menu

Tuesday 8 October 2013

ရေပိုင်နက် အငြင်းပွားမှုကို အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျတို့ အုပ်စုဖွဲ့ပြီး ဝင်မစွက်ရန် တရုတ်သတိပေး

Photo: ရေပိုင်နက် အငြင်းပွားမှုကို အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျတို့ အုပ်စုဖွဲ့ပြီး ဝင်မစွက်ရန် တရုတ်သတိပေး

ဘေဂျင်း၊ အောက်တိုဘာ ၇

အရှေ့နှင့် တောင်တရုတ် ပင်လယ်တို့တွင် ဖြစ်ပွားလျက်ရှိသော ရေပိုင်နက် ဆိုင်ရာ အငြင်းပွားမှုများကို အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျတို့ သုံးနိုင်ငံ အုပ်စုဖွဲ့ပြီး ဝင်ရောက် ကြားဝင်ခြင်းမျိုး မပြုလုပ်ရန် တရုတ်အစိုးရက လူသိရှင်ကြား သတိပေးလိုက်ကြောင်း VOA သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် သောကြာနေ့ အောက်တိုဘာ ၄ ရက်နေ့က သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ဂျူလီဘစ်ရှော့၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယိုကီရှီဒါနှင့် အမေရိကန်ဝန်ကြီး ဂျွန်ကယ်ရီတို့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် သုံးပွင့်ဆိုင် တွေ့ဆုံကြပြီး ပင်လယ်ရေကြောင်းဆိုင်ရာ အငြင်းပွားမှုများကိုလည်း ဆွေးနွေးခဲ့ကြသည်။

ယင်းသုံးနိုင်ငံ အုပ်စုဖွဲ့ပြီး ဒေသတွင်း တင်းမာမှုများကို မီးထိုးပေးခြင်းမျိုးကို ရှောင်ရှားရမည်ဟု ဘေဂျင်းအစိုးရက ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံ တရုတ်နှင့် တတိယအကြီးဆုံး ဂျပန်တို့သည် မကြာသေးခင် နှစ်များက အရှေ့တရုတ် ပင်လယ်အတွင်းရှိ ကျွန်းငယ်လေးများ ပိုင်ဆိုင်မှုကို အငြင်းပွားရင်း ဆက်ဆံရေး အေးစက်လျက်ရှိသည်။

ယင်းကျွန်းများကို နှစ်နိုင်ငံလုံးက ၎င်းတို့ ပိုင်ဆိုင်သည်ဟု အတိအလင်း ပြောကြားထားပြီး ဂျပန်က ဆန်ကာကုကျွန်းဟု အမည်ပေးထားကာ တရုတ်တို့က ဒိုင်ယုကျွန်းဟု ခေါ်ကြသည်။

တောင်တရုတ် ပင်လယ်ဘက် အခြမ်းတွင်လည်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်းတို့နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်များ ရှိဖွယ် အနေအထားရှိသည့် ရေပိုင်နက် ကျွန်းပိုင်နက် အငြင်းပွားမှုများ ရှိနေသည်။
“အမေရိကန်ပြည်ထောင်စု၊ ဂျပန်နဲ့ သြစတြေးလျတို့ဟာ မဟာမိတ်တွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ ဒီအချက်ကိုသုံးပြီး နယ်နိမိတ် အငြင်းပွားမှုထဲကို ကြားဝင်လို့ မရပါဘူး” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဟွာချန်ယင်းက ပြောကြားသည်။

ယင်းသို့ ကြားဝင်ရန် ကြိုးစားခဲ့လျှင် အခြေအနေများ ပိုပြီးရှုပ်ထွေးကာ ပတ်သက်သော နိုင်ငံများ၏ အကျိုးစီးပွားများကိုလည်း ထိခိုက်နိုင်ကြောင်း မဒမ်ဟွာက သတိပေး ပြောကြားသွားသည်။

အမေရိကန်-ဂျပန်-သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးအဆင့် သုံးပွင့်ဆိုင် အစည်းအဝေးက ပူးတွဲကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဆိုပါ ကြေညာချက်တွင် အရှေ့တရုတ်ပင်လယ် ပြဿနာအား အများမပါဝင်ဘဲ တစ်နိုင်ငံတည်းက ဖြေရှင်းရန် ကြိုးစားခြင်းကို ဆန့်ကျင်ကြောင်း၊ ပိုင်ဆိုင်သည်ဟု အခိုင်အမာ ပြောဆိုထားသော နိုင်ငံများ အနေနှင့်လည်း ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် ပြုလုပ်သည့် အပြုအမူများကို ရှောင်ရှားသင့်ကြောင်း ထည့်သွင်း ရေးသားထားသည်။

တရုတ်ရေတပ်အင်အား တိုးချဲ့နေမှုကို ဒေသတွင်း အငြင်းပွား နိုင်ငံများက စိုးရိမ်တကြီး စောင့်ကြည့်မှုများ ရှိနေကြပြီး တရုတ်ကလည်း ၎င်း၏ ရေပြင်ပိုင်နက်အတွက် ငြိမ်းချမ်းစွာ လုံခြုံရေးအင်အား တိုးမြှင့်ခြင်း ဖြစ်ကြောင်း တုံ့ပြန် ပြောဆိုထားဖူးသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis