menu

Saturday 25 February 2012

တွေ့ကြုံခဲ့ရဖူးသည့်သူတို့ဆီက လူထုကျန်းမာရေးစောင့်ရှောက်မှု(ဒေါက်တာစိုးသိမ်း)


Photo

မကြာသေးမီက စာရေးသူ၏ အဒေါ်အရင်း အသက် ၈၀အရွယ်ရှိ အိမ်ထောင်မရှိ အပျိုကြီးသည် ရုတ်တရက် မူးလဲသတိလစ် ၍ ကိုယ်တစ်ခြမ်း လေဖြတ်သွားခဲ့သည်။ ထို့ကြောင့်အိမ်နှင့်နီးသည့်ပြင်ဦးလွင်မြို့ရှိ ပုဂ္ဂလိကဆေးရုံ တစ်ရုံတွင်တင်၍ကုသခဲ့ရပါသည်။ အဒေါ်သည် သတိလစ်နေရာမှ ရှစ်ရက်မြောက်တွင်သတိပြန်လည် လာပါသည်။ သို့သော်လည်း တစ် ပိုင်းတစ်စ သတိရခြင်း ( Semiconscious )သာဖြစ်ပြီး စကား မပြောနိုင်၊ အစာမစားနိုင်၊ မလှုပ်ရှားနိုင်သည့် အခြေအနေပါ။ လူနာ အတွက် အစွမ်းကုန်ကုသပြုစုခြင်း ( Intensive Care ) လိုအပ် နေသေးချိန်ဖြစ်ပါသည်။
အဒေါ်၏ ဆေးကုသစရိတ်အတွက် အဝေးရောက် တူ၊ တူမ များက စုပေါင်းကာ လှမ်း၍ ငွေ ရှစ်သိန်းပို့ပေးပါသည်။ ပုဂ္ဂလိကဆေးရုံတွင် ဆေးကုသစရိတ်မှာ တစ်ရက် လျှင် ပျမ်းမျှ ရှစ်သောင်းခန့်ရှိသဖြင့် ဆယ်ရက်အကြာ၌ ထိုငွေရှစ်သိန်းမှာ ပြိုက်ခနဲ ကုန်သွားပါတော့သည်။ သို့ဖြင့် ဆက်လက်၍ ဆေးကုသစရိတ်ကိုဖြေရှင်းရန် အဒေါ်နှင့် စာရေးသူ ပူးတွဲငွေစာရင်း ( Joint Account ) ဖွင့်ထားသည့် ငွေစု ဘဏ်စာအုပ်ထဲမှ ငွေဆယ်သိန်း ထုတ်လိုက်ရပါတော့သည်။
၎င်းင်း ငွေစုဘဏ်စာရင်းမှာလည်း အဒေါ် ၏ အိမ်မြေကို ခွဲရောင်း၍ရသည့် ငွေလေးအား စားဝတ်နေရေးအ တွက် အတိုးကလေးရအောင် ထည့်ထားခြင်းဖြစ်ပါသည်။ အဒေါ်သည် ဦးစီးအရာရှိအဆင့်ဖြင့် ပင် စင်ယူခဲ့သူဖြစ်ပြီး ပင်စင်လစာ ကလေးနှင့် ဘဏ်တိုးလေးပေါင်း ကာ စားဝတ်နေရေးကိုဖြေရှင်း နေရသည်။ စာရေးသူက အခါ အားလျော်စွာတတ်နိုင်သလောက် ထောက်ပံ့ခဲ့သည့် ငွေလေးများမှာ အဒေါ်အတွက် မတ်တတ်နာဆေး ဖိုးလေးတွေပဲဖြစ်ပါသည်။
အဒေါ် ဆေးရုံတွင် တက် ရောက်ကုသမှု ၁၈ ရက်မြောက်၌ အဒေါ့်အထက်က အစ်ကို စာ ရေးသူ၏ ဦးလေးက ဆေးရုံမှာ ကုသနေခြင်းသည် လူနာကိုဒုက္ခပေးညှဉ်းဆဲ သလို ဖြစ်နေမည်။ သက်သက်သာသာဖြင့် အိမ်မှာပဲ ဘ၀ကူးပြောင်းပါစေဟုဆိုပြီး အနီးကပ်ကြီးကြပ်ပြုစုနေသည့် စာရေးသူ တူအကြီးဆုံးက သဘောမတူဘဲ ပါရဂူ၊ ဆရာဝန်များကိုပြောပြီး ဆေးရုံမှဆင်း၍ အိမ်တွင်ပဲပြုစုစေပါသည်။    အဒေါ်၏ ၁၈ရက်ကြာ ဆေးရုံတွင် တက်ရောက်၍ ကုန်ကျသည့်ဆေးကုသစရိတ်မှာ ငွေဆယ့်
သုံးသိန်းရှိပါသည်။
၎င်းငွေဆယ့်သုံးသိန်းစာရင်း ( Bill  ) ကိုကြည့်လိုက်တော့ ဆေးစစ် ဆေးချက်များက တစ်သောင်းဝန်း ကျင်၊ အောက်ဆီဂျင်ဖိုးက တစ် သောင်း၊ ဆရာဝန်ကုသစရိတ်က ခြောက်ထောင်၊ နေ့ည  Special Nurse  ငှားခက ခုနစ်ထောင်၊ အခန်းခက ခုနစ်ထောင့်ငါးရာ၊ အထွေထွေစရိတ်က သုံးထောင် နှင့် ဆေးဝါးဖိုးက တစ်သောင်းနှင့် သုံးသောင်းကြားရှိပါသည်။ ပျမ်းမျှ တစ်ရက်လျှင်  ကုန်ကျငွေ ငါးသောင်းနှင့် ရှစ်သောင်းကြားဖြစ်ပါသည်။ ကဲ-လူနာကို ပြည်သူ့ဆေးရုံ  တွင် ကုသစေမည်ဆိုပါက သီး သန့်ခန်းခ ငါးထောင်သာပေးရ မည်ဖြစ်ရာ သက်သာမည့်ငွေ နှစ် ထောင့်ငါးရာ၊ အောက်ဆီဂျင်ဖိုး နှစ်ထောင်သာပေးရမည်ဖြစ်ရာ သက်သာမည့်  ငွေရှစ်ထောင်၊ ဆရာဝန်စရိတ်သက်သာမည့် ငွေ ခြောက်ထောင် စသည်ဖြင့် ခန့် မှန်းသက်သာမည့်ငွေမှာ တစ်နေ့ လျှင် နှစ်သောင်းဖြစ်ပါသည်။ထိုရောအခါ ပြည်သူ့ဆေးရုံ တွင် ကုသပါက ကုန်ကျမည့်ငွေ မှာ တစ်နေ့လျှင် ပျမ်းမျှငွေသုံး သောင်းနှင့်ခြောက်သောင်းကြား ဖြစ်ပါသည်။
အထက်ပါကိန်းဂဏန်းများ ကို ဆန်းစစ်အဖြေထုတ်လိုက်ပါက အို၊ နာ၊ သေဘေးတွင် အိုရေးက မခက်ခဲ၊ အချိန်တန်လျှင် သူ့ဘာ သာသူရောက်လာမည်။ နာရေး ကတော့ အတော့်ကို ခက်ခဲလှပါ သည်။ ငွေကြေးပြည့်စုံသူများအ တွက် မခက်ခဲလှသော်လည်း လူ လတ်တန်းစားနှင့် အောက်ခြေလူ တန်းစားများအတွက်မူ အတော့် ကို ခက်ခဲသောကိစ္စဖြစ်သည်မှာ ဘယ်သူမှ ငြင်း၍မရပါချေ။    အဒေါ်၏ ဆေးကုသစရိတ် တွေကြောင့် စာရေးသူမှာ သံဝေဂ လည်းရ၊ စိတ်အစဉ်တွင်လည်း ရှုပ်ထွေး နောက်ကျိသွားခဲ့ရပါသည်။ စာရေးသူမှာ တပ်မတော်တွင် အရာရှိကြီးအဆင့်မှ အငြိမ်းစား ယူခဲ့သူဖြစ်ပြီး အရပ်ဘက်ဝန်ထမ်း ဘ၀တွင်လည်း ငါးနှစ်တာမျှ တာ ၀န်ထမ်းဆောင်ခဲ့ကာ ဒုတိယညွှန် ကြားရေးမှူးချုပ်အဆင့်ဖြင့် သက် ပြည့်အငြိမ်းစားယူခဲ့သူဖြစ်ပါသည်။ တပ်မတော်အရာရှိကြီးဘ၀၊ အရပ်ဘက်အရာရှိကြီးဘ၀တွင် လည်း ကျင်လည်ခဲ့စဉ် သမ္မာအာ ဇီဝအဖြစ် လစာငွေနှင့် အခြား စရိတ်ငွေများသာ ၀င်ငွေရှိခဲ့ပြီး အငြိမ်းစားယူချိန်၌ ငွေကြေးအ ဖြစ် များများစားစားစုဆောင်းနိုင်ခဲ့ခြင်း မရှိပါ။
အဒေါ့်လိုအဖြစ်မျိုး စာရေး သူထံသို့လည်း မရောက်ဟုမပြော နိုင်ပါ။ အိုနာသေဘေးမှ ဘယ်သူ မှ ပြေးမလွတ်ပါ။ ကဲ-စာရေးသူ အိုသည့်အခြေအနေမှ နာသည့် အခြေ အနေရောက်လာလျှင် ဘယ်လိုများ ဆေးကုသနိုင်ပါမည် နည်း။ အဒေါ်၏ သာဓကကိုယူ ၍ သံဝေဂလည်းရ၊ ပူလည်း ပူပန် မိပါသည်။ တစ်လောက ဂျာနယ်တစ် စောင်၏ ကာတွန်းကဏ္ဍလေးကို သဘောကျပြုံးမိပါသည်။ ကာတွန်းတွင်တစ်ဦးက “မြန်မာပြည် မှာ ငတ်သေတဲ့မသာမရှိဘူး”ဟု ပြောရာ ကျန်တစ်ဦးက “ငတ်သေ တဲ့မသာ တော့မရှိသေးဘူး။ ဆေး မကုနိုင်လို့ သေရတဲ့ မသာတွေက တော့ တော်တော်များတယ်””ဟု ပြန်ပြောလိုက်ပုံသည် ဟာသရသ မြောက်လှပါသည်။ ဤအဖြစ်အပျက်များ ကို မြစ်ဖျားခံပြီး စာရေးသူ၏အတွေး သည် အတိတ်သို့ ရောက်သွားပါ တော့သည်။
စာရေးသူသည် အမိနိုင်ငံ တော်၏ တာဝန်ပေးချက်အရ ၂၀၀၁ ခုနှစ်တွင် ရုရှားနိုင်ငံ၌ ပါရဂူဘွဲ့လွန်သုတေသနလုပ်ငန်း ( Post Doctoral Research ) ဆောင်ရွက်ရန် ပညာတော်သင် အဖြစ် စေလွှတ်ခံခဲ့ရပါသည်။ ရုရှားမြေတွင် တစ်နှစ်ကျော် ကာလမျှ ကြာသည့်အခါ ၂၀၀၂ ခုနှစ် နွေရာသီ၏ ညဥ့်တစ်ည၌ စာရေးသူ၏ ညာဘက်နံစောင်း အနောက်က မခံမရပ်နိုင်အောင် နာကျင်သည့်ဝေဒနာကို ခံစားရပါ သည်။ လေအောင့်သည်ထင်၍ ပါလာသည့် အစာကြေဆေးစား၊ လိမ်းဆေးများ လိမ်းသော်လည်း မသက်သာပါ။ နံနက် မိုးလင်း တော့လည်း မသက်သာလာပါ။ ထိုရောအခါ စာရေးသူတို့ နိုင်ငံ ခြားသား ပညာတော်သင်များအ တွက်ကျန်းမာရေးစောင့်ရှောက်မှု အာမခံဒေါ်လာ ၂၀၀ သွင်းထား သဖြင့် အခမဲ့ ဆေးကုသခွင့်ရှိ သော သက်ဆိုင်ရာနယ်မြေ ဆေး ခန်းကြီး( Poly Clinic )သို့ သွား ရောက်ပြသရပါသည်။ ၎င်းဆေး ခန်းကြီးသည် ရောဂါပေါင်းစုံ ( Case ) ပေါင်းစုံကို ကုသပေးနိုင် အောင် သက်ဆိုင်ရာ ပါရဂူအမျိုး မျိုး၊  ဆရာဝန်အဖုံဖုံ၊ ကိရိယာစုံ လင်စွာဖြင့် ဖွဲ့စည်းတည်ထောင် ထားပါသည်။ မြန်မာပြည်က ပုဂ္ဂလိကဆေးရုံအငယ်စားများထက် ဆယ်ဆခန့်ကြီးသော အဆောက် အအုံဖြစ်ပါသည်။
စာရေးသူအား သက်ဆိုင်ရာ ပါရဂူဆရာဝန်မကြီးက လိုအပ် သော စစ်ဆေးစမ်းသပ်မှုပြုလုပ် ပြီး “ဆေးရုံတက်ရမယ်၊ အမှတ် ၅၂ ဆေးရုံကိုသွားရမယ်။ အရေးပေါ်လူနာ တင်ယာဉ် ( Ambulance )  စီစဉ်ပေးမယ်”ဟုဆို ကာ လိုအပ်သော စီစဉ်မှုများ ဆောင်ရွက်ပေးသဖြင့် စာရေးသူ ဆေးရုံသို့ရောက်သွားပါသည်။ စာရေးသူ၏ တပည့် ပညာတော်သင် အရာရှိလေးတစ်ဦးက လိုက် ပါကူညီပေးပါသည်။  Poly  Clinic  ဆေးခန်းကြီးမှာ ကုသခနှင့်  Ambulance  ကားခစရိတ်ငွေ လုံးဝ မပေးချေရပါချေ။    ဆေးရုံပေါ်ရောက်တော့ သက်ဆိုင်ရာ ပါရဂူဆရာဝန်ကြီး က လိုအပ်သော ပဏာမစစ်ဆေး စမ်းသပ်မှုများ ပြုလုပ်ပြီးနောက်  G.N. Spectroscopy  ဟုခေါ်သည့် အစာအိမ်နှင့်ရင်ခေါင်းတွင်း အခြေအနေကို မှန်ပြောင်းဖြင့် စစ် ဆေးခြင်းပြုလုပ်ပါသည်။ သူနာပြု ဆရာမလေး အကူအညီဖြင့် အာ ခေါင်အတွင်းသို့ ပိုက်ကိုထိုးထည့် ပြီး မှန်ပြောင်းဖြင့် စစ်ဆေးကြည့်ရှုစစ်ဆေးသည်။ ရောဂါရှာမရ သဖြင့် ၀မ်းဗိုက်ကိုခွဲ၍ မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးရဦးမည်ဟု ပြောကာ သဘောတူကြောင်း ပုံစံ ( Form ) တွင် လက်မှတ်ရေးထိုးခိုင်းသဖြင့် လက်မှတ်ထိုးပေးလိုက် သည်။ ထိုအခါ သူနာပြုဆရာမ ချောချောလေးတစ်ဦးက စာရေးသူကို ထမ်းစင်တွန်းလှည်း ( Wheel Stretcher ) ပေါ်တင်၍ ခပ်ကြမ်းကြမ်းတွန်းကာ ဓာတ်လှေ ကားဖြင့် အခန်းတစ်ခုသို့ခေါ်သွား ပြီး စာရေးသူ၏ အောက်ပိုင်း အမွေးအမှင်များကို ရိတ်ပေး သည်။ ထို့နောက် ခွဲစိတ်ခန်းမကြီး ( Operation Theatre ) ထဲသို့ ခေါ်သွားပါသည်။ ထို့နောက် ပါရဂူဆရာဝန်ကြီးက စာရေးသူ၏ ၀မ်းဗိုက်ချက်အောက်နားတွင် ထုံ ဆေးထိုး၍ ခွဲ၊ ခွဲကြောင်းထဲသို့ မှန်ပြောင်းထည့်ပြီး ကြည့်ရှုစစ်ဆေးသည်။ စာရေးသူက ပါရဂူ ဆရာဝန်ကြီးအား အခြေအနေ မေးမြန်းရာ “ပုံမှန်အခြေအနေပါပဲ ရောဂါရှာမတွေ့ ဘူး”ဟုပြောပါသည်။
သို့နှင့် စာရေးသူသည် ခွဲ စိတ်ကုသလူနာဆောင်တွင် နေရ ပြီး မိမိအား နေ့စဉ်  Drip  များ သွင်းခြင်း၊ အသားဆေး ခြောက် ကြိမ်ထိုးခြင်း၊ စားဆေးမျိုးစုံပေးခြင်းပြုလုပ်ရာ သုံးရက်မြောက် တွင် နာကျင်သည့် ဝေဒနာများ လုံးဝပျောက်ကင်းသွားပါသည်။ ပါရဂူကြီး၊ တာဝန်ကျ ဆရာ ၀န်နှင့် သူနာပြုဆရာမများလည်း အသီးသီး တာဝန်ကျေ ပွန်စွာ ဆောင်ရွက်ကြသည်။ ထူးခြားပုံ မှာ ၎င်းင်းတို့သည် လူနာထံ တစ်ဦး ချင်းလာပြီး ပြုစုကုသကြခြင်းဖြစ် ပါသည်။ ပါရဂူကြီးသည်လည်း အခြံအရံဖြင့် မလာဘဲ တစ်ဦး တည်းလာ၍ လိုအပ်ချက်ကို ရေး မှတ်သွားသည်။ တာဝန်ကျဆရာ ၀န်လည်း ထိုနည်းတူပင်။
စာရေးသူသည် ဝေဒနာများ သက်သာလာပြီး ဗုဒ္ဓဘာသာ ဗမာလူမျိုးတို့၏ ထုံးစံအတိုင်း ပါရဂူကြီး၊ ဆရာဝန်နှင့် သူနာပြု များကို ဂါရ၀ပြုလိုသဖြင့် ဦးစွာ သူနာပြုမလေးထံ လက်ဆောင် စားသောက်ဖွယ်ရာများ သွားပေး ၍ ဗန်းစကားအရ “ဂါ” ပါသည်။ ထိုရောအခါ သူနာပြုမလေးက “ဒါ ထုံးစံမဟုတ်ဘူး။ ဘာလက် ဆောင်မှ ပေးစရာမလိုဘူး”ဟု မာကျောစွာ ပြန်ပြောလိုက်၍ နောက်ကြောင်းပြန်ခဲ့ရသည်။ သူတို့ လူမျိုးထုံးစံက မွေးနေ့တို့ နှစ်သစ်ကူးကာလတို့ လူနာအမည် အလိုက် သတ်မှတ်ထားသည့် နှစ် ပတ်လည်နေ့တွေမှ လက်ဆောင် ပဏ္ဏာပေးကြတာကို နောက်မှ သိရသည်။ အကြောင်းမဲ့ လက် ဆောင်ပေးလျှင် “ကြောင်”သည်ဟု သတ်မှတ်ပုံရပါသည်။ သို့ဖြင့် စာရေးသူမှာ ဆရာဝန်ကိုရော ပါရဂူကြီးကိုရော လက်ဆောင်ပေး ဂါရ၀ပြုခြင်းကိစ္စကို လက်လျှော့ လိုက်ရပါတော့သည်။ သူတို့၏ ဆေးလောကကို တစေ့တစောင်း လေ့လာကြည့်ခဲ့ရာ သူတို့လည်းသူတို့ပညာဖြင့် အနောက်တိုင်းဆေးပညာရပ်ကို ထူးထူးချွန်ချွန် ဆောင်ရွက်လျက်ရှိကြသည်။ ဆေးပညာ သာမက ၀ိဇာ၊ သိပံ္ပပညာရပ်အလုံးစုံကို သက်ဆိုင်ရာ ပညာရှင်များက ကျမ်းစာအုပ်အသီးသီးကို ရုရှားဘာသာဖြင့် ပြုစုထားရှိပြီး ကဏ္ဍအသီးသီးတွင် ၎င်း တို့ဘာသာ ထူးချွန်စွာ ရပ်တည်နိုင်ခဲ့သည်မှာ ကမ္ဘာအသိ ဖြစ်ပါသည်။ ဆေး ပညာလောကတွင် အနောက် ဥရောပ၊ ဗြိတိန်မှ နာမည်ကျော်  M.R.C.P  ဘွဲ့တို့၊  F.R.C.S  ဘွဲ့တို့ကို ၎င်းင်းတို့ စိတ်မ၀င်စားကြချေ။ အင်္ဂ လိပ်စကားကိုလည်း အထင်ကြီး စွာမသုံးကြချေ။ မိမိကိုယ်ကိုသာ ယုံကြည်အားထား ( Self Reliance ) သူများဖြစ်ကြပါသည်။
ရုရှားနိုင်ငံတွင်  M.Sc .  Med. Sc  သင်တန်းတက်နေသော စာရေးသူ၏ တပည့်/မိတ်ဆွေ ဗမာ့တပ်မတော် ဆရာဝန်လေးက သူ့အတွေ့အကြုံကိုပြောပြပါ သည်။ သူက ခွဲစိတ်ပညာ  Surgery ဘွဲ့လွန် တက်နေသူပါ။ သူက“အဘရေ ဒီမှာ ရောဂါရှာဖွေတာ နဲ့ ရောဂါစစ်တမ်း  Diagnosis  ထုတ်တဲ့ကိစ္စက ဘာမှကို မခက်ခဲဘူး။ ကိရိယာ တွေ အစုံရှိတယ်။ ချက်ချင်း ရောဂါကို အတိအကျ သိတယ်။  Diagnosis  သိတာနဲ့ တန်းခွဲစိတ်တော့တာပဲ။ ကျွန် တော်လည်း ခွဲစိတ်တဲ့အတွေ့အ ကြုံတွေ အများကြီးကို ရလာခဲ့ တယ်”ဟုပြောပါသည်။
၎င်းတို့ ဆေးရုံတွင် လူနာ များကို ကျွေးမွေးပြုစုပုံ ဖောက် သည်ချပါဦးမည်။ နံနက်စောစော မနက်စာ( Breakfast  )၊ နေ့လယ် စာ ( Lunch )နှင့် ညစာ ( Dinner ) ကို ကောင်းကောင်းကျွေးပါ သည်။ သို့သော် စာရေးသူမှာ သူတို့အစားအစာကို ငြီးငွေ့လှ သဖြင့် တပည့်ရင်း မြန်မာကျောင်း သားများကို ညစာမြန်မာထမင်းဟင်းစား လိုကြောင်းပြောပြရာ ၎င်းတို့က မြေအောက်ရထားသုံးဆင့်ပြောင်းစီးပြီး တကူးတက မြန်မာ ထမင်းဟင်းလာပို့ပေးကြ သည်။ ထိုကျေးဇူးကို အမြဲအောက်
မေ့သတိရပါသည်။ စာရေးသူကို ခွဲစိတ်ကုသ ဆောင် ( Surgical Ward ) တွင် တစ်ပတ်ထားပြီး စိတ်ချရသဖြင့် ဆေးဝါးကုသဆောင်( Medical Ward )သို့ပြောင်းပေးပါသည်။ ၎င်း Ward  တွင်လည်း ပြုစုကုသ ကျွေးမွေးပုံမှာ အတူတူပင်ဖြစ်ပါ သည်။
၎င်းတို့ ဆေးရုံတွင် ထူးခြား သည်က ညနေဆိုလျှင် မြန်မာ ထုံးစံလို လူနာလာကြည့် မေးကြ ခြင်းမျိုး မရှိကြခြင်းပင် ဖြစ်ပါသည်။စာရေးသူက လူနာမိတ်ဆွေကို ခင်ဗျား ဆေးရုံလာတက်တာ ငွေ ဘယ်လောက်ကုန်သလဲဟု မေး ကြည့်ရာ ၎င်းင်းက အံ့သြသည့်ပုံစံဖြင့် ဘာမှမကုန်ဘူးဟုပြောပါ သည်။ ၎င်းတို့သည် အိတ်တစ်လုံးဖြင့် ဆေးရုံ လာတက်၊ ဆေးရုံ ဆင်းတော့လည်း အိတ်တစ်လုံး နှင့်တိတ်တိတ်ဆိတ်ဆိတ်ဆင်း သွားကြပါသည်။ ဘာ“ပလိဘော ဒ”မှမရှိကြပါ။ အတော်ကောင်းသည့်လူထုကျန်း မာရေးစောင့် ရှောက်မှုအစီအမံပါပဲဟု မှတ်ချက်ကောင်းစွာပြုခဲ့ရပါသည်။ စာရေးသူသည်  Medical  Ward  တွင် ၁၀ ရက်နေရပြီး စုစုပေါင်း ဆေးရုံတက်ရက် ၁၇ ရက် အကြာတွင် ဆေးရုံက ဆင်းပေးလိုက်ပါသည်။ လှောင်ချိုင့်အတွင်းက လွှတ်လိုက်သည့် ငှက်ငယ်လိုပေါ့ပါးရွှင်လန်းသွားပါတော့သည်။ စာရေးသူ ဆေးရုံတွင် ၁၇ ရက် ကြာ တက်ရောက်ကုသခြင်းအ တွက် ငွေတစ်ပြားတစ်ချပ်မှ မပေး ခဲ့ရပါ။
သို့သော်လည်း ဆေးရုံက ဆင်းပေးရာတွင် သက်ဆိုင်ရာ  Poly  Clinic  ပါရဂူဆရာဝန်မကြီးထံ ပြန်လည်သတင်းပို့ပါဟု ညွှန် ကြားလိုက်ပြန်ပါသည်။ ကဲ ..သူတို့လောက တွင် စစ်ဆေး  Refer  လုပ်ခဲ့သူ ဆရာဝန်ထံ လူနာကို ပြန်၍လွှဲပေးခြင်းသည် ဆေး လောက၏ လေးစားဖွယ်  Procedure ပင်ဖြစ်ပါသည်။ စာရေးသူမှာ  Poly  Clinic  ပြန်သွား၍ ပါရဂူဆရာဝန်မကြီးကို သတင်းပို့ရာ ပါရဂူဆရာဝန် မကြီးက ဆေးကုသချက်မှတ်တမ်း များအား ဖတ်ကြည့်ပြီး “ဆေးရုံက ကုသတာတွေကို မကြိုက် သေးဘူး။ Gamma  Camera  နဲ့ရိုက်ပြီး ထပ်စစ်ရဦးမယ်။  Gamma  Camera ရှိတဲ့ အမှတ် ၈၂ ဆေးရုံကိုသွားပါဟု ညွှန်ကြား ပြန်ပါသည်။ သို့နှင့် စာရေးသူမှာ အမှတ် ၈၂ ဆေးရုံသို့ မြေအောက်ရထား တစ်တန်၊ ဘတ်စ်ကားတစ်တန် ဖြင့် သွားပြီး  Gamma Camera  အရိုက်ခံရပြန်ပါသည်။ Radiologist ဆရာဝန်ကို အခြေအနေမေးကြည့်ရာ “ပုံမှန်ပါပဲ။ စိုးရိမ်စရာ မရှိပါ”ဟုပြော၍ စိတ်အေးလက် အေးသွားကာ ၎င်းင်း  Result  ကိုပါရဂူဆရာဝန်မကြီးထံ သတင်းပို့ ရာ “အင်း-မဆိုးပါဘူး။ နောက် တစ်ပတ် ပြန်လာခဲ့ဦး”ဟုပြောပြန်ပါသည်။ သူတို့ ဆေးလောက၏  Procedure  ကျပုံ၊ ဂရုစိုက်ပုံ၊ စေ့ စပ်သေချာပုံ၊ ကရုဏာထားပုံ၊ ငွေ ကြေးကို အဓိကမထားပုံ စသည့်ကောင်း မွန် မွန်မြတ်လှသော လုပ် ဆောင်ချက်များကို စာရေးသူ တစ်သက်မေ့နိုင်တော့မည်မဟုတ်ပါချေ။
စာရေးသူ၏ ဝေဒနာမှာ လည်း သက်သာပျောက်ကင်း သွားပြီဖြစ်၍  Poly  Clinic  ပါရဂူ ဆရာဝန်မကြီးထံ မသွားတော့ ချေ။ ဤဆောင်းပါးကို နိဂုံးချုပ်ပါ တော့မည်။ စာရေးသူ၏ တင်ပြ ချက်များမှာ တိုင်းတစ်ပါးကို အထင်ကြီးစွာ ရေးသားခြင်း မဟုတ်ကြောင်း ရိုးသားစွာဝန်ခံရပါမည်။  သို့သော် သူတို့၏ ကောင်းမွန်သည့်ဆောင်ရွက် ချက် များကိုမူ မှတ်တမ်းတင်ပါသည်။ ကိုယ့်မြေမှာ မရှိသည့် အခြေအနေများကို နည်းနာယူသင့်ပါ သည်။ ၎င်းတို့၏ လူထုကျန်းမာ ရေးစောင့်ရှောက်မှုအစီအမံများ ကိုလည်း အတုယူသင့်ပါသည်။ လူထုကျန်းမာရေးစောင့် ရှောက်မှုအကြောင်းပြောလျှင် ဘတ်ဂျက်ခွဲဝေမှုမှ ကျန်းမာရေး အသုံးစရိတ်ဘက်ကိုရောက်မည်။ လာမည့် ဘဏ္ဍာနှစ်တွင် အစိုးရက ကျန်းမာရေးအသုံးစရိတ်ပိုသုံး မည်ဟု လွှတ်တော်ဘက်မှ ကြား ရသည်။ နိုင်ငံသားတိုင်းအတွက် ကျန်းမာရေးအသုံးစရိတ်များ တိုး ပေးမည်ကို မျှော်လင့်နေသည်။ ပြန်ကောက်ရပါဦးမည်။ အို ရေးက မခက်၊ အချိန်တန်လျှင် သူ့အလိုလို ရောက်လာမည်။ သေ ရေးလည်း မခက်ပါ။ ဦးကျော်သူတို့လို ပုဂိုလ်တွေ ဦးဆောင်နေသည့် နာရေးကူညီမှုအသင်းတွေ တစ်နိုင်ငံလုံး အနှံ့ရှိနေပါပြီ။ ခက် နေသည်က နာရေးပင်။ ကြာကြာ မနာချင်၊ ဖြစ်နိုင်လျှင် မြန်မြန်သေသွားသည်ကပင် အားလုံးအတွက် အကောင်းဆုံးဖြစ်မည်ဟု ထင်မြင် ယူဆချင်ပါသည်။                ။
7Day News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis