menu

Thursday 5 January 2012

လှိုင်သာယာတွင် အစားမှားအော့အန်ဝမ်းလျှောမှုဖြစ်ပွား

လှိုင်သာယာမြို့နယ် ရွှေလင်ပန်း စက်မှု မြို့၊ အမှတ် (၂၃) ရပ်ကွက်၌ ဒီဇင်ဘာ လ ၃၁ ရက်တွင် လူ ၄၆ ဦး အော့အန် ၀မ်းလျှော သဖြင့် လှိုင်သာယာမြို့နယ် ဆေးရုံသို့ တစ်ပြိုင်နက် တက်ရောက် ကုသခဲ့သည်။
အော့အန်ဝမ်းလျှောသူများသည် ၎င်း ရပ်ကွက်ရှိ နာရေးရက်လည်ဆွမ်းသွတ် အလှူတစ်ခုအပြီးတွင် ရပ်ကွက်အတွင်း ဝေငှစား သုံးသည့် အလှူမှ ပိုလျှံသော ကြက်သားဟင်းနှင့် ၁၂ မျိုး ဟင်းချိုတို့ကို စားသုံးခဲ့ကြသည်ဟု မေးမြန်းသိရှိရကြောင်း ၎င်းမြို့နယ် ဆေးရုံမှ မြို့နယ် ကျန်းမာရေးမှူးက ပြောသည်။
"ည ၉ နာရီလောက်ကစပြီး ဆေးရုံကို လူနာတွေ တဖွဲဖွဲရောက်လာတယ်။ အားလုံးက အော့အန် ၀မ်းသွားတာပဲ။ အလှူအပြီး ဝေစားကြတဲ့ ကြက်သားဟင်းနဲ့ ၁၂ မျိုး ဟင်းချိုကို အားလုံး စားဖြစ်တယ်ပြောတယ်"ဟု ၎င်းက ပြောသည်။
"ရှော့ခ်ရလာသူ (သတိလစ်လာသူ) တချို့ပါပေမယ့် ကုသမှု ပေးလိုက်တဲ့အခါ အားလုံး ကောင်းမွန်သွားပါတယ်။ ကျား ၂၃ ဦး၊ မ ၂၃ ဦး ရှိတယ်။ ဆေးရုံမှာ တစ်ညအိပ်ထားပြီး ဇန်န၀ါရီလ ၁ ရက် နေ့ညနေမှာ အားလုံးကို ဆင်းပေးလိုက်တယ်။ သေဆုံးသူမရှိ၊ တခြား ဆေးရုံကို ထပ်ဆင့်လွှဲပြောင်းကုသပေးရခြင်းလည်း မရှိပါဘူး"ဟု ၎င်းက ပြောသည်။
ဟင်းနှစ်မျိုးအနက် ကြက်သားဟင်း တစ်မျိုးသာ စားသုံးသူများတွင် အော့အန်ဝမ်းလျှောဖြစ်သည်ကို တွေ့ရသည် ဟု ကိုယ်တိုင် ကြုံသူများက ပြောသည်။
"ကျွန်မသား နို့စို့အရွယ်ပေါ့။ ကြက်သားဖတ် လက်နှစ်ဆစ်လောက်လေးတော့ ညနေမှာ ကျွေးတယ်။ ဟင်းနှစ် မျိုးထဲက ကြက်သား ဟင်းတစ်မျိုးတည်း ကျွေးတာပါ။ ညမှာအန်တာနဲ့ ဆေးရုံ သွားပြတယ်ပေါ့"ဟု အိမ်နီးနားချင်း ကလေးမိခင်တစ်ဦးက ပြောသည်။
ကြက်သားဟင်းနှင့် ၁၂ မျိုး ဟင်းချို ဟင်းကို ကွယ်လွန်သူ ဖခင်ဖြစ်သူ၏ ရက်လည် ဆွမ်းသွပ်အလှူအတွက် ကူညီသူများဖြင့် နေအိမ်တွင် ချက်ပြုတ်ခြင်း ဖြစ်ကြောင်း အမှတ် ၂၃ ရပ်ကွက်နေ ၎င်း အလှူရှင် ဦးဝင်းနိုင်က ပြောသည်။
"ဆွမ်းသွပ်အတွက် ကြက်သားအချိန် ၁၀၀ ချက်တာပါ။ ဒီဇင်ဘာလ ၃၀ ရက် နေ့ ညနေမှာ ၀ယ်တယ်။ မွေးမြူရေးကြက်ပါ။ ညချက်ပြီး မနက်အလှူမှာကျွေးတော့ ဘာမှမဖြစ်ခဲ့ဘူး။ ညနေမှာ ပိုတာကို ချက်တဲ့ပြုတ်တဲ့သူတွေ ယူသွားပြီး အားလုံးဝေစားကြတာမှာ ဖြစ်တယ် လို့ ကြားရတယ်။ ကျွန်တော်တို့တော့လည်း ဘာမှမဖြစ်ဘူး။ စိတ်မကောင်းဘူးပေါ့။ ရည်ရွယ်တာလည်းမဟုတ်တော့ ဘယ် လိုပြောရ မလဲ မသိဘူး" ဟု ၎င်းက ပြောသည်။
ဟင်းများသည် မျက်မြင်နှင့် အနံ့အရ ပျက်စီး (သိုး)သည့် အနေအထားမရှိကြောင်းလည်း ရပ်ကွက်သူ ရပ်ကွက်သားများက ပြောသည်။
အစာနမူနာများကို ဓာတ်ခွဲစမ်းသပ်ရန်အတွက် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ပေးပို့ထားကြောင်းနှင့် ဓာတ်ခွဲခန်း အဖြေကို စောင့်ဆိုင်းဆဲဖြစ်ကြောင်း လှိုင်သာယာ မြို့နယ်ဆေးရုံ၊ မြို့နယ်ကျန်းမာရေးမှူးက ပြောသည်။
မန္တလေး၊ အမရပူရမြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက လူပေါင်းရာကျော် အလားတူ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ရာ ဟင်းချက်ရာတွင် မသန့်ရှင်းရာမှ ကြက်သားနှင့် ပုစွန်ခြောက်ကြော်တွင် ဗိုင်းရပ်စ် ၀င်ရောက်၍ အစာအဆိပ်သင့်ခြင်းဖြစ်သည်ဟု မန္တလေးတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
 စန္ဒာလွင်(မြန်မာ့တိုင်းမ်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis