menu

Friday 10 February 2012

ဂျယ်ဂေါင်မြို့ ဆိုင်ကယ်ဂိုဒေါင်မီးလောင် အစီးရေ တစ်ထောင်ထက်မနည်း ဆုံးရှုံး


ယနေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်က တရုတ် မြန်မာနယ်စပ် ဂျယ်ဂေါင်မြို့ရှိ ဆိုင်ကယ်ဂိုဒေါင် တန်းတွင်  ၀ါယာရှော့ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ရာ ဆိုင်ကယ်ဂိုဒေါင် ၄ ၄ လုံး ဆိုင်ခန်းအားဖြင့် ၈ ခန်း လောင်ကျွမ်းသွားခဲ့သည်။ ယင်းဆိုင်ခန်း ၄ ခန်းတွင် ဆိုင်ကယ်အစီးရေ ၁ ထောင်ကျော် လောင်ကျွမ်းသွားခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။

ယနေ့ နေ့ခင်းက ဂျယ်ဂေါင်မြို့ ဆိုင်ကယ်ဂိုဒေါင်တန်း မီးလောင်ကျွမ်းနေစဉ်

မီးလောင်မှု ဖြစ်ပွားရာသို့ ဂျယ်ဂေါင်မြို့ရှိ တရုတ်နိုင်ငံမီးသတ်တပ်ဖွဲ့သာမက မြန်မာနိုင်ငံဘက်အခြမ်း မူဆယ်မြို့မှ မီးသတ်ကား ၈ စီးပါလာရောက်ကူညီငြိမ်းသတ်ခဲ့သည်ကို တွေ့ရသည်။ မီးကို ညနေ ၅ နာရီ ခွဲဝန်းကျင်တွင် အပြီးသတ်ငြိမ်းသတ်နိုင်ခဲ့သည်။

ယခုမီးလောင်ကျွမ်းမှုသည် ဂျယ်ဂေါင်မြို့တွင် ၁၉၉၀ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး မီးလောင်မှုဖြစ်သည်ဟု အသက် ၆၀ အရွယ် ဂျယ်ဂေါင်မြို့တွင်နေထိုင်သူတဦးက ပြောသည်။ ယခုမီးလောင်မှုကြောင့် ဆုံးရှုံးသွားသည့်  ပမာဏ မသိရှိရသေးပေ။

မြန်မာနိုင်ငံတွင်းသို့ တင်သွင်းသည့် တရုတ်နိုင်ငံဖြစ် ဆိုင်ကယ်အများစုမှာ တရုတ်မြန်မာနယ်စပ်ဖြစ်သည့် ဂျယ်ဂေါင်မူဆယ်မှ တဆင့်တင်သွင်းလျှက်ရှိခြင်းကြောင့်  ဂျယ်ဂေါင်မြို့တွင် ဆိုင်ကယ်အရောင်းဆိုင်နှင့် ဂိုဒေါင်အများအပြား ဖွင့်လှစ်ထားရှိကြသည်။      ။

မြန်မာနိုင်ငံ မူဆယ်မြို့မှ သွားရောက်ကူညီသည့် မီးသတ်ကားတစီး
သစ်ထူးလွင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis