menu

Friday 10 February 2012

ငါးရဖို့က အဓိက(ကုမ္ပဏီ ၂၃ ခု၏အကျိုးစီးပွားနှင့် ပြည်သူ ၅၄ သန်း)(မာဂျေ)


ယခုတလော မြန်မာ့ဆက်သွယ်ရေးနှင့် ရွှေပြည်တံခွန် ကုမ္ပဏီကြား ကျပ် ၅,၀၀၀ တန် ကတ်ဖုန်းကိစ္စ အငြင်းပွားနေကြသည်။
နှစ်ဖက်စလုံးက မီဒီယာများကို အသုံးပြုပြီး ကိုယ့်ဘက်ကမှန်ကြောင်း သက်သေတွေပြနေကြသည်။
မီဒီယာထက်တွင် စစ်တလင်းခင်းနေကြသည်။
ကြားထဲက ပြည်သူတွေမှာတော့ 'ထင်သာထင် မ၀င်ဘူး ကျောင်းအမရေ' ဆိုသည့်စကားလို သက်သာသောနှုန်းထားဖြင့် ဖုန်းကိုင် ဆောင်ခွင့်အိပ်မက်များ ပျက်ပြယ်နေရသည်။
ရွှေပြည်တံခွန် ကုမ္ပဏီမှ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ၅,၀၀၀ တန် ဖုန်းကတ်များ ရောင်းချမည်ဟု ကြေညာလိုက်ချိန်တွင် ၀မ်းသာခဲ့ သော ပြည်သူများအတွက်လည်း မြန်မာ့ ဆက်သွယ်ရေးမှ ထိုကိစ္စဖြစ်ရန် အချိန်လိုပါသေးသည်ဟု ကြေညာချက်ထုတ် လိုက်သော အခါ ဖျတ်ခနဲ ၀မ်းသာရာကနေ ၀မ်းနည်းကြရတော့သည်။

သို့သော် ပြည်သူများ သတိမထားမိသည့်အချက်မှာ လက်ရှိတွင် မြန်မာ့ ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကုမ္ပဏီကြီး ၂၃ ခုက အဆိုပါ ကျပ် ၅,၀၀၀ ဈေးဖြင့် သူတို့လည်း ရောင်းချပေးပါမည်။ သို့မဟုတ် လူတိုင်း ဖုန်းကိုင်နိုင်ရန် မည်မျှအထိ ဈေးလျှော့ ရောင်းနိုင်ပါသည်ဟူသော အသံလုံးဝ ထွက်မလာခြင်းဖြစ်သည်။
အဆိုပါ ကုမ္ပဏီများက ကျပ် ၅,၀၀၀ ဖြင့်ပင် ရောင်းနိုင်သော ဖုန်းကတ်ကို ကျပ် ငါးသိန်းအထိ ဈေးတင်ပြီး ဖုန်းတစ်လုံး ရောင်းရတိုင်း ရောင်းသင့်ရောင်းထိုက်သောဈေးထက် အဆ ၁၀၀ ကျော် အမြတ်အစွန်း ရယူရောင်းချခဲ့ပြီးဖြစ်သည်။
ပြည်သူများဆန္ဒမှာ မြန်မာ့ဆက်သွယ်ရေးက ရောင်းသည်ဖြစ်စေ၊ မြန်မာ့ဆက်သွယ်ရေးနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီကြီး ၂၃ ခုက ရောင်းသည်ဖြစ်စေ၊ သို့တည်းမဟုတ် ကျပ် ၅,၀၀၀ ဖြင့် ဖုန်းကတ်ရောင်းနိုင်သည်ဟု ကြေညာလိုက်သော ရွှေပြည်တံခွန်က ရောင်းသည်ဖြစ်စေ၊ ၀ယ်ယူသုံးစွဲကြမည့် သူချည်း ဖြစ်သည်။
ထို့ကြောင့်လည်း ယခုရေးသည့်စာ၏ ခေါင်းစဉ်ကို ငါးရဖို့က အဓိကဟု ရေးလိုက်ခြင်းဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးနှင့် လက်ရှိတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီကြီးများသည် အခြားသူများနှင့် ယှဉ်ပြိုင်ပြီးမှ ယခုကဲ့သို့ လုပ်ပိုင်ခွင့်ရနေ ခြင်းမဟုတ်သည်ကတော့ သေချာသည်။
နိုင်ငံတော်သည် နိုင်ငံရေးစနစ် ပြောင်းလဲမှုနှင့်အတူ စီးပွားရေးစနစ်လည်း ပြောင်းလဲနေပြီဖြစ်သည်။
လက်သင့်ရာ ခေါ်ပြီး စားတော်ခေါ်စေသည့်အခြေ အနေမျိုးလည်း ယခုကျင့်သုံးနေသည့် စနစ်နှင့် မကိုက်ညီတော့ပြီဖြစ်သည်။
ထို့ကြောင့်လည်း တယ်လီဖုန်း ကတ်ကိစ္စ နှင့်ပတ်သက်ပြီး အပြင်းအထန် အငြင်းပွားနေချိန်တွင် အဆိုပါကုမ္ပဏီကြီးများသည် အသံတိတ်ပြီး သူတို့နှင့်မဆိုင်သလို မျက်နှာလွှဲခဲပစ် နေနိုင်ကြခြင်းဖြစ်သည်။
ယခုခေတ်သည် ယခင်ကာလကဲ့သို့ အစစအရာရာ ပိတ်ဆို့ထားသည့် ကာလမဟုတ်သဖြင့် တယ်လီဖုန်းကတ်တစ်ခု ထုတ်လုပ် စရိတ်သည် ကျပ် ၁,၀၀၀ အောက်သာရှိကြောင်း လူတိုင်းသိနေကြပါသည်။
အစိုးရဌာနများသည် သူတို့၏ ၀န်ဆောင်မှု၊ သို့မဟုတ် ရောင်းချသည့် ပစ္စည်းကို ဈေးတင်လိုသောအခါ နိုင်ငံတကာဈေးကွက်တွင် မည်မျှဈေးရှိနေပြီ၊ နိုင်ငံတ်ာအနေဖြင့် မည်မျှအရှုံးခံရောင်းနေရသည်ဟု ပြောကြားပြီး ဈေးတက်လေ့ရှိသည်။
သို့သော် နိုင်ငံတကာတွင်ဖုန်းပြောခသာကောက်ခံပြီး အလကားပေးနေသော တယ်လီဖုန်းကတ်ကို အဘယ်ကြောင့် ဈေးလျှော့ မရောင်းပါသနည်း။
ဆက်သွယ်ရေးကို တစ်နှစ်လျှင် အမြတ်ငွေ မည်မျှအထိ ရှာပေးရမည်ဟု သတ်မှတ်ပေးခြင်းအစား ကုန်ကျစရိတ် ကာမိစေရန်၊ အရှုံးမပေါ်ရန် ဆောင်ရွက်ရမည်ဟု ပြင်ဆင်သတ်မှတ်သင့်ချိန် ရောက်နေပြီဖြစ်သည်။
နိုင်ငံတကာတွင် ကျန်းမာရေး၊ ပညာရေး၊ ပို့ဆောင်ဆက်သွယ်ရေး ကိစ္စများ၌ ပြည်သူများ ၀န်မပိစေရန် အစိုးရက ထောက်ပံ့ ကျားကန်ပေးသည့် အစဉ်အလာများ ရှိပါသည်။
ထိုသို့ဆိုရသော် ၀န်ထမ်းများလစာနှင့် အခြားအစိုးရ အသုံးစရိတ်များကို မည်သည့်ငွေဖြင့် ပေးချေမည်နည်းဟု အထွန့်တက်စရာ ရှိလာသည်။
နိုင်ငံတော်၏ များပြားလှသော သဘာဝသယံ ဇာတများကို နိုင်ငံခြားသို့ တင်ပို့ရောင်းချရာမှရသည့်ငွေသည် နှစ်စဉ်အများ အပြား ရှိပါသည်။
ထိုသို့သော သယံဇာတများကို ထုတ်ယူရောင်းချခွင့်ရနေသော ကုမ္ပဏီကြီးများထံမှ အထူးအမြတ်ခွန် (Super Tax) ကောက်ခံပြီး ၀န်ထမ်းများ လစာနှင့် အစိုးရအသုံးစရိတ်ကို ဖြေရှင်းနိုင်ပါသည်။
အများအမြင်သာဆုံးကို ပြောရလျှင် ယခင်က စားအုန်းဆီတင်သွင်းခွင့်ကို ကုမ္ပဏီတစ်ခုတည်းသို့ ချပေးထားသဖြင့် စားအုန်းဆီ ဈေးမှာ အလွန်မြင့်တက်ခဲ့ပြီး ယခု ပြိုင်ဆိုင်တင်သွင်းစေသောအခါ ဈေးပြန်ကျသွားသည်ကို အထင်အရှား တွေ့နိုင်ပါသည်။
ကုမ္ပဏီတစ်ခုတည်း တင်သွင်းခွင့်ရသည့်ကာလတွင် အဆိုပါ ကုပ္မဏီအနေဖြင့် မည်မျှမြတ်စွန်းသွားမည်ကို တွေးကြည့်နိုင်ပါသည်။
တယ်လီဖုန်းသည် ယခုခေတ်အခါတွင် ဇိမ်ခံပစ္စည်းမဟုတ်တော့ဘဲ နေ့စဉ် လူမှုဘ၀အတွက် မရှိမဖြစ်သုံးနေရသည့် ပစ္စည်းဖြစ် ပါသည်။
ထို့ကြောင့် တယ်လီဖုန်းကိစ္စကို အပြိုင်အဆိုင်လုပ်ပိုင်ခွင့်ပေးခြင်းဖြင့် တယ်လီဖုန်းကတ်များကို ပြည်သူများ ဈေးသက်သာစွာဖြင့် သုံးစွဲ ခွင့်ရမည်ဖြစ်သည်။
အစိုးရ၏ လုပ်ထုံးလုပ်နည်းများ၊ စည်းကမ်းဥပဒေများအရ ချက်ချင်းပြောင်းလဲမရသေးလျှင်လည်း ယခုမြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်နေသော ကုမ္ပဏီများကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေးသင့်ပါသည်။
ကုမ္ပဏီများကတော့ ဈေးကွက်တွင် တစ်ဦးတည်း လက်ဝါးကြီးအုပ်၊ စိတ်ကြိုက်ဈေးသတ်မှတ်ရောင်းချခွင့်ရနေသည့် အရသာကို စွန့်လွှတ်မည်မဟုတ်ပါ။
ထို့ကြောင့် အစိုးရမှ ကြားဝင် ဆောင်ရွက်ပေးသင့်ပါသည်။
လက်ရှိတွင်မူ မြန်မာ့ဆက်သွယ်ရေးနှင့် ရွှေပြည်တံခွန်ကုမ္ပဏီအကြား ပြည်သူများ ဗျာများနေရပြီး တကယ်တမ်း အကျိုးအမြတ်ကို နင့်နေအောင် ရယူနေသော ကုမ္ပဏီကြီးများမှာ သူတို့နှင့် မဆိုင်သယောင် မသိယောင် ဆောင်နေကြပါသည်။
ကြားသိရသော သတင်းများအရ သုံးသိန်းတန်တယ်လီဖုန်းကတ်ကို အချိန်တိုအတွင်း အများဆုံးရောင်းချနေရန်သာ လုပ်ဆောင်နေ ကြသည်ဟု သိရသည်။
ကုမ္ပဏီ ၂၃ ခု၏ အကျိုးစီးပွားနှင့် ပြည်သူ ၅၄ သန်း၏ အကျိုးစီးပွား မည်သည့်ဘက်ဆိုသည်မှာ ရေးစရာပင် မလိုပါ။
ပြည်သူများကတော့ ကိုယ်တိုင် ဖမ်းလို့ရသည်ဖြစ်စေ၊ သူများပေးလို့ ရသည်ဖြစ်စေ၊ လှေပေါ်ခုန်တက်လာသည်ပဲဖြစ်စေ ငါးရဖို့က အဓိကဖြစ်ပါသည်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis