menu

Thursday 5 January 2012

လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော် ဆုများချီးမြှင့်

လွတ်လပ်ရေးနေ့ ညနေခင်းမှာ ကျင်းပခဲ့တဲ့ 'လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲ တော်'မှာ အပယ်ခံရမယ်လို့ နာမည်ကြီးနေခဲ့တဲ့ ဇာတ်ကား နှစ်ကားဖြစ်တဲ့ ဒါရိုက်တာဝိုင်းရဲ့ 'အဲဒီအခန်းဖြတ်' ဇာတ်ကားနဲ့ ဒါရိုက်တာ မင်းသိုက်ရဲ့ 'ကြိုး'တို့ ဆုတွေအသီးသီး ရရှိခဲ့ပါတယ်။
ဒါရိုက်တာဝိုင်းရဲ့ 'အဲဒီအခန်းဖြတ်' ဇာတ်ကားက ပွဲကိုလာရောက်ကြည့်ရှု သူတွေပေးတဲ့ မဲပေါင်း ၁၀,၀၅၄ မဲ အနက် ၇,၀၁၁ မဲနဲ့ စုစုပေါင်းမဲရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးရရှိပြီး ပရိသတ်အကြိုက်ဆုံးဆုကို ရရှိခဲ့ပါတယ်။
ဒါရိုက်တာ မင်းသိုက်ရဲ့ 'ကြိုး'ဇာတ်ကားကတော့ အကောင်းဆုံး ရုပ်ရှင်ဇာတ်လမ်းတို ဆုကို ရရှိခဲ့ပါတယ်။
အကောင်းဆုံး အန်နီမေးရှင်း ဇာတ်ကားဆုကို ဒါရိုက်တာ ဇော်ဘိုဘိုဟိန်းရဲ့ Unity & Freedom ၊ အကောင်းဆုံး မှတ်တမ်း ရုပ်ရှင်ဆုကို ဒါရိုက်တာ စိုင်းကျော်ခိုင်ရဲ့ Click in Fear ဇာတ်ကားနဲ့ မျက်နှာသစ် ထူးချွန်ဆုကို Still in Dark ဇာတ်ကားနဲ့ အသက် ၁၉ နှစ် အရွယ် ဒါရိုက်တာအောင်ဇော်မိုးတို့က ရရှိခဲ့ပါတယ်။
ရုပ်ရှင်လောကသားတွေ ရင်ဆိုင်နေရတဲ့ ဆင်ဆာပြဿနာကို 'အဲဒီအခန်း ဖြတ်' ဆိုတဲ့ ဇာတ်ကားနဲ့ တင်ပြထားတဲ့ ဒါရိုက်တာဝိုင်းက သူရရှိတဲ့ဆုဟာ သူတစ်ယောက်တည်းတင်မကဘဲ ဒီဇာတ်ကားဖြစ်မြောက်ဖို့ ပါဝင်ခဲ့သူအားလုံးနဲ့ သက်ဆိုင်တယ်လို့ ဆိုပါတယ်။
"ကျွန်တော့ကားမှာ ပါဝင်ခဲ့သူတွေ အားလုံးက ကျွန်တော့အတွက်တော့ သူရဲကောင်းတွေပါ။ ကျွန်တော့ကားမှာ သတ္တိရှိရှိနဲ့ ဖြစ်သမျှကို ရင်ဆိုင်မယ်ဆိုပြီး မျက်လုံးစုံမှိတ်ပြီး ပါဝင်ခဲ့ကြတဲ့ သရုပ်ဆောင်များအားလုံးကို ပြောရမှာ စကားလုံးမရှိပါဘူး။ ကျေးဇူးတင်တယ် ဆိုတာ ထက်ပိုပါတယ်။ ဒီဆုက ကျွန်တော်ရတဲ့ ဆုမဟုတ်ပါဘူး။ ပရိသတ်က ကျွန်တော်တို့လောကရဲ့ မှားယွင်းနေတဲ့စနစ်တစ်ခုကို လက်ခံတယ်ဆိုတာပြတဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်" လို့ ဆိုပါတယ်။
'အဲဒီအခန်းဖြတ်' ဇာတ်ကားလိုပဲ ပြိုင်ပွဲမှာ မပြသခင် အင်တာနက်မှာ ပျံ့နှံ့ခဲ့တဲ့အတွက် အပယ်ခံရတယ်လို့ သတင်းကြီးခဲ့ပေမယ့် ဆုရခဲ့တဲ့ ဒါရိုက်တာ မင်းသိုက်ရဲ့ 'ကြိုး' ဇာတ်ကားကတော့ အထပ်မြင့်တိုက်ခန်းတစ်ခုမှာနေတဲ့ လူတစ်ယောက်က အောက်ထပ် ကနေ ကြိုးနဲ့ချိတ်ပြီး ပို့လိုက်တဲ့ သူ့ရဲ့ မနက်စာကို အခက်အခဲတွေကြားထဲက ရယူ စားသုံးတာကို ရိုက်ကူးထားတာပါ။
ဒါရိုက်တာက သူ့ရဲ့ ဆိုလိုရင်းကို အခုလို ပြောပြခဲ့ပါတယ်။
"ကျွန်တော်ရဲ့ဇာတ်လိုက်ကြီး ဦးဝေ၊ နောက် အီကြာကွေးနဲ့ လက်ဖက်ရည်၊ သူတို့နှစ်ခုက အဓိကပါပဲ။ ကျွန်တော့ ဇာတ်လိုက်ကြီး ဦးဝေဟာမြန်မာနိုင်ငံ အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ဆင်းရဲ ချမ်းသာမရွေး၊ ဘာသာမရွေး၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အားလုံးကို ကိုယ်စားပြုပါတယ်။
လက်ဖက်ရည်ထုပ်လေးနဲ့ အီကြာကွေးဟာ ကျွန်တော်တို့ အားလုံး နေ့စဉ် ပူပင်သောကရောက်နေရတဲ့ စားဝတ်နေရေး၊ အဖက်ဖက် အလုံးစုံ ကို ကိုယ်စားပြုပါတယ်။
ဦးဝေဟာ ဒီနေ့ လွတ်မြောက်သွားပေမယ့် နောက်နေ့ သူ့မှာ မလွတ်မြောက်သေးပါဘူး။ ဒါမျိုးခံစားနေရဦးမှာပါ" လို့ ဒါရိုက်တာ မင်းသိုက်က ပြောပါတယ်။
အန်နီမေးရှင်းဆုရသွားတဲ့ ဇော်ဘိုဘိုဟိန်းရဲ့ဇာတ်ကားလေးကတော့ အနုပညာရပ်တွေဖြစ်တဲ့ စာပေ၊ ဂီတ၊ ရုပ်ရှင်တွေအပေါ် အတားအဆီးကနေ လွတ်မြောက်ဖို့ တစ်ခုချင်းစီကြိုးပမ်းတာ မလွတ်မြောက်ပေမယ့် အားလုံးစုပြီး ကြိုးပမ်းချိန်မှာ လွတ်မြောက် သွားတယ် ဆိုတဲ့ စည်းလုံးခြင်းနဲ့ လွတ်လပ်မှုကို နှစ်မိနစ်၊ ၁၀ စက္ကန့်ကြာ အချိန်တိုလေးနဲ့ ပုံဖော်ထားတာပါ။
ဒီပွဲမှာ သတင်းဓာတ်ပုံဆရာတစ်ဦးရဲ့ သတင်းဓာတ်ပုံရိုက်ကူးတဲ့ အတွေ့အကြုံကို Click in Fear ဆိုတဲ့ မှတ်တမ်း ရုပ်ရှင်အဖြစ် ရိုက်ကူးပြီး ဆုရရှိခဲ့တဲ့ ဒါရိုက်တာစိုင်းကျော်ခိုင်က ကိုယ်တိုင် မလာရောက်နိုင်တဲ့အတွက် ဒါရိုက်တာ မင်းထင်ကိုကိုကြီးကပဲ ကိုယ်စား ဆုယူ ပေးခဲ့ရပါတယ်။
ဒီဆုတွေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မအကြိုက်ဆုံး ရုပ်ရှင်တွေကတော့ ရှင်းပြချက်တွေ နည်းတဲ့ ရုပ်ရှင်တွေပါပဲ။ သရုပ်ဆောင် ခြင်းအားဖြင့် လူတွေဟာ လွတ်လပ်ခြင်းကို ဘယ်လိုမြင်သလဲဆိုတာကို ပြတဲ့အခါ ကျတော့ ကြည့်တဲ့ပရိသတ်က ကိုယ့် အတွေးနဲ့ကိုယ် လွတ်လပ်ခြင်းဆိုတာ ဘာလဲလို့ ဆုံးဖြတ်နိုင်တာ တွေ့ရတယ်။ အနုပညာရဲ့ လွတ်လပ်ခြင်းနဲ့အတူ ပရိသတ်ရဲ့ စိတ် ကိုလည်း လွတ်လပ်အောင် လုပ်လို့ရတယ်။ ဒါကြောင့် ကျွန်မက ရှင်းပြချက်နည်းတဲ့ ရုပ်ရှင်တွေကို အကြိုက်ဆုံးပါပဲ"လို့ တော်ဝင် စင်တာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဆုပေးပွဲအခမ်းအနားမှာ ပြောပါတယ်။
ပွဲတော်ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးသူရ(ဇာဂနာ)က လက်ခံရရှိခဲ့တဲ့ ပြိုင်ပွဲဝင်ကား ၁၈၈ ကားမှာ ဆန်ခါတင်အဖြစ် ၅၄ ကားရွေး ခဲ့ပြီး ကားတွေက ရွေးရခက်လောက်အောင် ကောင်းတယ်လို့ ဆိုပါတယ်။
ပွဲကို လာရောက်ကြည့်ရှုသူတစ်ဦး ဖြစ်တဲ့ အကယ်ဒမီဆုရှင် ဒေါ်ခင်လေးသိမ့်က ဇာတ်ကားတွေမှာ အတွေးအခေါ် ဆန်းသစ်မှုတွေကို တွေ့ရှိရ တယ်လို့ ဆိုပါတယ်။
"လူသစ်တွေ တင်ပြချက်တွေက ပိုကောင်းတယ်။ စိတ်ကူးတွေလည်း ကောင်းတယ်။ ဒါက လူငယ်မျိုးဆက် သစ်တွေက စိတ်ကူး ပိုကောင်းတယ်ဆိုတဲ့ သဘောပဲ။ ဇာတ်လမ်းတိုဆိုတာ လည်း ဖန်တီးရခက်ပါတယ်။ အချိန်တို အတွင်းမှာ ခံစားချက်ကို အမိအရဖမ်း နိုင်ရတယ်။ လူကြီးတွေကိုက ဇာတ်ကား ရှည်တွေနဲ့ ကမ္ဘာကို ထိုးဖောက်ဖို့ မလွယ် တာသိလို့ ဇာတ်ကားတိုနဲ့ ထိုးဖောက်ဖို့ တွန်းအား ပေးနေတာကြာပြီ။ အရင်ကတော့ ကလေးတွေ ဒီလောက်စိတ်ဝင် စားမယ်လို့မသိဘူး။ အခုကျတော့ လူငယ်တွေလက်ရာ တော်တော်လေး ကောင်းတယ်။ သူတို့ကပိုဆန်းသစ်တယ်၊ တော်တယ်"လို့ ပြောပါတယ်။
ဆုရရှိသူတွေကို 'လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော်' ဆုတံဆိပ်နဲ့ တစ်ဆုစီအတွက် ဆုကြေးငွေ ၁၀ သိန်းစီ ချီးမြှင့်ခဲ့ပါတယ်။ ပထမဆုံးအကြိမ်ကျင်းပတဲ့ ဒီရုပ်ရှင် ပွဲတော်ကို ဒီဇင်ဘာလ ၃၁ ရက်နေ့ကနေ ဇန်န၀ါရီလ ၄ ရက်နေ့အထိ ကျင်းပခဲ့ပြီး 'မင်္ဂလာပါ ဒီမိုကရေစီ'လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ပွဲတော်ကို ထပ်လုပ်ဦးမယ်လို့ ဦးသူရ (ဇာဂနာ)က ကြေညာခဲ့ပါတယ်။
 ရတနာထွန်း (မြန်မာ့တိုင်းမ်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis