menu

Friday 6 January 2012

၂၀၁၁ ခုနှစ် နှင့် အပြောင်းအလဲများအပါ် အနုပညာရှင်များအမြင်

၂၀၁၁ တစ်နှစ်တာ ကာလက ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ တစ်နှစ်တာအတွင်း နယ်ပယ်ကဏ္ဍစုံ၌ အပြောင်းအလဲများ အသီးသီးဖြစ်ပေါ်ခဲ့ကြသည်။ ကောင်းသော ပြောင်းလဲခြင်းများကို တွေ့ကြုံခံစားခဲ့ရခြင်းများ ရှိသည့်အပြင် မျှော်လင့်မထားသည့် အပြောင်းအလဲများကို ရင်ဆိုင်ကြုံ တွေ့ရသည်များလည်း ရှိသည်။ မည်သို့ပင်ဆိုစေလှုပ်ရှားမှုများ၊ အပြောင်းအလဲများစွာ ဖြတ်သန်းတွေ့ကြုံခဲ့ရသည့် ၂၀၁၁ တစ်နှစ်လုံးအပေါ် အနုပညာရှင်တို့၏အမြင်မှာ . . .


ဒါရိုက်တာကြည်ဖြူသျှင်
၂၀၁၁ မှာ မကြည်ဖြူအတွက်တော့ ထူးခြားတဲ့ အပြောင်းအလဲတွေ အများကြီးကြုံရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရုပ်ရှင်လောကသားတွေ တွေ့ဆုံကြတယ်။ ဒါကလည်း ရုပ်ရှင်လောကသားတွေ အတွက် ၀မ်းသာစရာကောင်းတဲ့ အပြောင်းအလဲတစ်ခုလို့ မြင်တယ်။ ပိုပြီးထူးခြားသွားတာက ဗိုလ်ချုပ် အောင်ဆန်းအတ္ထုပ္ပတ္တိ ရိုက်ကူးဖို့ အတွက် တစ်ထောင့်တစ်နေရာက ပါဝင်ခွင့်ရတယ်။ ဒါတွေက တစ်ဦးချင်း အတွက် အခုနှစ်ရဲ့အပြောင်းအလဲတွေပါ။ အများအတွက်ဆိုရင်တော့ ရုပ်ရှင်လောကအတွက် အကြီးမားဆုံး အပြောင်းအလဲအဖြစ် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိအောင်မြင်ဖို့ ကြိုးစားနေတယ်။ ပြည်ပက စက်ပစ္စည်းတွေ၊ ပညာရှင်တွေ အကူအညီရမယ်။ နိုင်ငံတကာကို ထိုးဖောက်မယ်ဆိုလည်း ဗိုလ်ချုပ်အတ္ထုပ္ပတ္တိရုပ်ရှင် ဇာတ်ကားနဲ့ ထိုးဖောက်မယ်ဆိုရင် မြန်မာဇာတ်ကားတွေကို နိုင်ငံတကာ က အသိအမှတ်ပြုနိုင်တယ်။ နောက်ပိုင်းလည်း လမ်းစပွင့်သွားမယ်လို့ ထင်တယ်။ ဆင်ဆာနဲ့ ပတ်သက်လို့ အပြောင်းအလဲကတော့ အတိုင်းအတာ တစ်ခုထိ ဖြည်းဖြည်းချင်း လျှော့ပေးသွားမယ်လို့ ယုံကြည်ထားပါတယ်။

အနုပညာရှင်တွေက စိတ်ခံစားမှုတွေနဲ့ ဖန်တီးကြတာဖြစ်တဲ့ အတွက် မူတွေဘောင်တွေ ချမှတ်ခံထားရမယ်ဆိုရင် စက်ရုပ်ဆန်တဲ့ ဖန်တီးမှုတွေ ဖြစ်လာနိုင်တယ်။ ဒီအတွက် ထိုက်သင့်တဲ့ ပြောင်းလဲမှု  တွေရှိလာသင့် . .

ကျော်ကျော်ဗို
အပြောင်းအလဲဆိုတာ သဘာဝတရားအရ ပုံမှန်လည်ပတ်နေရာက သိသိသာသာ ပြောင်းလဲသွားတာပေါ့လေ။ ဒါပေမယ့် ဒီလိုပြောင်းလဲတဲ့နေရာမှာ ၀ုန်းကနဲ ပြောင်းလဲသွားတာမျိုးထက် အေးအေးဆေးဆေး စနစ်တကျပြောင်းလဲပြီး အားနည်းချက်တွေကို ပြင်ဆင်ချိန်ဆပြီးမှ အဆင့်လိုက် ဟာကွက်မရှိအောင် ကွာဟချက်မဖြစ်အောင် ပြင်ဆင်ပြီးမှ ပြောင်းလဲသင့်တယ်လို့ ထင်ပါတယ်။ အနုပညာပိုင်းအရ ပြောင်းလဲတယ်ဆိုရာမှာလည်း ရုပ်ရှင်ဇာတ်လမ်းရိုက်ကူးမှုတွေ၊ ဖန်တီးမှုတွေ ပြောင်းလဲ လာကြပြီ။ ရုပ်ရှင်အနုပညာရှင်တွေ က စိတ်ခံစားမှုတွေနဲ့ ဖန်တီးကြတာ ဖြစ်တဲ့အတွက် မူတွေဘောင်တွေ ချမှတ်ခံထားရမယ်ဆိုရင် စက်ရုပ်ဆန် တဲ့ ဖန်တီးမှုတွေ ဖြစ်လာနိုင်တယ်။ ဒီအတွက် ထိုက်သင့်တဲ့ ပြောင်းလဲမှုတွေ ရှိလာသင့်တယ်။

ဒါရိုက်တာမင်းထင်ကိုကိုကြီး
မြန်မာနိုင်ငံက ပြည်သူတွေလိုလား တောင့်တနေတဲ့ နှစ်ပေါင်းများစွာကတည်းက လိုလားခဲ့တဲ့ အပြောင်းအလဲက ၂၀၁၀ ပြည့်နှစ်မှာ အမေစု (ဒေါ်အောင်ဆန်းစုကြည်) လွတ်မြောက်လာခြင်းက အစပြုလာတာပေါ့လေ။ ဒီနှစ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့နောက်မှာရှိနေတဲ့ ပြည်သူတွေ ကလည်း ထောက်ခံဆဲပဲဖြစ်ပြီး အဲဒီထောက်ခံမှုနဲ့ပဲ လက်ရှိအစိုးရသစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်က ညှိနှိုင်း ဆွေးနွေးမှုတွေ ပြုလုပ်တာက မြန်မာနိုင်ငံ သမိုင်းမှာတော့ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေရဲ့ အစခြေလှမ်း လို့မြင်ပါတယ်။ ဒီခြေလှမ်းတွေက တစ်ဆင့် ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတော်ကို ရှေ့ဆက်နိုင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်။

မိုးမိုး
ဒီနှစ်အတွင်းမှာ တွေ့မြင်ခဲ့ရတဲ့ သိသာထင်ရှားတဲ့ အပြောင်းအလဲ တစ်ခုအနေနဲ့ သီတင်းကျွတ်လပြည့်ညမှာ ပန်းခြံတွေ ကစားကွင်းတွေမှာ လူတွေ အများကြီး အပန်းဖြေနေတာ၊ ပျော်ရွှင်နေတာကို တွေ့ရတယ်။  ရှိုးပွဲထဲကို ကြည့်လိုက်တော့လည်း ပရိသတ်တွေ အများကြီးလာကြည့်ကြတာကို တွေ့ရတယ်။ အဲဒါလေးက ထင်ထင်ရှားရှား တွေ့မြင်ခွင့်ရတဲ့ အပြောင်းအလဲ တစ်ခုပေါ့။ နောက်တစ်ခုက ပြေတီဦး ပညာရေးဖောင်ဒေးရှင်း ရန်ပုံငွေပွဲမှာ ပြက်လုံးတွေကို ဆင်ဆာမဖြတ်ဘဲ တော်တော် လွတ်လွတ်လပ်လပ် ပြက်ခွင့်ရတာကို တွေ့ရတယ်။ လွတ်လပ်စွာ ဖန်တီးခွင့်ရလာတဲ့ သဘောပေါ့လေ။ အဲဒါလေးက ၀မ်းသာစရာ အချက်ပါ။ တစ်နေ့က ဂီတအစည်း အရုံးက တာဝန်ရှိသူတွေနဲ့ ၀န်ကြီးချုပ် နဲ့တွေ့ဆုံပြီးတော့ ခိုးကူးခွေစီမံချက် အတွက် ဆွေးနွေးကြတယ်လို့သိရ တယ်။ ဒီတစ်ခါလုပ်တဲ့စီမံချက်က တော့အရင်ကလို ခဏတာမဟုတ်ဘဲ အမြဲတမ်းအတွက် ခိုးကူးခွေပျောက် သွားစေမယ်လို့ မျှော်လင့်ထားပါတယ်။ ဒါကတော့ သိသိသာသာမြင်တွေ့ရတဲ့ အပြောင်းအလဲတွေပါ။

ထွန်းအိန္ဒြာဗို
အများပြည်သူအတွက် အကျိုးဖြစ်ထွန်းနိုင်တဲ့၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ စိတ်ချမ်းသာ ပျော်ရွှင်စေနိုင်တဲ့ အပြောင်းအလဲများ သိသာစွာ ပေါ်ထွန်းလာပါစေလို့ပဲ ကျွန်မတို့က ဆုတောင်းရမှာပါ။ ကျန်တာတွေကတော့ စောင့်ကြည့်ကြရဦးမှာ ဖြစ်တဲ့အတွက် ဒီဆုတောင်းကိုပဲ တောင်းပေးချင်ပါတယ်။

ကာတွန်းကျော်သူရိန်
ဒီနှစ်ထဲမှာ အပြောင်းအလဲတွေ အများကြီး တွေ့ကြုံရပါတယ်။ အထူးသဖြင့်တော့ ကာတွန်းနဲ့ ပတ်သက်တဲ့ အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။ ပထမ အပြောင်းအလဲ တစ်ခုက သတင်း ကာတွန်းတွေ ကျယ်ပြန့်လာမှုပါ။ နောက်ထပ် အပြောင်းအလဲတစ်ခုက ကာတွန်းပြပွဲတွေပြုလုပ်လာကြတာ ပါ။ ကာတွန်းပြပွဲတွေ ပြုလုပ်လာခြင်းအားဖြင့် ကာတွန်းကပေးတဲ့ အသိတွေ၊ message တွေ အများကြီး ရလာပါတယ်။ ဒါကကောင်းသော ပြောင်းလဲခြင်းလို့ဆိုရမှာပါ။ နောက်ထပ် အပြောင်းအလဲတစ်ခုက သတင်း ကာတွန်းတွေကို ဂျာနယ်မဂ္ဂဇင်းတွေ မှာနေရာပေးဖော်ပြမှုတွေလည်းများ ပြားလာပါတယ်။ဒါကလည်းသိသာ  ထင်ရှားတဲ့ အပြောင်းအလဲတစ်ခုလို့ ဆိုနိုင်ပါတယ်။  ဒါကတော့ ကာတွန်း လောကနဲ့ သက်ဆိုင်တဲ့ အပြောင်းအလဲတွေပါ။ ဒီနှစ်အတွင်းမှာ တခြားသော နယ်ပယ်ကဏ္ဍစုံမှာလည်း ပြောင်းလဲမှု တွေ သိသိသာသာ ထင်ထင်ရှားရှားဖြစ် လာတာတွေလည်းရှိပါတယ်။ ဒီအပြောင်းအလဲတွေက ပြည်သူအားလုံး နဲ့ သက်ဆိုင်တဲ့ အပြောင်းအလဲတွေပါ။ ကောင်းမွန်သောပြောင်းလဲခြင်း တွေရှေ့ဆက်နိုင်အောင် အားလုံး ၀ိုင်းပြီးကြိုးစားရမယ်လို့ ယုံကြည်ပါတယ်။

ချစ်သုဝေ
ထရီဇာတို့ ၂၀၁၁ တစ်နှစ်တာလုံးမှာ အပြောင်းအလဲတွေအများကြီး ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီထဲကမှ ထူးထူးခြားခြား ထင်ထင်ရှားရှားဖြစ်ရပ်တွေ ဆိုရင်တော့ အများရဲ့ ဆန္ဒကို လိုက်ပြီး ဆုံးဖြတ်ပေးခဲ့တဲ့မြစ်ဆုံ စီမံကိန်းရပ်နားလိုက်တဲ့ ကိစ္စဆိုရင်လည်း သိသာထင်ရှားတဲ့ အပြောင်းအလဲ တစ်ခုလို့ဆိုနိုင်ပါတယ်။နောက်ထပ် အပြောင်းအလဲ တစ်ခုဆိုရင်တော့ ထရီဇာ တို့ အနုပညာရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဖြစ်တာပါပဲ။

ဆောင်းဦးလှိုင်
ပထမဆုံး အပြောင်းအလဲအဖြစ် မြင်ရကြားရတာတွေ ပြောရရင်တော့ ၂၀၁၂မှာ မီတာခတွေ ဈေးတက်  ဖို့ရှိတာပေါ့။ နောက်တစ်ခုကအရင် ကထက်စာရင် ပြောရေးဆိုခွင့်နည်းနည်း ရှိလာတယ်။ ကျန်တာကတော့ လက်တွေ့ကျကျ ကြီးမားတဲ့ အပြောင်းအလဲမျိုး မမြင်သေးပါဘူး။ အများပြည်သူ ရဲ့ စားဝတ်နေရေး ပြေလည်ဖို့လည်း စောင့်တော့စောင့်ရပါဦးမယ်။ နောက်တစ်ခုကရင်ထဲမှာ မကျေနပ်တာ၊ မကျေလည်တာလေးတွေရှိရင် သမ္မတကြီးဆီ စာရေးပြီး တင်တာမျိုးလေးတွေ တော့ရှိတာပေါ့လေ။ ဂီတလောကနဲ့ ပတ်သက်လို့ပြောရရင်တော့ ဒီပုံစံအတိုင်းပဲ ဆက်သွားနေဦးမှာပါပဲ။ ၂၀၁၃ မှာ copyright ပြဌာန်းခဲ့ရင်  ကိုယ်ပိုင်သံစဉ်တွေပိုပြီး နေရာရလာမယ်လို့ ထင်တယ်။ တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ မူရင်းခွေအားပေးဖို့ ဆိုတာကတော့ ၀င်ငွေအခြေအနေတွေ တိုးတက်လာမှ ဖြစ်မှာပါ။ ၂၀၁၁ ရဲ့အပြောင်းအလဲတွေ အပေါ် ဒီလိုပဲမြင်ပါတယ်။

သက်မွန်မြင့်
ဖြတ်သန်းခဲ့တဲ့ အနုပညာသက် တမ်းဆယ်နှစ်တာအတွင်းမှာ ၂၀၁၁ ခုနှစ်မှာ အလုပ်တွေကို သေသေချာချာ ဖိဖိစီးစီးလေး လုပ်ခွင့်ရသလို ကြိုးစားတဲ့အတိုင်း ပရိသတ်အားပေးမှု ပြန်ရတယ်။ သွားရောက်လည်ပတ်ခွင့်ရဖို့ မမျှော်လင့်ထားတဲ့ အမေရိကားကို သွားလည်ခွင့်ရတယ်။ ဒါတွေ က သက်မွန်အတွက် အပြောင်းအလဲတွေပေါ့။ ရုပ်ရှင်လောကအတွက်အ ပြောင်းအလဲဆိုရင်တော့ ဆင်ဆာမူ ၀ါဒတွေ လျှော့ပေးလိုက်တာမျိုးတွေလည်း ရှိတယ်။ ရုပ်ရှင်လောကသားတွေ စုစုစည်းစည်းနဲ့ အနုပညာ ဖန်တီးမှုတွေပိုပြီး လုပ်လာကြတယ်လို့ လည်းမြင်တယ်။ ဒါကကောင်းသော ပြောင်းလဲခြင်းတွေပါပဲ။

ဒီဇိုင်နာမမဉ္ဇူ
အစ်မတို့ ဒီဇိုင်နာတွေအတွက် အပြောင်းအလဲဆိုရင်တော့ ဒီနှစ်ထဲမှာ မြန်မာဖက်ရှင်ဒီဇိုင်နာအဖွဲ့ အနေ နဲ့ ပထမဆုံးသောဖက်ရှင်ပြပွဲ ကို ခမ်းခမ်းနားနားလုပ်နိုင်ခဲ့တယ်။ ပြည်ပမှာ သွားပြတယ် ဆိုတာက ကိုယ့်ရဲ့ဝတ်စုံဒီဇိုင်းတစ်ခုတည်းကို အာရုံစိုက်ပြီး သွားပြရုံပဲလေ။ ပြည်တွင်းမှာလုပ်တာ ကပထမဆုံးဖြစ်တဲ့ အပြင် မော်ဒယ်လ်စီစဉ်တာကအစ ဒီဇိုင်နာတွေ ပဲ အားလုံးစီစဉ်ရတာဖြစ်တဲ့အတွက် နည်းနည်း ပင်ပန်းပေမယ့် ဒီလိုပွဲမျိုးလေး အောင်အောင်မြင်မြင် လုပ်နိုင်တဲ့အပေါ်မှာ ကျေနပ်စရာကောင်းပါတယ်။
By EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis