menu

Monday 14 October 2013

လူပွဲစားများကြောင့် ထိုင်းငါးဖမ်းလှေပေါ် ရောက်ရှိသွားသော မြန်မာရေလုပ်သားနှင့်တွေ့ဆုံခြင်း

“အမေ့နောက်ကို လိုက်သွားတာ အမေနဲ့မတွေ့ဘဲ ပွဲစားက ရောင်းစား လိုက်တာ”

(ရဲနိုင်ဦး)


လူပွဲစားများကြောင့် ထိုင်းငါးဖမ်းလှေပေါ် ရောက်ရှိရာမှ အင်ဒိုနီးရှားနိုင်ငံ ဆာဘန်းဆိပ်ကမ်းမြို့ရှိ ထိန်းသိမ်းရေး စခန်းတွင် ထိန်းသိမ်းခံရသည့် မြန်မာရေလုပ်သား ၃၇ ဦးသည် အောက်တိုဘာ ၉ ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာရာ ၎င်းတို့အထဲမှ အသက် ၂၁ နှစ်ရှိ ရေလုပ်သား နေမင်းအောင်နှင့် The Voice က တွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။

Voice ။ ။ ပြည်ပ မရောက်ခင် အစ်ကိုက ဘယ်မှာနေတာလဲ။
NMA ။ ။ ဇာတိက ကော့သောင်းပါ။ နေတာ ကလည်း ကော့သောင်းမြို့နယ်၊ ရွှေမင်းဝံ ရပ်ကွက် (၄) လမ်းပါ။


Voice ။ ။ ငါးဖမ်းလုပ်ငန်း အတွေ့အကြုံရှိလား။ အရင်က ဘာလုပ်ဖူးလဲ။

NMA ။ ။ အတွေ့အကြုံ မရှိပါဘူး။ အရင်ကတော့ ကော့သောင်းက စတိုးဆိုင်မှာ လုပ်ဖူးတယ်။ တစ်လ နှစ်သောင်းကျပ် ရတယ်။

Voice ။ ။ ဘယ်လိုဖြစ်ပြီး ဟိုဘက် ရောက်သွားတာလဲ။

NMA ။ ။ အမေက ထိုင်းနိုင်ငံ ရနောင်းမြို့မှာ အလုပ်လုပ်နေတယ်။ ကျွန်တော်တို့ လိုက်လာမယ်ဆိုပြီး အမေ့ကို ဖုန်းဆက်ထားတယ်။ ကော့သောင်းက ညီအစ်ကို သုံးယောက် အမေ့ဆီကို လိုက်သွားရင်း လေဆိပ်မှာ ပွဲစားက လက်ဆွဲခေါ်လို့ လူစု ကွဲသွားကြတယ်။ ကျွန်တော်နဲ့ ညီလေး တစ်ယောက်ကို အဲဒီပွဲစားက အမေ့ဆီ လိုက်ပို့မယ် ပြောတယ်။ ဒါနဲ့ အဖြူရောင်ကားနဲ့ ကတန်မြို့ထိ ခေါ်သွားကြတယ်။ ပြီးတော့ ဟိုမှာ ကျွန်တော်တို့ကို ထိုင်းဘတ်ငွေ ၂၆၀၀၀ နဲ့ ထိုင်းသူဌေးဆီ ရောင်းစားတယ်။ အမေ့နောက်ကို လိုက်သွားရင်း အမေနဲ့ မတွေ့ဘဲ ပွဲစားက ရောင်းစားလိုက်တာ။ ပြောရမယ် ဆိုရင် လူလိမ်လူညာတွေပေါ့။ အဲဒီငွေကို ကျွန်တော်က ထိုင်းသူဌေးကို ပြန်ဆပ်ရတယ်။

Voice ။ ။ ပြည်ပမှာ ဘယ်လောက် ကြာခဲ့လဲ။

NMA ။ ။ ၂၀၁၀ ပြည့်နှစ်ကစပြီး ဟိုဘက် ရောက်သွားတာ။ အားလုံးပေါင်း ၃ နှစ်နီးပါး လောက် ရှိမယ်။

Voice ။ ။ အဖမ်းခံရပုံ အသေးစိတ်လေး ပြောပြပါဦး။

NMA ။ ။ ငါးလပိုင်း ၁၅ ရက်နေ့ ညနေ ၆ နာရီလောက်ပေါ့။ ငါးဖမ်းလှေ လိုက်ရင်း အဖမ်းခံရတာပဲ။ အလုပ် စလုပ်လုပ်ချင်းတော့ ငါးခိုးဖမ်းလှေမှန်း မသိဘူး။ သူတို့က အင်ဒိုနီးရှား ရေပြင်ထဲ ငါးဝင်ဖမ်းတယ်။ အင်ဒိုနီးရှား ရေတပ်နဲ့တွေ့တော့ အားလုံး အဖမ်းခံရတယ်။

Voice ။ ။ ငါးခိုးဖမ်းလှေမှန်း ဘယ်အချိန်လောက်မှ သိလဲ။

NMA ။ ။ ရောက်ရောက်ချင်းတော့ မသိဘူး။ စီမံကိန်းလို့ပဲ ထင်နေတာ။ သုံးလ လောက် ကြာတော့မှ သူတို့လှေတွေက ငါးခိုးဖမ်းတဲ့ လှေတွေမှန်း သိတာ။ ပိုင်ရှင်ကတော့ ထိုင်းနိုင်ငံသား သူဌေးပိုင်တာ။

Voice ။ ။ ငါးဖမ်းလှေမှာ မြန်မာ ဘယ်နှယောက်ပါလဲ။

NMA ။ ။ ကျွန်တော်တို့ လှေမှာက အားလုံး ၁၅ ယောက်။ အကုန်လုံး မြန်မာချည်းပဲ။ ထိုင်းနိုင်ငံသားတွေပါတဲ့ လှေဆိုရင်လည်း သူ့လူမျိုးတွေပဲ ထိုင်းသူဌေးက ရွေးသွားတယ်။ ကျွန်တော်တို့ လှေကိုတော့ ထိုင်းသူဌေးက လူလည်း လာမရွေးဘူး။ ဒီအတိုင်း ပစ်ထားခဲ့တယ်။ လှေလည်း လာမရွေးဘူး။

Voice ။ ။ လစာကရော ဘယ်လောက်ရလဲ။

NMA ။ ။ လစာက ဘတ် ၃၆၀၀ ရတယ်။ သူဌေးကိုလည်း ပွဲစားဆီကို ပေးလိုက်ရတဲ့ ဘတ်ငွေ ၂၆၀၀၀ အတွက် ပြန်ဆပ်ရတယ်။

Voice ။ ။ အင်ဒိုနီးရှားမှာ အဖမ်းခံရတော့ ဘယ်လိုနေရလဲ။ အဲဒီမှာရော ဘယ်လောက်ကြာလဲ။

NMA ။ ။ အကျဉ်းထောင် မဟုတ်ဘူး။ ကျွန်တော်တို့ကို လွတ်လွတ်လပ်လပ်ပဲ ထားပါတယ်။ ကျွန်တော်တို့ကိုထားတာ တော်တော်ကောင်းပါတယ်။ ထိန်းသိမ်းရေး စခန်းထဲမှာတော့ သွားလို့လာလို့ ရတယ်။ အဲဒီစခန်းမှာတော့ သုံးလလောက် ကြာတယ်။

Voice ။ ။ ဒီကိုဘယ်လို ပြန်ရောက်တာလဲ။ ဘယ်သူတွေက ပြန်ပို့ပေးတာလဲ။

NMA ။ ။ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကတစ်ဆင့် ပြန်ဖို့ စီစဉ်ပေးတာပါ။

Voice ။ ။ အခုပြန်ရောက်တော့ ဘာလုပ်မယ် စိတ်ကူးလဲ။ ဘယ်ပြန်မှာလဲ။

NMA ။ ။ ကုန်းပေါ်မှာပဲ ရတဲ့အလုပ် လုပ်တော့မယ်။ ကော့သောင်းကိုပဲ ပြန်မယ်။ အခုဆိုလည်း အမေက ကော့သောင်း ပြန်ရောက်နေပြီ ကြားတယ်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis