menu

Saturday 21 December 2013

ဆီးဂိမ်းစ်ပြိုင်ပွဲ ပိတ်ပွဲလက်မှတ် မှောင်ခိုဈေးနှုန်း ကျပ် ၆၀၀၀၀ အထိ ရောက်ရှိ


ဆီးဂိမ်းစ်ဖွင့်ပွဲ ခမ်းနားမှုအပေါ် မူတည်၍ ပိတ်ပွဲအခမ်းအနားအား လာရောက်ကြည့်ရှုရန် ပရိသတ်များ စိတ်ဝင်စားသော်လည်း လက်မှတ်များ ကုန်သွားသဖြင့် ပြင်ပမှောင်ခို ပေါက်ဈေး ငွေကျပ် ၆၀၀၀၀ ၀န်းကျင် ဈေးရှိနေကြောင်း သိရသည်။

ပိတ်ပွဲအခမ်းအနား ကျင်းပမည့် ၀ဏ္ဏသိဒ္ဓိ ဘောလုံးကွင်းသည် ထိုင်ခုံအရေအတွက် ပရိသတ် ၃၀၀၀၀ ဆံ့သာ ဖြစ်သည့်အတွက် အများပြည်သူ ကြည့်ရှုနိုင်ရန် လက်မှတ်အရေအတွက် ၈၀၀၀ ကျော်ကိုသာ ရောင်းချပေးခဲ့ပြီး ဖြစ်ကြောင်း အားကစားဌာနမှ အဆင့်မြင့် အရာရှိကြီး တစ်ဦးက ဒီဇင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

''ကျွန်တော်တို့ အများပြည်သူကို ရောင်းထားပြီးတဲ့ ပိတ်ပွဲလက်မှတ် အရေအတွက်က ၈၀၀၀ ကျော်လောက် ရှိမယ်။ ကျွန်တော်တို့က လက်မှတ်ရောင်းတာတွေကို ကျွန်တော်တို့ အားကစား ၀န်ကြီးဌာန လက်အောက်မှာရှိတဲ့ အား/ကာ ဦးစီးဌာနကနေပဲ ကိုင်တွယ်တာ မဟုတ်ပါဘူး။ သက်ဆိုင်ရာ ၀န်ကြီးဌာန အသီးသီးအနေနဲ့ ကော်မတီတွေခွဲပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အများပြည်သူအတွက် လက်မှတ်တွေကတော့ ကုန်သွားပါပြီ။ ဒါပေမဲ့ ပြည်ပပရိသတ်တွေ အတွက် ခွဲတမ်းချပေးထားတဲ့ ဒေါ်လာ ၃၀ တန်၊ ၅၀ တန် လက်မှတ်တွေတော့ ရောင်းဖို့ ကျန်ပါသေးတယ်'' ဟု အဆိုပါ အဆင့်မြင့် အရာကြီးရှိက ဆိုသည်။ အဆိုပါ ပိတ်ပွဲလက်မှတ်များကို နိုဝင်ဘာ ၁၈ ရက်မှ စတင်ရောင်းချ ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။



ထို့ပြင် ပြီးခဲ့သည့် ဖွင့်ပွဲအခမ်းအနားတွင် ပြည်တွင်း၊ ပြည်ပ မီဒီယာများအတွက် ၀င်ခွင့်လက်မှတ် စောင်ရေ ၃၀၀ သာ ရရှိခဲ့ပြီး လက်မှတ် မရရှိခဲ့မှုကြောင့် ၀င်ခွင့်မရရှိသည့် မီဒီယာ အဖွဲ့များ ရှိခဲ့သည်။ ထို့ကြောင့် ယခုပိတ်ပွဲတွင် လက်မှတ်စောင်ရေ ၅၀၀ အထိ တိုးမြှင့်စီစဉ် ထားသည်ဟု သိရသည်။

နေပြည်တော် ဒေသခံ ကိုရန်နိုင်မိုးက ''ကျွန်တော်တို့ နေပြည်တော်မှာ လုပ်ခဲ့တဲ့ ဆီးဂိမ်းစ်ဖွင့်ပွဲက မထင်မှတ်ထားဘဲ တော်တော်ခမ်းနားစွာ ကျင်းပခဲ့တာ တွေ့ရတယ်။ အဲဒီအတွက် ပိတ်ပွဲသွားကြည့်ဖို့ ကျွန်တော် အပါအ၀င် နေပြည်တော် ဒေသခံတွေ တော်တော်များများ သွားကြည့်ဖို့ စိတ်အားထက်သန် နေကြပါတယ်။ အဲဒီအတွက် နေပြည်တော်မှာ လက်မှတ်ဝယ်ဖို့ စုံစမ်းကြည့်တော့ ကုန်ပြီလို့ သိရတယ်။ ရောင်းသွားတဲ့ နေရာက မြို့မဈေးမှာလို့ သိရတယ်။ ကျွန်တော်တင် မကပါဘူး။ နေပြည်တော် ဒေသခံတွေ တော်တော်များများ လက်မှတ်တွေ ရောင်းပြီးသွားတာ မသိလိုက်ရဘူး'' ဟု ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် နေပြည်တော်နှင့် ရန်ကုန်မြို့များတွင် လက်မှတ်မှောင်ခို ဈေးနှုန်းများမှာ နေရာအပေါ် မူတည်ကာ ငွေကျပ် ၅၀၀၀၀ ကျော်မှ ၆၀၀၀၀ ကျော်အထိ ပေါက်ဈေးရှိကြောင်း သိရသည်။

ဆီးဂိမ်းစ်ပိတ်ပွဲ အခမ်းအနားကို နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိကွင်းတွင် ဒီဇင်ဘာ ၂၂ ရက်၌ ပြုလုပ်မည်ဟု သိရသည်။

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis