menu

Tuesday 20 May 2014

လူးဝစ်ဗန်ဟားလ်ကို မန်ယူအသင်း (၃)နှစ်စာချုပ်ဖြင့် ခန့်အပ်၊ မန်ယူအသင်း၏ ပထမဆုံးသော ဗြိတိန်ပြင်ပနည်းပြ ဖြစ်လာခဲ့ပြီး ကစားသမားဘ၀မှ အနားယူလိုက်သည့် ရိုင်ယန်ဂစ် လက်ထောက်နည်းပြဖြစ်မည်

Photo: လူးဝစ်ဗန်ဟားလ်ကို မန်ယူအသင်း (၃)နှစ်စာချုပ်ဖြင့် ခန့်အပ်၊ မန်ယူအသင်း၏ ပထမဆုံးသော ဗြိတိန်ပြင်ပနည်းပြ ဖြစ်လာခဲ့ပြီး ကစားသမားဘ၀မှ အနားယူလိုက်သည့် ရိုင်ယန်ဂစ် လက်ထောက်နည်းပြဖြစ်မည်

မန်ယူအသင်းသည် ဟော်လန်လက်ရွေးစင်အသင်း၏ နည်းပြ လူးဝစ်ဗန်ဟားလ်ကို နည်းပြသစ်အဖြစ် (၃)နှစ်စာချုပ်ဖြင့် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

လူးဝစ်ဗန်ဟားလ်သည် လက်ရှိအချိန်တွင် ဟော်လန်လက်ရွေးစင် အသင်းနည်းပြအဖြစ် ဆောင်ရွက်နေပြီး လာမည့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွှဲရမည်ဖြစ်သော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး စာချုပ်သက်တမ်း ကုန်ဆုံးချိန်တွင် လမ်းခွဲမည်ဖြစ်ကြောင်း ကြိုတင်ပြောကြားထားခဲ့သည်။ ထို့ပြင် လက်ရွေးစင်အသင်းနှင့် လမ်းခွဲပြီးပါက ဥရောပကလပ်အသင်း ပြိုင်ပွဲများသို့ ပြန်လည်ဝင်ရောက်လိုကြောင်း ၀န်ခံထားခဲ့သည့်အတွက် မိုယက်စ်နှင့် လမ်းခွဲခဲ့သည့် မန်ယူအသင်းက ကမ်းလှမ်းမှု ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။ ဥရောပ ဘောလုံးလောကတွင် အေဂျက်စ်၊ ဘာစီလိုနာနှင့် ဘေယန်မြူးနစ် အသင်းများကို ကိုင်တွယ်ပြီး အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သည့် လူးဝစ်ဗန်ဟားလ်ကို နည်းပြသစ်လိုအပ်နေသော မန်ယူအသင်းက လိုလားခဲ့သလို၊ ဗန်ဟားလ်ကလည်း ပရီးမီးယားလိဂ် ထိပ်သီးအသင်းတစ်သင်းကို ကိုင်တွယ်ရန် ဆန္ဒရှိနေခြင်းကြောင့် မန်ယူအသင်း၏ နည်းပြသစ်နေရာကို လူးဝစ်ဗန်ဟားလ် ရောက်ရှိလာရန် သေချာနေပြီဖြစ်ကြောင်း ယခုကဲ့သို့ တရားဝင် အတည်ပြုကြေညာခြင်း မရှိမီကတည်းက မီဒီယာများက သုံးသပ်ဖော်ပြခဲ့ကြခြင်းလည်း ဖြစ်သည်။ မန်ယူအသင်းနှင့် လူးဝစ်ဗန်ဟားလ်တို့သည် ပြီးခဲ့သည့် ရက်သတ္တပတ်ကတည်းက ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး အတည်ပြုရန် နီးစပ်ခဲ့သော်လည်း ဟော်လန်အသင်းနှင့် အီကွေဒေါအသင်းတို့၏ ကမ္ဘာ့ဖလားအကြို ခြေစမ်းပွဲရှိနေခြင်းကြောင့် ဆိုင်းငံ့ထားခဲ့ရခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။

မန်ယူအသင်း၏ နည်းပြသစ်ဖြစ်လာရန် သေချာသွားပြီးနောက်တွင် လူးဝစ်ဗန်ဟားလ်က “မန်ယူအသင်းက ကြီးကျယ်ခမ်းနားတဲ့ ရည်မှန်းချက်ရှိသလို၊ ကျွန်တော့်မှာလည်း အဲဒီလို ရည်မှန်းချက် ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သမိုင်းမှတ်တမ်းကို အတူတူရေးထိုးသွားနိုင်မှာ သေချာပါတယ်။ အိုးလ်ထရက်ဖို့ဒ်ကွင်းကို ပြိုင်ဘက်အဖြစ် ရောက်ခဲ့ဖူးစဉ်ကတည်းက ဒီအသင်းရဲ့ ပရိသတ်တွေ၊ လွှမ်းခြုံထားတဲ့ ခံစားမှုတွေကို နားလည်ပြီးသားပါ။ ဒီလို ကမ္ဘာ့ထိပ်တန်း အသင်းတစ်သင်းကို ကိုင်တွယ်ခွင့်ရမယ့် အခြေအနေအတွက် အလွန်ဂုဏ်ယူမိပါတယ်” ဟု ပြောကြားခဲ့သည်။ မန်ယူအသင်း တာဝန်ရှိသူများကလည်း ဗန်ဟားလ်မှာ အသင်းအတွက် သမိုင်းစာမျက်နှာသစ် ရေးထိုးပေးမည့် နည်းပြတစ်ဦးဖြစ်ကြောင်းနှင့် ထောက်ခံမှုအပြည့်အ၀ ပေးသွားမည်ဖြစ်ကြောင်း ဆိုခဲ့သည်။ မန်ယူအသင်းသည် မိုယက်စ်နှင့် လမ်းခွဲပြီးနောက်ပိုင်း ယာယီနည်းပြအဖြစ် ဆောင်ရွက်ခဲ့သည့် ၀ါရင့်ကစားသမား ရိုင်ယန်ဂစ်ကို လူးဝစ်ဗန်ဟားလ်၏ လက်ထောက်နည်းပြအဖြစ် ခန့်အပ်လိုက်ကြောင်းလည်း သိရှိရသည်။ ရိုင်ယန်ဂစ်သည် ဗန်ဟားလ်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ကစားသမားဘ၀မှ အနားယူတော့မည်ဖြစ်ကြောင်းလည်း အတည်ပြုခဲ့သည်။ မန်ယူအသင်းအနေဖြင့် ဟော်လန်နည်းပြ လူးဝစ်ဗန်ဟားလ်ကို ခန့်အပ်ခဲ့ခြင်းမှာ အသင်း၏ သမိုင်းတစ်လျှောက် ဗြိတိန်ပြင်ပ နည်းပြတစ်ဦးကို ပထမဆုံး ခန့်အပ်ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

(မန်ယူအသင်းတွင် ဆုံတွေ့ရမည့် ဟော်လန်တိုက်စစ်မှူး ဗန်ပါစီနှင့် နည်းပြသစ် လူးဝစ်ဗန်ဟားလ် (Photo:AFP))

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis