menu

Wednesday 11 January 2012

KNU ငြိမ်းချမ်းရေးဆွေးနွေးအဖွဲ့အား ဘားအံပြည်သူများကြိုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU)ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး နှင့်အတွင်းရေးမှုး ဖဒိုဒေးဗစ်ထော် တို့ဦးဆောင်သော ၁၉ ဦးပါ အဖွဲ့ အားပြည်သူများ ကလှိုက်လှဲစွာ ကြိုဆိုကြစဉ်
ကရင်အမျိုးသား အစည်းအရုံး(KNU)  ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး နှင့်အတွင်းရေးမှုး ဖဒိုဒေးဗစ်ထော် တို့ဦးဆောင်သော ၁၉ ဦးပါ အဖွဲ့ သည် ကရင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ရန် ဇန်နဝါရီ (၁၁) ရက်နေ့ မွန်းလွဲ နှစ်နာရီ သုံးဆယ် ခန့်က ဘားအံမြို့သို့ ရောက်ရှိလာခဲ့ကြောင်းသိရသည်။
အဆိုပါ (KNU) ခေါင်းဆောင်များ ကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ စက်မှုဝန်ကြီးဌာနဝန်ကြီး ဦးစိုးသိန်း လှုဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ တို့က ကရင်ပြည်နယ် ကော့ကရိတ် မြို့အထိ သွားရောက်ကာ ကြိုဆိုခဲ့ကြောင်းသိရသည်။ယင်းနောက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး  ဆွေးနွေးရေး အဖွဲ့ နှင့် ကရင်အမျိုးသားအစည်းအရုံး  (KNU) ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ တို့သည် ဘားအံမြို့သို့ရောက်ရှိလာခဲ့ရာ မြို့မိမြို့ဖများ ဒေသခံကရင်တိုင်းရင်းသားပါတီများ ဌာနဆိုင်ရာများ နှင့် ကျောင်းသားကျောင်းသူများက ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့များ တည်းခိုမည့် ဟိုတယ် ဇွဲကပင် ရှေ့ ကား  လမ်းမတစ်လျှောက် လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြသည်။



“ ဒီလိုမြင်ကွင်းမျိုးကို မမြင်ခဲ့ရတာ နှစ်ပေါင်း ၅၀ လောက်ရှိပါပြ” ဟု  ကြိုဆိုပွဲတက်ရောက်လာသူ မြို့မိမြို့ဖ တစ်ဦးကပြောသည်။“အခုမြင်ကွင်းက အင်မတန်ကျေနပ်ဖို့ ကောင်းပါတယ်။ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွေပြုလုပ်ပြီး သဘောတူညီချက်တွေရဖို့ ဆက်လက်ကြိုးစားသွားပါမယ် မကြာတော့မယ့် ကာလမှာ ပြည်ထောင်စု အဆင့် သဘောတူညီချက်တွေ ရလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီး  ဦးအောင်မင်းကပြောသည်။အဆိုပါ  ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့များသည် ဟိုတယ် ဇွဲကပင်နှင့် တည်းခိုကြမည်  ဖြစ်ပြီး ယနေ့ညတွင် (ဇန်နဝါရီ ၁၁ )တွင် ညစာစားပွဲ ကျင်းပကာ ဒေသခံများက ကရင် ဒုံးယိမ်းအက များဖြင့်ဖျော်ဖြေကြမည်ဟု သိရသည်။ ဇန်နဝါရီ ၁၂ ရက် နံနက် ၉  နာရီ တွင် ဟိုတယ် ဇွဲကပင် ခန်းမတွင် ငြိမ်းချမ်းရေး  ဆွေးနွေးပွဲ  ကို ကျင်းပမည် ဟုသိရသည်။
ရန်ကုန်တိုင်းမ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis