာနမှ ဆေးစစ်ခြင်းနှင့် စောင့်ကြည့်ခြင်းများ လုပ် ဆောင်နေကြောင်း သတင်းရရှိသည်။ကြက်ငှက်တုပ်ကွေးရောဂါသည် ၂၀၀၆ ခုနှစ်က မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်ဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းဒေသသို့ ကူးစက်ခဲ့သည်။၂၀၀၇ ခုနှစ်တွင် မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့၌ ဖြစ်ပွားခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင်လည်း   ရန်ကုန်မြို့၌  ဖြစ်ပွားခဲ့သည်။
7Day News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis