menu

Monday 2 January 2012

အီဂျစ်တော်လှန်ရေး ဘလော့ဂါတစ်ဦးကို အစိုးရလွှတ်ပေး

b39_14
အယ်လ်ဖာတာက ၎င်း၏အိမ်တွင် ဒီဇင်ဘာလ ၂၆ ရက်က ရုပ်သံအင်တာဗျူး ပြုလုပ်နေစဉ်
အီဂျစ်အစိုးရက ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် လွှတ်ပေးလိုက်သည့် အသက်၂၉ နှစ်အရွယ် တော်လှန်ရေး ဘလော့ဂါ အလာအာဘတ်အယ်လ်ဖာတာက သမ္မတဟောင်းမူဘာရက်ကို ဖေဖော်ဝါရီလအတွင်း ရာထူးမှ ဆင်းပေးခဲ့ချိန်မှစ၍ ယခုအချိန်အထိ နိုင်ငံတွင်း ပြောင်းလဲမှု တစ်စုံတစ်ရာ မဖြစ်သေးကြောင်း စစ်ကောင်စီကို ဝေဖန်ပြောကြားလိုက်သည်။
''ကျွန်တော်လွတ်လာရုံနဲ့ ပြီးမသွားသေးပါဘူး။ ထောင်ထဲမှာအကျဉ်းကျခံနေရသူတွေ အများအပြား ရှိနေပါသေးတယ်'' ဟု အယ်လ်ဖာတာက ပြောကြားခဲ့သည်။ အယ်လ်ဖာတာသည် ဆန္ဒပြသူများနှင့်
စစ်တပ်ခေါင်းဆောင်များအကြား ဖြစ်ပွားနေသည့် တင်းမာမှုတွင် အဓိက အာရုံစိုက်ခံရသူတစ်ဦးဖြစ်လာပြီး ထောင်မှလွတ်လာပြီးနောက် မြို့တော်ကိုင်ရို၊ တဟီရာရင်ပြင်သို့ ဦးတည်သွားရောက်ခဲ့သည်။အယ်လ်ဖာတာအား အောက် တိုဘာလအတွင်းကဖမ်းဆီးခဲ့သည့် အာဏာပိုင်များက စုံစမ်းစစ်ဆေးမှု များပြုလုပ်ရန် ကျန်ရှိနေပြီး အစိုးရ ရှေ့နေရုံးမှ  တရားသူကြီးသာဝပ် ဟာမတ်က ၎င်းကိုလွှတ်ပေးရန် အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
''သူ့ကို ခရီးသွားလာခွင့် ပိတ်ပင်ထားပါသေးတယ်။ နောက်ရုံးချိန်းကို မသတ်မှတ်ရသေးပါဘူး'' ဟု တရားရုံးက ပြောကြားခဲ့သည်။
အဖမ်းခံရန်ငြင်းဆိုမှု၊ စစ်တပ် အားပြန်လည်တိုက်ခိုက်မှု၊ စစ်သား များကိုသတ်ဖြတ်မှု၊ အစိုးရရုပ်သံ အဆောက်အဦအား စီးနင်းရန်ကြိုးပမ်းမှု၊ စစ်တပ်အဆောက်အဦများအား ဖျက်ဆီးမှုတို့ဖြင့် တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။
အယ်လ်ဖာတာသည် မူဘာရက်အစိုးရအား နှစ်ပေါင်းများစွာ ဆန့်ကျင်ဝေဖန်ခဲ့သူတစ်ဦးဖြစ်ပြီး အောက်တိုဘာလ ၃၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရသူဖြစ်သည်။
၎င်း၏အမဖြစ်သူ မိုနာဆစ်ဖ်က '' သူလွတ်လာတော့ အရမ်းပျော်ပါတယ်။ နှစ်လနီးပါး မတရား ဖမ်းခံရတာပါ။ အခုလွှတ်ပေးလိုက်တဲ့ တရားသူကြီးက အကျင့်သိက္ခာ ကောင်းပါတယ်။ အရင်တရားသူကြီးကတော့ အဂတိ လိုက်စားသူတစ်ယောက်ဖြစ်ပါတယ်'' ဟု CNN သို့ ပြောကြားခဲ့သည်။
By EMG  

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis