menu

Wednesday 11 January 2012

ကျပ် ၅၀၀၀ တန်ဖုန်းကိစ္စ ဆက်သွယ်ရေးမှမသိရှိ ကျပ် ၂၅၀၀၀၀ ၀န်းကျင်ဖုန်းများမတ်လတွင် စတင်ချထားပေးမည်

b41_05
ပြည်တွင်းကုမ္ပဏီတစ်ခုမှ မိုဘိုင်းဖုန်း Sim Card တစ်ကတ်လျှင် ကျပ်ငါးထောင်ဖြင့် ရောင်းချပေးမည့်သတင်းနှင့်ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လုံးဝမသိရှိကြောင်းနှင့် မည်သည့်မှတ်ချက်မပေးလိုကြောင်း ဇန်န၀ါရီ လ ၉ ရက်နေ့၌ ပြည်တွင်းသတင်းထောက်များနှင့်တွေ့ဆုံသည့်ပွဲတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။


အဆိုပါ မိုဘိုင်းဖုန်း Sim Card တစ်ကတ်လျှင် ငွေကျပ်ငါးထောင်ဖြင့် ရောင်းချမည့်ကုမ္ပဏီမှာ ရွှေပြည်တံခွန်ဖြစ်ပြီး ၎င်းစီမံကိန်းအား နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားသည်ဟု သိရသည်။
ယင်းသတင်းနှင့် ပတ်သက်၍  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ''ဒီကုမ္ပဏီက ဘယ်လိုရည်ရွယ်ချက်နဲ့ ပြောသလဲ မသိပါဘူး။ ဒါပေမယ့် အဲဒီစီမံကိန်းနဲ့ ပတ်သက်လို့တော့ ကျွန်တော်တို့ဘက်က ဘာမှမသိပါဘူး။ ကျွန်တော်တို့သိတာကတော့ မိုဘိုင်းဖုန်း သန်း ၃၀ စီမံကိန်းရှိတယ်။ ဒါကိုလွှတ်တော်မှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေ မေးခဲ့တဲ့အတွက် ၀န်ကြီးကိုယ်တိုင်လည်း ဖြေခဲ့ပြီးပြီ။ လာမယ့်မတ်လမှာ ပထမနှစ်လေးသန်း စီမံကိန်းကို စရောင်းတော့မယ်။ အခုသတင်းတွေထွက်နေတာနဲ့ ပတ်သက်ပြီး ဆက်သွယ်ရေးအနေနဲ့လည်း ဘာမှ ဂဃနဏ မသိပါဘူး။  Sim Card တစ်ကတ်ရဲ့တန်ဖိုးကလည်း ဘယ်လောက်မှမရှိပါဘူး။ ဒါပေမယ့် ဖုန်းပြောမယ်ဆိုရင် ဒီကတ်ကလေးတစ်ခုရှိရုံနဲ့ ပြောလို့ရတာမှ မဟုတ်တာ။ သွားလေရာမှာ ဖုန်းလိုင်းမိဖို့ ပြောနိုင်ဖို့ဆိုတာက Network ကြီး တစ်ခုရှိရမှာပါ။ အဓိကက Network  က အရေးကြီးဆုံးပဲ။ ဒီ Network  ရှိမှ ကိုယ့်နံပါတ်တစ်ခုကို သူများခေါ်နိုင်မှာဖြစ်သလို ကိုယ်ကလည်း သူများကို ဖုန်းခေါ်နိုင်မှာပါ။ ဒါကပြည်တွင်းမှာပဲ ရှိသေးတယ်။ ပြည်ပနိုင်ငံ တွေနဲ့ ချိတ်ဆက်မယ်ဆိုရင် ကျွန်တော်တို့ဖုန်းတွေကို ပြည်ပကနေ ခေါ်ရင် +95 ခံပြီးခေါ်တာမျိုးတွေဆို International Telecom Union  ကို ဆက်သွယ်ပြီး  Announce လုပ်ရတယ်။ အဲဒီဖုန်း Numbering Plan ကို အဲဒီ ITU ကို ပေးရတယ်။ ဒါမှတစ်ကမ္ဘာလုံးက ကိုယ့်နံပါတ်ကို ဆက်သွယ်နိုင်မှာဖြစ်သလို ကိုယ်ကလည်း ဆက်သွယ်နိုင်မှာပါ။ အဲဒီလုပ်ထုံးလုပ်နည်းတွေက အရေးကြီးဆုံးပဲ။ နိုင်ငံတကာမှာလည်း အစိုးရကပဲလုပ်လုပ် ပုဂ္ဂလိကကပဲလုပ်လုပ် ဒီလိုပဲလုပ်ရမှာပဲ။ အစိုးရကတော့ ကြီးကြပ်ထားရမယ်ပေါ့။ Telecom Authorities က နိုင်ငံတိုင်းမှာရှိတယ်။ ဖုန်းရောင်းတာက ကြိုက်သလို ရောင်းလို့ရပါတယ်။ တကယ်တမ်းသူပြောသလို ဖြစ်လာခဲ့ရင်လည်း ကျွန်တော်တို့ ဘက်က မကြိုဆိုစရာအကြောင်းမရှိပါဘူး။ ဒါပေမယ့် အဲဒီကုမ္ပဏီက ဆက်သွယ်ရေးကို တိုက်ရိုက်ပြောတာမဟုတ်တဲ့အတွက် အဲဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့လည်း ရှင်းရှင်းလင်းလင်း မသိပါဘူး။ သူကဆက်သွယ်ရေးကမဟုတ်ဘဲ ဘယ် Network ကို ယူသုံးမှာလဲ။ ဒါအရိုးဆုံးပြောတာပါ။ နည်းပညာရှုထောင့်အရ ကြည့်မယ်ဆိုရင်လည်း ပြည်တွင်းအချင်းချင်းပဲခေါ်ခေါ် ပြည်ပကပဲ ခေါ်ခေါ် ကျွန်တော်တို့ ဆက်သွယ်ရေး Network ကြီးကိုမဖြတ်ဘဲ ဘယ်လိုသုံးမှာလဲ။ ဆိုလိုချင်တာ အဲဒါပါပဲ''ဟု ပြောကြားခဲ့သည်။
ထို့ပြင်ဆက်လက်၍ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးသိန်းဝင်းမှ ''ဒီကိစ္စနဲ့ပတ်သက်လို့ ဘာမှမသိသလို ထင်မြင်ချက်လည်း မပေးချင်ပါဘူး။ Network တည်ထောင်တယ်ဆိုတာ နေ့ချင်းညချင်းလုပ်လို့မရပါဘူး'' ဟု ပြောကြားခဲ့သည်။

အဆိုပါဂျီအက်စ်အမ် Sim Card တစ်ကတ်လျှင် ကျပ်ငါးထောင်ဖြင့်ရောင်းချပေးမည့် ရွှေပြည်တံခွန်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးမှ ''ကျွန်တော်တို့ ဖုန်းလိုင်းကို UMTS (Universal Mobile Telecommunications System)စနစ်နဲ့ သွားမှာပါ။ တာဝါတိုင်ထောင်တဲ့အခါမှာလည်း စနစ်အမျိုးမျိုးရှိပါတယ်။ ဒီနေ့နိုင်ငံတကာမှာ တာဝါတိုင်တွေကမြို့ပြရဲ့ အလှအပကိုဖျက်စီးတယ်ဆိုပြီး တာဝါမရှိတဲ့ စနစ်တစ်မျိုးကို သုံးနေကြတယ်။ ဘယ်လိုစနစ်မျိုးလဲဆိုတာတော့ မကြာခင် အသိပေးသွားမှာပါ။ အခုကပြောဖို့ စောပါသေးတယ်။ ဒီစီမံကိန်းလုပ်ခွင့်ရဖို့လည်း မျှော်လင့်ပါတယ်။ ရဖို့လည်း ရာခိုင်နှုန်းများပါတယ်။ ကျွန်တော်တို့လည်း မူတွေ ဘောင်တွေ အတိုင်းသွားနေတာဆိုတော့လေ။ အခုဘယ်အဆင့် ထိရောက်နေပြီလည်းဆိုတာတော့ ပြောဖို့စောပါသေးတယ်''ဟု ၎င်းမှ ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်း သန်း ၃၀ စီမံကိန်း မှ ပထမနှစ်စီမံကိန်းတွင် ချထားပေးမည့် ကျပ်နှစ်သိန်းခွဲဝန်းကျင် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများအား လာမည့် မတ်လတွင် စတင်ချထားပေးတော့ မည်ဖြစ်ကြောင်းလည်း ယင်းနေ့မှာပင် ပြောကြားခဲ့သည်။ ''ပြီးခဲ့တဲ့၂၀၁၁ ဇူလိုင်လ ၂၇ရက် နေ့မှာ ဒီစီမံကိန်းကို စလုပ်ခဲ့ပါတယ်။ လာမယ့် ၂၀၁၂ ဖေဖော်ဝါရီလအကုန် မတ်လထဲမှာ ပြည်သူတွေလက်ထဲကို ရောင်းပေးနိုင်တော့မှာပါ။ ဈေးနှုန်းကတော့ အရင်ပြောခဲ့တဲ့အတိုင်း နှစ်သိန်းခွဲဝန်းကျင်ပဲ ဖြစ်မှာပါ။ ခုထိ ဈေးနှုန်းတိတိကျကျတော့ တွက်ထားတာ မရှိသေးဘူး။ ဖုန်းလိုင်းချထားပေးမှု များပြားလာတာနဲ့အမျှ ဈေးနှုန်းတွေလည်း အခုထက် ပိုမိုလျော့ချပေးသွားဖို့ ရှိပါတယ်။ ဒီဖုန်းတွေကို လက်ရှိရောင်းနေတဲ့ ငါးသိန်းဖုန်းတွေအတိုင်းပဲ ရောင်းပေးသွားမယ်။ ရောင်းဈေးတစ်ခုပဲ အတိအကျ မသတ်မှတ်ရသေးတာပါ။ ပြောခလည်းငါးဆယ်ပဲ။ အင် တာနက်ဝန်ဆောင်မှုကိုလည်း နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေအပြင် တခြားမြို့ကြီးတွေမှာလည်း သုံးလို့ရမှာပါ။ အင်တာနက်ရယူမယ့် ၀န်ဆောင်ခတစ်သောင်းကိုလည်း အခု ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းတွေ အင်တာနက်လျောက်ခ ထပ်ပေးရသလိုမျိုးပဲ ထပ်ကောက်မှာပါ။ အင်တာနက်အသုံးပြုခလည်း တစ်မိနစ်ကို လေးကျပ်ပဲ ကောက်ခံမှာပါ'' ဟု မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောကြားသည်။
အဆိုပါထပ်မံချထားပေးမည့် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများမှာ ယခင်ချထားပေးခဲ့သည့် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများထက် နည်းပညာပိုင်းအရ မြင့်မားမည်ဟုသိရပြီး လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ချထားပေးခဲ့သည့် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းအရေ အတွက်စုစုပေါင်းမှာ ခြောက်သိန်းခွဲကျော်ရှိကြောင်းလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။
By  EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis