menu

Monday 2 January 2012

မြန်မာနိုင်ငံအတွက် ခရစ္စမတ်နေ့တွင် ပုပ်ရဟန်းမင်းကြီးဆုတောင်း

w84_21
စိန့်ပီတာဘုရားကျောင်း လေသာဆောင်မှနေ၍ ပုပ်ရဟန်းမင်းကြီး အမှာစကား ပြောကြားစဉ်
မြန်မာတွင် ပြန်လည်ရင်ကြားစေ့ရေးအတွက် နှစ်ဦးနှစ်ဘက်လက်ခံနိုင်သော အဖြေများရရှိရန် စေ့စပ်ဆွေးနွေးမှု တိုးမြှင့်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဒီဇင်ဘာလ ၂၅ ရက်တွင်  ကျရောက်သော ခရစ္စမတ်နေ့၌ ပုပ် ရဟန်းမင်းကြီး ဘီနီဒစ်-၁၆ က ဆု တောင်းစကား ပြောကြားခဲ့သည်။
ဆန္ဒပြသူများကို အင်အားသုံး နှိမ်နင်းနေသော ဆီးရီးယားနိုင်ငံတွင် ငြိမ်းချမ်းမှုရရှိရေး၊ ဆယ်စုနှစ်များစွာအတွင်း သမိုင်းဝင်ရေကြီးမှုကြုံခဲ့ရသော ထိုင်းနိုင်ငံနှင့် မကြာသေးမီက ရေကြီးမှုကြုံခဲ့ရသော ဖိလစ်ပိုင်နိုင်ငံတို့တွင် ပြန်လည်သက်သာရာရရှိရေးအတွက်
ပုပ်ရဟန်းမင်းကြီးက နှစ်စဉ်ပြောကြားလေ့ရှိသည့် ခရစ္စမတ်နေ့အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ဗာတီကန်ရှိ စိန့်ပီတာရင်ပြင်တွင် စုဝေးနေသော လူထောင်ပေါင်းများစွာသို့ ပုပ်ရဟန်းမင်းကြီးက ပြောကြားရာတွင် သွေးများစွာစွန်းနေသော ဆီးရီးယားတွင် အကြမ်းဖက်မှုများ ရပ်တန့်ရေးအတွက် ဘုရားသခင်ထံမှ အကူအညီတောင်းခံခဲ့သည်။
ခရစ္စမတ်နေ့တွင် နိုင်ဂျီးရီးယားရှိ ခရစ်ယာန်ဘုရားကျောင်းနှစ်ခုတွင် ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။ မြို့တော် အဘူဂျာအနောက်ဘက် မက်ဒါလာမြို့ရှိ ကက်သလစ်ဘုရားကျောင်းအနီးတွင် ပထမဗုံးတစ်လုံး ပေါက်ကွဲခဲ့သည်။ မြို့တော် အနောက်မြောက်ဘက်၊ ဂျို့စ်မြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုကိုလည်း ပစ်မှတ်ထားတိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့သည်။
ပုပ်ရဟန်းမင်းကြီးက ကမ္ဘာတစ်ဝန်းတွင် အငတ်ဘေး၊ ရေကြီးမှု၊ ပဋိပက္ခဖြစ်ပွားမှုများကြောင့် သေဆုံးထိခိုက်ခဲ့သူများအတွက်လည်း ဆုတောင်းပေးခဲ့ပြီး နိုင်ဂျီးရီးယား ဗုံးပေါက်ကွဲမှုအပြီး ထိခိုက်မှုများအတွက်  ဆုတောင်းပေးခဲ့သည်။
အာဖရိကဦးချိုဒေသတွင် အငတ်ဘေးကြုံနေသူများကို နိုင်ငံတကာက ကူညီပေးရန် တိုက်တွန်းခဲ့ပြီး ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သော အာရပ်နွေဦး တော်လှန်ရေးကြောင့် လူတိုင်းအတွက် ကောင်းမွန်မှုကို ဆောင်ကြဉ်းပေးနိုင်စေရန် ဆုတောင်းပေးခဲ့သည်။
စစ်ပွဲများအပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်သော ပုပ်ရဟန်းမင်းကြီးက ပြန်လည်ရင်ကြားစေ့ရေးလုပ်ဆောင်မှုကို ပိုမိုလိုလားပြီး အထူးသဖြင့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို ရည်ညွှန်းပြောကြားခဲ့သည်။  လက်တင်ဘာသာဖြင့် Urbi et Orbi ဆိုသော ယင်းအမှာစကားမှာ ခရစ္စမတ်နေ့တွင် သာမန်ပျော်ပွဲရွှင်ပွဲအဖြစ် ဆင်နွှဲခြင်းထက်ပိုသော အနှစ်သာရရှိမှုကို အလေးထားတတ်စေရန်အတွက် ပြောကြားခြင်းဖြစ်ကြောင်း သိရသည်။  အသက် ၈၄ နှစ်ရှိ ပုပ်ရဟန်းမင်းကြီးသည် ခရစ္စမတ်နေ့ကို ၎င်း၏ စာကြည့်ခန်း၌ ငြိမ်းချမ်းရေးဖယောင်းတိုင်ကို ထွန်းညှိခြင်းဖြင့် စတင်ခဲ့သည်။
Ref:CNN;AFP
By EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis