menu

Monday 20 January 2014

ဘန်ကောက် ဆန္ဒပြပွဲတွင် ပေါက်ကွဲမှု ထပ်မံဖြစ်ပွား လူ ၂၈ ဦး ဒဏ်ရာရရှိ

Photo: ဘန်ကောက် ဆန္ဒပြပွဲတွင် ပေါက်ကွဲမှု ထပ်မံဖြစ်ပွား လူ ၂၈ ဦး ဒဏ်ရာရရှိ

ဘန်ကောက်၊ ဇန်နဝါရီ ၁၉

ထိုင်းနိုင်ငံတွင် အိမ်စောင့်အစိုးရ ဖြုတ်ချရေးအတွက် ဘန်ကောက် ရပ်ဆိုင်းရေးဟူသည့် ခေါင်းစဉ်ဖြင့် တစ်ပတ်နီးပါးကြာမျှ ပြုလုပ်လာသော ဆန္ဒပြပွဲကြီး၏ သတ္တမမြောက်နေ့တွင် ပေါက်ကွဲမှုတစ်ရပ် ထပ်မံဖြစ်ပွားခဲ့ရာ လူပေါင်း ၂၈ ဦးကျော် ဒဏ်ရာရရှိသွားကြောင်း CNN သတင်းဌာနက ရေးသား ဖော်ပြသည်။

မြို့တော် ဘန်ကောက်ရပ်ဆိုင်းရေး ဆန္ဒပြပွဲအား အတိုက်အခံ အင်အားစုများက အရှိန်မြှင့်တင် လုပ်ဆောင်နေစဉ် ပြီးခဲ့သည့် သောကြာနေ့က ဆန္ဒပြခေါင်းဆောင် ဆူတက်တာဆူဘန်ရှိရာ အနီးတစ်ဝိုက်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တနင်္ဂနွေနေ့တွင် ထပ်မံဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ယခုထပ်မံဖြစ်ပွားသော ပေါက်ကွဲမှုမှာ အတိုက်အခံ အင်အားစုများ၏ ဆန္ဒပြ သပိတ်စခန်း တည်ရှိရာ နေရာတစ်ခုတွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး ဒဏ်ရာ ရရှိသွားသူများတွင် ဂျာနယ်လစ်တစ်ဦးလည်း ပါဝင်ကြောင်း အမျိုးသားလုံခြုံရေး အကြီးအကဲက ပြောကြားသည်။

ဘန်ကောက် မြို့တော်တွင် ပြီးခဲ့သည့် နိုဝင်ဘာလမှ စတင်ကာ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ဦးဆောင်သော အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည့် အချိန်မှစ၍ လူပေါင်းရှစ်ဦး သေဆုံးခဲ့ပြီဖြစ် ပြီး ၄၅၀ ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း ထိုင်းအာဏာပိုင်တို့၏ အဆိုအရ သိရသည်။

ယခုနောက်ဆုံးဖြစ်ရပ်တွင် တိုက်ခိုက်သူများက အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများရှိရာ နေရာသို့ ဖောက်ခွဲရေး ပစ္စည်းများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပစ်ခတ်သူများကို လိုက်လံ ဖမ်းဆီးသော်လည်း လွတ်မြောက်သွားကြောင်း ဆန္ဒပြ အင်အားစုများက ပြောကြားသည်။

“(ဘန်ကောက်က) အောင်မြင်မှု ကျောက်တိုင်မှာရှိတဲ့ သပိတ်စခန်းကို တိုက်ခိုက်တဲ့သူတွေက ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ပစ်ခတ်သွားကြတာပါ။ ဖမ်းလို့ မရသေးပါဘူး” ဟု ဆန္ဒပြခေါင်းဆောင် တစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် သောကြာနေ့က ဖြစ်ပွားသော ဗုံးပေါက်ကွဲမှုတွင် လူပေါင်း ၃၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုအနက်မှ လူတစ်ဦးမှာ ယင်းဒဏ်ရာကြောင့် စနေနေ့တွင် သေဆုံးသွားသည်။

အဆိုပါ ပေါက်ကွဲမှုများကြောင့် ဆန္ဒပြမှုများမှာ ပိုမို အရှိန်မြင့်တက်လာဖွယ် ရှိပြီး ဆူပူအကြမ်းဖက်မှုများနှင့် ရုန်းရင်းဆန်ခတ်မှုများအထိ ပေါ်ပေါက်လာမည်ကို လေ့လာစောင့်ကြည့်သူများက စိုးရိမ်ပူပန်လျက်ရှိသည်။

ထိုင်းနိုင်ငံ၏ လတ်တလော နိုင်ငံရေး တင်းမာမှုများ ပြေလျှော့ရန် ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်က ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဟု ကြေညာထားသော်လည်း အတိုက်အခံ ဒီမိုကရက်ပါတီ အပါအဝင် ဆန္ဒပြအင်အားစုများက ယင်းရွေးကောက်ပွဲကို သပိတ်မှောက်မည် ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

Aye Chan Mon# Credit To :The Voice Weekly> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis