menu

Sunday 29 December 2013

နယ်နိမိတ် လွန်ဆွဲမှုများနှင့် မြန်မာ-အိန္ဒိယ နယ်စပ် ခြံစည်းရိုးပြဿနာ....( မြတ် (ကလေး))



မြန်မာနှင့်အိန္ဒိယ နှစ်နိုင်ငံနယ်နိမိတ် အတွင်း ၂၀၁၃ခုနှစ် ဒီဇင်ဘာ လဆန်းပိုင်းက တိုင်းတာမှု မပြုရသေးသော အငြင်းပွားမြေနေရာတွင် အစိုးရဌာနဆိုင်ရာ အဆောက်အအုံ တည်ဆောက်ရန် အိန္ဒိယနိုင်ငံ ဘက်မှ မြေညှိခြင်းများ ပြုလုပ်လာခဲ့သဖြင့် မြန်မာဘက်က ကန့်ကွက်မှုများ ပြုလုပ်ခဲ့သော်လည်း ဆက်လက် ပြုလုပ်နေသောကြောင့် နယ်စပ်အခြေအနေမှာ တင်းမာလာခဲ့သည်။ နှစ်ပေါင်း ၄၀ ကျော် ကြာခဲ့ပြီဖြစ်သော နယ်စပ်ပြဿနာမှာ ယခုအခါ အဆိုးဝါးဆုံး အခြေအနေအထိ တင်းမာလာခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ နယ်စပ်အရေး လေ့လာနေသူများက ဆိုသည်။
အိန္ဒိယအစိုးရက ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းတွင် ကျင့်သုံးလာခဲ့သော အရှေ့မျှော်ဝါဒ (Look East Policy) ၌ အပါအဝင် ဖြစ်သည့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ဂိတ်အမှတ် (၁) တည်ရှိရာ မဏိပူရ်ပြည်နယ် မိုရေးမြို့နှင့် နန်းဖာလုံဈေး တို့အကြားတွင် ၂၀၁၅ ခုနှစ် ပထမလေးလပတ် အပြီး စစ်ဆေးရေးဂိတ် (Integrated Check Post - ICP) တစ်ခု တည်ဆောက်ရန် အတွက် အိန္ဒိယအစိုးရက ပြင်ဆင်ရာမှ မြေနေရာ ရွေးချယ်မှုနှင့် ပတ်သက်ကာ နှစ်နိုင်ငံအကြား တင်းမာမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
၁၉၆၇ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနှင့် လက်နက်ကိုင် သူပုန်များ ဖြတ်သန်းမှုအား တားဆီးနိုင်ရန် မြန်မာ-အိန္ဒိယ အစိုးရတို့၏ နယ်စပ်ခြံစည်းရိုး ကာရံရေး သဘောတူညီမှု ရရှိခဲ့ပြီး နှစ်နိုင်ငံ နယ်နိမိတ် ကော်မရှင်ကို ဖွဲ့စည်းကာ ၁၉၆၈-၁၉၆၉ ခုနှစ်တွင် အောင်နိမိတ် စစ်ဆင်ရေးဖြင့် အဆင့် ခုနစ်ဆင့် ခွဲကာ နယ်စပ် နယ်နိမိတ် တိုင်းတာရေး ဆောင်ရွက်ခဲ့ကြသည်။

သို့သော် အိန္ဒိယ-တရုတ် နယ်နိမိတ် ပြဿနာများကြောင့် မြန်မာ-အိန္ဒိယ-တရုတ် သုံးပွင့်ဆိုင် နေရာများတွင် တိုင်းတာမှုများ မပြီးပြတ်ခဲ့ပေ။ ထိစပ်နေသော မြန်မာ-အိန္ဒိယ နယ်နိမိတ်အရှည်မှာ ကီလိုမီတာ ၁၄၆၀၊ (၉၀၇)မိုင်ခန့် ရှိပြီး ယင်းဒေသတွင် နယ်နိမိတ်မှတ်တိုင် ဘီပီ ၅၉ မှ ဘီပီ ၁၁၂ ထိ ၅၃ တိုင်ရှိကာ ကဘော်ချိုင့်ဝှမ်းဒေသ ဖြစ်သော တမူးခရိုင်အတွင်း မပြီးပြတ်သေးသော နေရာ၊ အငြင်းပွားဒေသ အဖြစ် နှစ်နိုင်ငံ သတ်မှတ်ထားသော အငြင်းပွား မှတ်တိုင်များမှာ ဘီပီ ၆၆၊ ၆၇၊ ၇၈၊ ၈၉၊ ၉၀၊ ၉၁၊ ၉၂၊ ၉၃၊ ၉၄ တို့ဖြစ်ကြောင်း မှတ်တမ်း အချက်အလက်များအရ သိရသည်။
ယင်းကဲ့သို့ မှတ်တိုင်စိုက်ထူရန် သဘောတူညီချက် မရနိုင်ခြင်း အကြောင်းရင်းမှာ အိန္ဒိယနိုင်ငံ အနေနှင့် ရှိပြီးမှတ်တိုင် နေရာများ ကိုသာ သတ်မှတ်လိုပြီး မြန်မာနိုင်ငံ ဘက်ကမူ ၁၉၆၇ ခုနှစ် နယ်နိမိတ် စာချုပ်ပါ မြေပုံနှင့် ကွင်းဆင်း တိုင်းတာချက်များ အရသာ စိုက်ထူရန် လိုလားနေခြင်းကြောင့် ဖြစ်ကြောင်း တမူးခရိုင် စီမံခန့်ခွဲမှု ကော်မတီက ပြောဆိုသည်။
အိန္ဒိယနိုင်ငံ၏ လိုလားချက် အတိုင်း နယ်နိမိတ် သတ်မှတ်လျှင် မြန်မာဘက်မှ နယ်မြေအချို့ ဆုံးရှုံးမည် ဖြစ်ကာ လက်ရှိ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး ကလေး-တမူး ကားလမ်း၏ အစိတ်အပိုင်းအချို့ (နှစ်မိုင်ခန့်)မှာ အိန္ဒိယဘက်ကို ရောက်ရှိသွားမည် ဖြစ်သည်။ မြန်မာဘက်က လိုလားချက်အရ သတ်မှတ်မည် ဆိုလျှင်လည်း အိန္ဒိယနိုင်ငံ မိုးရေးမြို့၏ ပရင်းနဂါး ရပ်ကွက်မှာ နှစ်ခြမ်းကွဲသွားမည် ဖြစ်သည်။ အိန္ဒိယ အစိုးရအနေနှင့် ယင်းကဲ့သို့ ရပ်ကွက်တစ်ခြမ်း မြန်မာဘက် ရောက်ရှိမည်ကို မလိုလား သကဲ့သို့ မြန်မာဘက်ကလည်း တမူး-ကလေး ကားလမ်း အစိတ်အပိုင်းအချို့ အိန္ဒိယဘက်သို့ ရောက်ရှိသွားမည်ကို မလိုလားချေ။
ယခင်ရှိခဲ့သော တမူး-ကလေး ကားလမ်းဟောင်းမှာ အိန္ဒိယပိုင် နယ်နိမိတ်အတွင်း ရှိနေခြင်းကြောင့် ၁၉၈၀ ပြည့်နှစ်တွင် ပြုလုပ်သော မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ မြေတိုင်းဌာန ညွှန်ကြားရေးမှူးချုပ်များ အဆင့် အစည်းအဝေးတွင် အပေးအယူ ပြုလုပ်ရန် သဘောတူညီချက် တစ်ရပ်ကို ကြိုးစားခဲ့ကြသည်။ သို့သော် မြေနေရာ မသေချာမှု များကြောင့် ယင်းနယ်နိမိတ် လွတ်ကင်းရန် တမူး-ကလေး ကားလမ်းအား မြန်မာ့ပိုင်နက် အတွင်းတွင်ပင် ဖောက်လုပ်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် မြေအပေးအယူ ပြုလုပ်ရန် အိန္ဒိယနိုင်ငံက အဆိုတစ်ခုဖြင့် ကြိုးစားလာပြန်သည်။
ယခုလက်ရှိ အိန္ဒိယဘက်မှ မြန်မာဘက်သို့ ကျော်လွန်ရောက်ရှိနေသော အစိတ်အပိုင်း များကို ယခုအတိုင်းထား၍ အစားထိုး မြေနေရာကို တမူးမြို့နယ် မြို့သစ်မြို့နယ်ခွဲ ဘက်ရှိ ၄င်းတို့ပိုင်ဆိုင်သော နေရာများကို ပေးမည်ဟု အိန္ဒိယဘက်က ဆိုခြင်းဖြစ်သည်။ သို့သော် ယင်းနေရာမှာ မူလ သဘောတူညီထားသော မြေနေရာများ နှင့် ကွဲလွဲနေခြင်း၊ မြေအနေအထား မကောင်းခြင်း တို့ကြောင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပသော နှစ်နိုင်ငံ မြေတိုင်း အစည်းအဝေးတွင် မြန်မာဘက်က လက်မခံဘဲ ပယ်ချခဲ့သည်။
၂၀၁၃ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖား မြို့တွင် ညီညွှတ်သော မဏိပူရ်အင်ဂျီ အိုမစ်ရှင် အဖွဲ့ (UNM-M) က ဦးဆောင်ကျင်းပသော အိန္ဒိယ-မြန်မာ နယ်စပ်စည်းရိုး ဆိုင်ရာ ဆွေးနွေးပွဲတွင် ယင်းကဲ့သို့ နယ်စပ်စည်းရိုး ကာရံနေသော ကိစ္စတွင် မဏိပူရ်ပြည်နယ်ပိုင် မြေ ၆ မိုင်ကျော်ခန့် မြန်မာနိုင်ငံဘက်သို့ ရောက်ရှိသွားဖွယ် ရှိသဖြင့် ဆိုင်းငံ့ထားသင့်သည်ဟု မဏိပူရ်တက္ကသိုလ် နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဒေါက်တာ ဒါနာဘီယာက သုံးသပ်ကြောင်း ၄င်းတို့ ဒေသထုတ် သတင်းမီဒီယာ များတွင် ဖော်ပြခဲ့သည်။
ယင်းအပြင် သြဂုတ်လ ၂၂ ရက်နေ့တွင် အိန္ဒိယနိုင်ငံ Chandal ခရိုင် Holenphia (ဟောင်လင်းဖိုင်) ကျေးရွာအတွင်း မြန်မာ့ တပ်မတော်မှ ကျူးကျော် စခန်းချခဲ့ကြောင်း Times of India သတင်းစာတွင် ရေးသား ဖော်ပြခဲ့သည်။ မိုရေးမြို့ ရဲတပ်ဖွဲ့စခန်းနှင့် တစ်မိုင်ကျော်အကွာ နယ်စပ်ကျောက်တိုင် အနီး BP ၇၆ တွင် အမှတ်(၈၇) ခြေလျင် တပ်ရင်းမှ မြန်မာနိုင်ငံပိုင် နယ်မြေဟုဆိုကာ မြေရှင်း၍ စခန်းချ နေထိုင်ခဲ့ကြောင်း အိန္ဒိယ မီဒီယာများတွင် ရေးသားထားသည်။ "ကျွန်တော်တို့ တပ်စခန်းချထားတဲ့ နေရာကို သူတို့ဘက်က ကြည့်ကြည့်၊ ကျွန်တော်တို့ ဘက်ကပဲ ကြည့်ကြည့် ကိုယ့်ဘက်မှာပဲ ချထားတယ်ဆိုတာ သိသာမြင်သာ ပါတယ်။ သူတို့ သတ်မှတ်ထားတဲ့ နေရာကနေ ခြေလှမ်း ၁၀ လှမ်းလောက်ဝေးတဲ့ နေရာမှာ ချထားတာပဲ။ ကျွန်တော်တို့လိုပဲ သူတို့ဘက်မှာလည်း အာသံ(၉) တပ်ရင်းက တပ်မတော်သားတွေ ရှိနေတယ်" ဟု အဆိုပါ တပ်စခန်းတွင် ရောက်ရှိနေသော မြန်မာ့ တပ်မတော်ဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။
ထိုသို့ တပ်စခန်းများ သွားရောက် ချထားရခြင်းမှာ အိန္ဒိယနိုင်ငံ ဟိုင်လင်းဖိုင်(ခ) မန်ကန်ရွာသစ် တည်ဆောက်ရာတွင် နေအိမ်အချို့မှာ အငြင်းပွား ဒေသများသို့ ရောက်ရှိနေခြင်းကြောင့် ဖြစ်ကြောင်း၊ ယခုအခါတွင် နေအိမ်များ ဆက်လက် ဆောက်လုပ်ခြင်း မရှိသော်လည်း ဖျက်သိမ်းခြင်း မရှိသေးကြောင်း ၄င်းက ပြောဆိုသည်။
မြန်မာ့တပ်မတော်မှ အိန္ဒိယဘက်သို့ ကျူးကျော်ခြင်း မရှိကြောင်း၊ မြန်မာ့ပိုင်နက် အတွင်းတွင်ပင် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Syed Akbaruddin ကလည်း သြဂုတ်လ နှောင်းပိုင်းတွင် အတည်ပြု ပြောကြားကြောင်း အိန္ဒိယမီဒီယာများ တွင် ရေးသားထားသည်။
ဘီပီ ၇၇ နှင့် ဘီပီ ၇၈ ကြား နှစ်နိုင်ငံ နယ်နိမိတ် တိုင်းတာမှု အတည် မပြုရသေးသည့် နေရာတွင် အိန္ဒိယနိုင်ငံမှ အစိုးရဌာန ဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်ရန် အတွက် ၂၀၁၃ ခုနှစ် မေလ ၂၉ ရက် နှင့် ၃၀ ရက်နေ့တို့တွင် မြေထိုးစက်၊ မြေသယ်ယာဉ် များဖြင့် မြေပြုပြင်နေမှု စတင် လုပ်ဆောင်ခဲ့သည်။ မေလ ၃၀ ရက်နေ့တွင် တမူးခရိုင် တာဝန်ရှိသူများက ဆက်လက် မပြုလုပ်ရန် ကန့်ကွက်ခဲ့ပြီးနောက် ရပ်တန့်သွားကာ ဇွန်လ ၇ ရက်နေ့နှင့် ဒီဇင်ဘာလ ၆ ရက်နေ့ တို့တွင် ပြန်လည် ပြုလုပ်လာခဲ့ ခြင်းဖြစ်သည်။
ကန့်ကွက်စာများ ပေးပို့သော်လည်း ရပ်တန့်ခြင်း မရှိသဖြင့် ဒီဇင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် အဆိုပါမြေပြုပြင်မှုအား ဦးဆောင်နေသော အိန္ဒိယနိုင်ငံမှ အမှတ်(၉) အာသံတပ်ရင်းမှူးနှင့် တွေ့ဆုံ ကာ ကန့်ကွက် ပြောဆိုခဲ့သော်လည်း မြေပြုပြင်မှုအား ရပ်တန့်မသွားပေ။
"ဒီလိုလုပ်ဆောင်တာ အိန္ဒိယ ဗဟိုအစိုးရက လုပ်ဆောင်တာ ပါတဲ့။ သူ့တာဝန်က ဒီလုပ်ငန်းခွင်က အလုပ်သမားတွေနဲ့ နယ်စပ် လုံခြုံရေးကို ကာကွယ်ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် သူ ဘာမှ မတတ်နိုင်ဘူး လို့ ပြောတယ်" ဟု တမူးခရိုင် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်ဇောလင်းက ပြောဆိုသည်။
ဒီဇင်ဘာလ ၁၄ ရက်မှ ၂၀ ရက်အထိ ရပ်နားခြင်း မရှိဘဲ ဆက်လက် လုပ်ဆောင်နေသဖြင့် တမူးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးမှ အိန္ဒိယနိုင်ငံ၊ ချန်ဒရယ် ခရိုင်ဝန်၊ အာသံ(၉) တပ်ရင်းမှူး၊ မိုးရေးမြို့နယ် အုပ်ချုပ်ရေးမှူး၊ ခရိုင်ခွဲရဲဝန် တို့ထံသို့ ကန့်ကွက်စာများ ပေးပို့ခဲ့ပြီး ဒီဇင်ဘာလ ၂၅ ရက်နေ့အထိ ကန့်ကွက်စာ ၁၃ ကြိမ်၊ လူကိုယ်တိုင် တွေ့ဆုံမှု သုံးကြိမ်ရှိပြီ ဖြစ်ကြောင်း၊ အကြိမ်ကြိမ် ကန့်ကွက်နေသည့် အနေအထားတွင် အိန္ဒိယနိုင်ငံမှ ဆက်လက် လုပ်ဆောင်နေခြင်းမှာ နှစ်နိုင်ငံ ချစ်ကြည်ရေးကို အလေးမမူသည့် လုပ်ရပ် ဖြစ်သည်ဟု ယူဆရကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
အိန္ဒိယအစိုးရ အနေနှင့် အပြည်ပြည်ဆိုင်ရာ နယ်နိမိတ် ဥပဒေအား လေးစား လိုက်နာပြီး မြန်မာ့ပိုင်မြေအပေါ် ကျူးကျော်နေမှုအား လက်ခံနိုင်ခြင်း မရှိကြောင်း ပြသသည့် အနေဖြင့် တမူးနှင့် ကလေးခရိုင်တို့မှ လူအင်အား နှစ်ထောင့်နှစ်ရာ ခန့်သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ယင်းနယ်စပ်မှ တမူးမြို့ ကဘော်ချိုင့်ဝှမ်းမြို့တော် ဆိုင်းဘုတ်အထိ လျှောက်ကာ နိုင်ငံတော်သီချင်း သီဆိုခြင်း၊ မြန်မာ-အိန္ဒိယ ချစ်ကြည်မှု မပျက်ပြားစေရေး၊ မြန်မာနိုင်ငံ နယ်နိမိတ် ကျူးကျော်မှု ရပ်ဆိုင်းရေး၊ အပြည်ပြည်ဆိုင်ရာ နယ်နိမိတ် ဥပဒေ လေးစားလိုက်နာရေး၊ ကဘော်သူ၊ ကဘော်သားများ စည်းလုံးညီညွှတ်ရေး စသည့်အချက်များ ပါဝင်သော မြန်မာ- အင်္ဂလိပ် နှစ်ဘာသာ ဆိုင်းဘုတ်များ ကိုင်ဆောင် ကြွေးကြော်ခဲ့ကြသည်။ "အိန္ဒိယအစိုးရနဲ့ အိန္ဒိယပြည်သူ တွေကို မုန်းတီးလို့ မဟုတ်ဘူး။ နယ်စပ် ကိစ္စနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေမှုကို မနှစ်သက်လို့။ အဓိကကတော့ အငြင်းပွား မှတ်တိုင် ဘီပီ-၇၈ နားမှာ စွန့်ပစ်မြေစာ တွေက ကျွန်တော်တို့ဘက်ကို ရောက်ရှိနေလို့။ ဒါကို ရပ်ဆိုင်းစေဖို့ အတွက်ပါ" ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သူ တမူးလူငယ် ကွန်ရက်မှ ဦးခင်မောင်လှက ပြောသည်။
တမူး၊ ကလေး၊ ကလေးဝနှင့် မင်းကင်းမြို့တို့ ပါဝင်သော မိမိတို့ ကဘော် ဒေသမှာ အိန္ဒိယနှင့် မသက်ဆိုင်ဘဲ မြန်မာ အစိုးရ၏ အချုပ်အခြာ အာဏာအောက်တွင် တည်ရှိကြောင်း၊ ယင်းကဲ့သို့ ကျူးကျော်မှု များကို မတားဆီးနိုင်ဘဲ ၄င်းတို့လက်သို့ ရောက်ရှိသွားခဲ့မည် ဆိုလျှင် လာမည့် နောင်အနာဂတ် ကာလများတွင် ကဘော်ဒေသနေ ပြည်သူများအတွက် မိမိတို့အစိုးရ အုပ်ချုပ်မှုအောက်တွင် လွပ်လပ်စွာ နေထိုင် ခဲ့ရသည်များကို အိပ်ရာဝင်ပုံပြင် အဖြစ် ပြောဆိုနေရမည် ဖြစ်ကြောင်း တမူးမြို့ နန်းဖာလုံဈေးမှ ဦးအောင်ဇော်လင်းက သူ့အမြင်အား ပြောဆိုသည်။
ထိုကဲ့သို့ ဒေသခံများ ဆန္ဒထုတ် ဖော်ပြီးချိန်တွင် တမူးခရိုင်အဆင့် တာဝန် ရှိသူများသည် အမှတ်(၉) အာသံတပ်ရင်းမှူးထံ သွားရောက် တွေ့ဆုံကာ ကျူးကျော်မှု ရပ်တန့်ရေးအတွက် ထပ်မံတောင်းဆိုခဲ့ သော်လည်း ဗဟိုအစိုးရ၏ ညွှန်ကြားချက် ရရှိမှသာ ရပ်တန့်နိုင်မည် ဖြစ်ကြောင်း၊ မြန်မာဘက်မှ ပေးပို့သော ကန့်ကွက်စာ များကိုလည်း ဗဟိုအစိုးရထံသို့ ဆက်လက် ပေးပို့ခဲ့ ပါကြောင်း၊ ဗဟိုအစိုးရထံမှ ရပ်ပါ ဟုဆိုလျှင် ငါးမိနစ်မဆိုင်း ရပ်တန့်ပေးမည် ဖြစ်ကြောင်း အဆိုပါ တပ်ရင်းမှူးက ပြောဆိုသည်။
"မြန်မာနိုင်ငံက ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် အိန္ဒိယကို ရောက်တဲ့အခါမှာလည်း ဒါနဲ့ ပတ်သက်ပြီး ဘာမှ မပြောခဲ့ပါဘူး။ ပြောခဲ့ရင် အကျိုးသက်ရောက်မှု ရှိလိမ့်မယ်လို့ ကျွန်တော်တို့ ဘက်က ထင်ပါတယ်" ဟု ၄င်းက ပြောကြားသည်။
ယင်းကဲ့သို့ အောက်ခြေအဆင့်တွင် ထိုကဲ့သို့ ကန့်ကွက်ခြင်း၊ ဆန္ဒထုတ်ဖော်ခြင်း များ ဖြစ်ပေါ်နေ သော်လည်း မြန်မာအစိုးရ ဘက်မှ ဒေသခံများ အပေါ် မည်သည့် မှတ်ချက်မှ မပြောဆိုခြင်း၊ အိန္ဒိယဘက်မှ ဆက်လက် လုပ်ဆောင်နေခြင်းများနှင့် ပတ်သက်၍ နှစ်နိုင်ငံ အစိုးရကြားတွင် နယ်စပ် အငြင်းပွားမြေကိစ္စနှင့် ပတ်သက်ပြီး သဘောတူညီမှု တစ်စုံတစ်ရာ ရရှိပြီးဖြစ်၍ ဖြစ်နိုင်ကြောင်း၊ ထိုသို့မဟုတ်ပါက အစိုးရ ပိုင်းမှ နှုတ်ဆိတ် မနေသင့်ကြောင်း နယ်စပ်အရေး လေ့လာနေသူများက ထောက်ပြ ပြောဆိုသည်။
၁၉၇၆ ခုနှစ်မှ ၂၀၁၃ ခုနှစ်ထိ နှစ် ၅၀ နီးပါး အငြင်းပွားမှု မပြေလည်နိုင် သေးသော နယ်စပ်နယ်နိမိတ် ကိစ္စနှင့် ပတ်သက်၍ အဓိက ဖြစ်ပေါ်နေသော ပြဿနာမှာ တည်နေရာ အတည်တကျ မသတ်မှတ်နိုင်သေးခြင်း ဖြစ်သည်။ နှစ်နိုင်ငံ နယ်စပ်မြေပုံ များအရ အင်္ဂလိပ်အစိုးရ လက်အောက်မှ လွတ်မြောက်စဉ်က ရှိခဲ့ပြီး၊ စိုက်ထူခဲ့ပြီးသော နယ်စပ်ကျောက်တိုင်များ အရ အိန္ဒိယအစိုးရက သတ်မှတ်လိုသည်။
မြန်မာအစိုးရ ဘက်မှ ၁၉၆၇ ခုနှစ် က နှစ်နိုင်ငံ သဘောတူ ချုပ်ဆိုခဲ့သော နယ်နိမိတ် စာချုပ်ပါ မြေပုံနှင့် ကွင်းဆင်း တိုင်းတာချက်များ အရသာ စိုက်ထူရန် လိုလားနေသဖြင့် မပြေလည်သေးခြင်း ဖြစ်ကြောင်း နယ်စပ်ဒေသ တာဝန်ရှိသူများက ပြောကြားသည်။
အပြည်ပြည်ဆိုင်ရာ နယ်နိမိတ် ဥပဒေ အရ နယ်စပ်ဒေသ များတွင် အဆောက်အအုံ နှင့် ခြံစည်းရိုးများ ပြုလုပ်မည်ဆိုလျှင် နှစ်နိုင်ငံ သဘောတူညီ သတ်မှတ်ထားသော နယ်စပ် နယ်နိမိတ် ကျောက်တိုင်မှ မိမိနိုင်ငံပိုင် မြေအတွင်း ၁၀ မီတာ အကွာအဝေးတွင်သာ စတင် လုပ်ဆောင်ရမည် ဖြစ်သည်။
ယင်းမှတ်တိုင်များ သတ်မှတ်ရန် အမှတ်တစ်ခုနှင့် တစ်ခု အတည်ဖြစ်ရန် အတွက်ပင် အနည်းဆုံး တစ်လခန့် ကြာမြင့်သော အနေအထားတွင် မြန်မာ-အိန္ဒိယ နယ်စပ်၊ တမူးခရိုင်အတွင်း အငြင်းပွား နေရာ မှတ်တိုင် (၉)တိုင်ပင် ကျန်ရှိနေသေး ပေသည်။ ယင်းနေရာများသို့ နှစ်နိုင်ငံ မြေတိုင်းအဖွဲ့ တို့မှ အကြိမ်ကြိမ် ကွင်းဆင်း တိုင်းတာမှုများ ပြုလုပ်ခဲ့ကြသော်လည်း ယနေ့အထိ သတ်မှတ်နိုင်သေးခြင်း မရှိပေ။
အလျားတစ်မိုင်ခန့် ရှိမည့် စွန့်ပစ် မြေစာပုံများအား တစ်ရက်လျှင် ခြောက်ပေခန့် မြင့်မားအောင် ပြုလုပ်နေသဖြင့် အနိမ့်ပိုင်းကျသော မြန်မာ့မြေဘက်တွင် လည်း အနည်းဆုံး ငါးပေခန့်ထိ ကျူးကျော် ဝင်ရောက်နေပြီ ဖြစ်သော်လည်း အိန္ဒိယ ဘက်မှ လုပ်ငန်းတည်ဆောက်နေခြင်းအား ရပ်ဆိုင်းမှု မရှိသေးပေ။
မည်သို့ပင်ဖြစ်စေ အိန္ဒိယဘက်မှ ဆက်လက် လုပ်ဆောင်နေသေးလျှင် မြန်မာ ဘက်မှလည်း ဆက်လက် ကန့်ကွက်နေဦးမည် ဖြစ်သကဲ့သို့ ကျူးကျော်နေမှု ရပ်ဆိုင်းရန် ဆန္ဒထုတ်ဖော်မည့် အဖွဲ့အစည်းများ ကလည်း ရှိနေပေသည်။
ဤသို့ဖြင့် ဒေသခံများ စိုးရိမ်နေ သကဲ့သို့ မြန်မာ့ပိုင်မြေများ တိုင်းတစ်ပါး လက်သို့ ဆုံးရှုံး ပါဝင်သွားမည့် အရေးကို ကာကွယ်တားဆီးရန်မှာ နှစ်နိုင်ငံ နယ်စပ်ဒေသရှိ အောက်ခြေအဆင့် အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေး အဖွဲ့အစည်း များနှင့်သာ သက်ဆိုင်နေသလော၊ နှစ်နိုင်ငံ အကြီးအကဲများတွင် တာဝန်ရှိသလော ဆိုသည်ကို မေးခွန်းထုတ်စရာ ဖြစ်လာသည်။
မြန်မာ-အိန္ဒိယ နယ်စပ်တွင် ဖြစ်ပေါ်နေသော နယ်စပ်နယ်နိမိတ် ပြဿနာများ

၁။ ၂၀၁၃ ခုနှစ် မေလတွင် မြန်မာ-အိန္ဒိယ နယ်စပ်နယ်နိမိတ် တိုင်းတာမှု မပြီးပြတ် သေးသည့် နယ်စပ်နယ်နိမိတ် ကျောက်တိုင် ဘီပီ ၇၆ အနီးတွင် အိန္ဒိယနိုင်ငံမှ ဟောင်လင်းဖိုင်(ခ) မန်ကန်ရွာသစ် တည်ဆောက်ရာတွင် နေအိမ်များသည် မြန်မာ-အိန္ဒိယ နယ်စပ် နယ်နိမိတ် တိုင်းတာမှု မပြီးပြတ်သေးသည့် မြေနေရာတွင် ဆောက်လုပ်လာသည်။

၂။ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်နိမိတ် မှတ်တိုင်အမှတ် ဘီပီ-၇၇ နှင့် ၇၈ ကြား နှစ်နိုင်ငံနယ်နိမိတ် တိုင်းတာမှု အတည် မပြုရသေးသည့် နေရာတွင် အိန္ဒိယနိုင်ငံမှ အစိုးရဌာန ဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်ရန် အတွက် မြေထိုးစက်၊ မြေသယ်ယာဉ်များဖြင့် ၂၀၁၃ ခုနှစ် မေလ ၂၉၊ ၃၀ ရက်တို့မှ စတင်ကာ မြေညှိခြင်း လုပ်ငန်းများကို ယနေ့အထိ လုပ်ဆောင်နေသည်။

၃။ မြန်မာ-အိန္ဒိယ နယ်နိမိတ်မှတ်တိုင် အမှတ် ဘီပီ ၈၂ နှင့် ၈၃ ကြား မြန်မာနိုင်ငံ နယ်စပ်မှ အိန္ဒိယနိုင်ငံ နောင်ကမ်ရွာသစ်သည် နေအိမ်နှစ်လုံးနှင့် ကျေးရွာဆိုင်းဘုတ် ၁၀ x ၂ ပေခန့် မြန်မာနိုင်ငံ အတွင်းသို့ ကျရောက်နေကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် အမှတ်(၈၇) ခြေလျင်တပ်ရင်းမှူး ဦးစီးအဖွဲ့ ကွင်းဆင်းစစ်ဆေးမှုအရ တွေ့ရှိရသဖြင့် တမူးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ၆-၁၂-၂၀၁၃ ရက်စွဲပါ စာအမှတ် ၃/၂၂-၁(၂၆၃၅)/ဦး၁ ဖြင့် ချန်ဒရယ်ခရိုင်ဝန်၊ အာသံ(၉) တပ်ရင်းမှူး၊ မိုးရေးမြို့နယ် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲဝန် တို့ထံ ဖယ်ရှားပေးရန် ကန့်ကွက်စာ ပေးပို့ ထားခဲ့သည်။ ကန့်ကွက်စာ ပေးပြီးနောက်ပိုင်း နေအိမ်တိုးချဲ့ ဆောက်လုပ်လာခြင်း မရှိသော်လည်း မြန်မာပိုင်နယ်မြေ အတွင်း ယခင် ဆောက်လုပ်ထားသော နေအိမ်များ နှင့် ကျေးရွာဆိုင်းဘုတ်ကို ယခုအချိန်ထိ ပြန်လည်ဖယ်ရှားပေးခြင်း မရှိသေးပေ။

၎။ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်နိမိတ် မှတ်တိုင်အမှတ် ဘီပီ ၇၉ နှင့် ဘီပီ ၈၁ ကြားတွင် အိန္ဒိယနိုင်ငံမှ ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှ စတင်၍ အရွယ်အစား အကျယ် ၁၇ ပေခန့်ရှိ ကွန်ကရစ်ကြမ်းခင်းတွင် အမြင့်ကိုးပေရှိ သံတိုင်သုံးတန်း စိုက်ထားပြီး သံတိုင် သုံးတန်းကြား ကွက်လပ်တွင် သံဆူးကြိုးလိပ်များ ထည့်သွင်း၍ နယ်စပ်ခြံစည်းရိုး ပြုလုပ်နေခြင်းသည် နှစ်နိုင်ငံ ကျွမ်းကျင်ပညာရှင်များ ပူးတွဲတိုင်းတာ အတည်ပြုပြီးမှ ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပြီး ဘီပီ ၇၉ မှ ဘီပီ ၈၀ အထိကို အိန္ဒိယဘက်မှ ခြံစည်းရိုး ကာရံဆောင်ရွက်ခဲ့သည်။
နှစ်နိုင်ငံ ပူးတွဲ ကွင်းဆင်းတိုင်းတာရေး အဖွဲ့က ၂၇-၂-၂၀၁၃ မှ ၂၁-၃-၂၀၁၃ ရက်ထိ ပူးတွဲတိုင်းတာ၍ ပူးတွဲ ထုတ်ပြန်သော အစီရင်ခံစာတွင် ယာယီအမှတ် အသား ၄-က နှင့် ၄-ခ ကြားရှိ ခြံစည်းရိုး ၅ ဒသမ ၃၄ မီတာသည် အဆောက်အအုံ မဆောက်လုပ်ရ ၁၀ မီတာဇုန်အတွင်း ကျရောက်ခြင်း၊ အာသံရိုင်ဖယ် တပ်ကင်းစခန်း အုတ်တံတိုင်း ၃၃ ဒသမ ၇၈ မီတာသည် အဆောက်အအုံ မဆောက်လုပ်ရ နယ်မြေအတွင်း ကျရောက်ခြင်း၊ ယာယီ အမှတ်အသား ၈-က နှင့် ၈-ဃ ကြား ခြံစည်းရိုး ၁၇ ဒသမ ၇ မီတာသည် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ကျရောက်ခြင်း၊ ၈-ဂ နှင့် ၁၀-ခ ကြား ခြံစည်းရိုး ၄၉ မီတာသည် အဆောက်အအုံ မဆောက်လုပ်ရ နယ်မြေအတွင်း ကျရောက်ခြင်း၊ ယာယီအမှတ်အသား ၈-ဃ မှ ၆၉ ဒသမ ၂၀ မီတာအကွာတွင် စိုက်ထူထားသည့် ဆိုလာစနစ်သုံး မီးတိုင်သည် မြန်မာနယ်မြေ အတွင်း ကျရောက်ခြင်း၊ ယာယီအမှတ်အသား ၁၃နှင့် ၁၄ ကြား ဖောက်လုပ်ထားသော မြေသားလမ်းသည် မြန်မာနိုင်ငံ အတွင်း ကျရောက်ခြင်း၊ ဂေါဘာယံရွာမှ နေအိမ်လေးလုံး၊ ခရစ်ယာန် ဘုရားကျောင်း တစ်ကျောင်း တို့သည် အဆောက်အဦ မဆောက်လုပ်ရ နယ်မြေအတွင်း ကျရောက်ခြင်း၊ နေအိမ်သုံးလုံးသည် နယ်စပ်မျဉ်း ပေါ်သို့ ကျရောက်နေပြီး နေအိမ်ငါးလုံးသည် မြန်မာနယ်မြေ အတွင်း ကျရောက်ခြင်း စသည့် အချက်အလက်များကို အိန္ဒိယနိုင်ငံမှ ယနေ့တိုင် အရေးယူ ဆောင်ရွက်ပေးမှု မရှိကြောင်း တွေ့ရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis