menu

Monday 23 December 2013

ထိုင်းအစိုးရ ဖြုတ်ချရေး ဧရာမ ဆန္ဒပြပွဲကြီး ပြုလုပ်ရန် အတိုက်အခံတို့ ပြင်ဆင်

Photo: ထိုင်းအစိုးရ ဖြုတ်ချရေး ဧရာမ ဆန္ဒပြပွဲကြီး ပြုလုပ်ရန် အတိုက်အခံတို့ ပြင်ဆင်

ဘန်ကောက်၊ ဒီဇင်ဘာ ၂၂ 

ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ဦးဆောင်သော အစိုးရ ဖြုတ်ချရေးအတွက် အတိုက်အခံ အင်အားစုများက မြို့တော် ဘန်ကောက်တွင် စီတန်းလှည့်လည် ဆန္ဒပြမှုများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

လာမည့် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ် ပေးမည်ဟု ထိုင်းအစိုးရ၏ ကြေညာချက်ကို ဆန့်ကျင် သပိတ်မှောက်ကြောင်း အတိုက်အခံတို့က စနေနေ့တွင် ထုတ်ဖော် ပြောဆိုခဲ့ပြီးနောက် လူထု ဆန္ဒပြပွဲကြီးတစ်ရပ် ထပ်မံပြုလုပ်ရန် စီစဉ်ခြင်း ဖြစ်သည်။ 

ဆန္ဒပြ ခေါင်းဆောင်များက အဆိုပါ ဆန္ဒပြပွဲသို့ ထိုင်းလူမျိုး ထောင်ပေါင်း များစွာ ပါဝင် လာကြလိမ့်မည်ဟု ယုံကြည်လျက် ရှိသည်။ 

ထိုင်းဝန်ကြီးချုပ် ယင်းလပ်က ဘန်ကောက်မြို့တော်တွင်း ဆန္ဒပြမှုများနှင့် အဓိကရုဏ်းများ ဖြစ်ပေါ်ခြင်းကို ရှောင်ရှားနိုင်ရေးအတွက် ပါလီမန် လွှတ်တော်ကို ဖျက်သိမ်းပေးပြီး ရွေးကောက်ပွဲသစ် တစ်ရပ် ကျင်းပမည်ဟု ဆိုထားသော်လည်း အဆိုပါ ကိစ္စကို အတိုက်အခံတို့က လက်မခံဘဲ အစိုးရ တစ်ဖွဲ့လုံး နုတ်ထွက်ပေးရန်သာ ဖိအားပေး တောင်းဆိုကြသည်။ 

ဝန်ကြီးချုပ် ယင်းလပ်သည် ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲတွင် ဒီမိုကရေစီ နည်းလမ်းတကျ အနိုင်ရရှိ ခဲ့သော်လည်း ၎င်း၏ အစိုးရအဖွဲ့သည် ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ ရုပ်သေးရုပ်မျှသာ ဖြစ်သည်ဟု ဆန္ဒပြ ခေါင်းဆောင်များက စွပ်စွဲ ပြောဆိုကြသည်။ 

ယခုထပ်မံ ကျင်းပပြုလုပ်မည့် ဆန္ဒပြပွဲကြီးသည် ယင်းလပ်ရှင်နာဝပ်နှင့် သူမ၏ အစိုးရအဖွဲ့အပေါ် ဖိအားများစွာ ပေးနိုင်လိမ့်မည်ဟု မျှော်လင့် ထားကြောင်း ဆန္ဒပြ ခေါင်းဆောင် ဆူတက်တာဆူဘန်က ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောကြားသည်။ 

ထိုင်းနိုင်ငံ အခြေစိုက် BBC သတင်းထောက် အဆိုအရ ဆန္ဒပြသူများသည် ဘန်ကောက်မြို့တော်၏ အဓိက နေရာများတွင် ပိတ်ဆို့ ဆန္ဒပြခြင်းဖြင့် စီးပွားရေး လုပ်ငန်းများအားလုံး ရပ်ဆိုင်းသွားအောင် လုပ်ရန် စီစဉ်ထားကြသည်။ 

လတ်တလော ဖြစ်ပေါ်နေသည့် နိုင်ငံရေး အကွဲအပြဲ ဇာတ်လမ်းများက ထိုင်းနိုင်ငံတွင်း ပြည်တွင်းစစ် ဖြစ်မည့် အခြေအနေသို့ ဆိုက်ရောက် သွားနိုင်သည်ဟု ထိုင်းစစ်တပ်က သတိပေး ပြောကြားထားသည်။

ထိုင်းဝန်ကြီးချုပ် ယင်းလပ်ကမူ “လတ်တလော အနေအထားမှာ အစိုးရကို ဆန့်ကျင်တဲ့ အုပ်စုတွေ အရမ်းများနေပါတယ်။ အကောင်းဆုံး နည်းလမ်းကတော့ အာဏာကို ပြည်သူတွေ လက်ထဲ ပြန်ထည့် ပေးပြီး ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးပဲ ဖြစ်ပါတယ်။ အဲဒီတော့ ပြည်သူလူထုကပဲ အဆုံးအဖြတ် ပေးပါလိမ့်မယ်” ဟု ထုတ်ဖော် ပြောဆိုထားသည်။  

သို့သော် အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်နှင့် ယခင် ဝန်ကြီးချုပ်ဟောင်း ဖြစ်သူ အဘီဆစ်ဝိချာချီဝက လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မှု မပြုရန် ပါတီဝင်များက သဘောတူညီမှု ရရှိထားပြီ ဖြစ်သည်ဟု စနေနေ့တွင် ပြောဆိုခဲ့သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis