menu

Saturday 5 October 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ကျား၊ မခွဲခြားမှုများ ပြင်ရန် ခက်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို


နေပြည်တော်၊ အောက်တိုဘာ ၎

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒ ရယူနိုင်ရေး ဆောင်ရွက်နေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပုဒ်မအချို့တွင် ကျား၊ မ ခွဲခြားမှုများ ရှိနေသေးသော်လည်း ပြန်လည် ပြင်ဆင်ရေးတွင် အခက်အခဲများ ရှိကြောင်း လွှတ်တော်တွင်း အမျိုးသမီးများ၏ အကျိုးစီးပွားကို တိုးမြှင့်ဖော်ဆောင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ၌ ပြောကြားသည်။

ယင်းဆွေးနွေးပွဲကို နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် အောက်တိုဘာလ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် ပြုလုပ်ခဲ့ပြီး နိုင်ငံတကာမှ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

တာဝန်ရှိသူများက ကျား၊ မတန်း တူညီမျှရေးကို ထိခိုက်စေသော အခြေခံဥပဒေပါ ပုဒ်မများ၏ အကျိုးဆက်များကို သိရှိသော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှု ရရှိရန် လိုအပ်သော်လည်း ၂၅ ရာခိုင်နှုန်းမှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်နေကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။


“တပ်မတော် ကိုယ်စားလှယ်ထဲမှာ အမျိုးသမီး တစ်ယောက်မှမပါဘူး။ ဒါက အမျိုးသားတွေကို ဆုံးဖြတ်ခိုင်းတဲ့ ပုံစံဖြစ်မနေဘူးလား။ အဲဒါကိုက ကျား၊ မ ခွဲခြားရေး ပုံစံဖြစ်နေပြီ။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်ကိုပြင်ရမယ် အတွင်းမှာကိုက ရှေ့နောက်မညီဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုသည်။

အစိုးရ၏ စစ်မှန်သော ပြုပြင် ပြောင်းလဲမှုများတွင် အမျိုးသမီးများ၏ ပါဝင်မှုပေါ် မူတည်နေပြီး နိုင်ငံတစ်ဝန်း အမျိုးသမီးအားလုံးက ကျား၊ မတန်းတူ အခွင့်အရေးအတွက် တောင်းဆိုသင့်ကြောင်း၊ အမျိုးသမီးများ၏ ပါဝင်မှုသည် နိုင်ငံရေး ကဏ္ဍတွင်သာမက နိုင်ငံရေး ယဉ်ကျေးမှုများ ချမှတ်ပေးနိုင်သည်အထိ တိုးချဲ့သွားရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

မြန်မာ့လူ့အဖွဲ့အစည်းနှင့် ဓလေ့ထုံးစံအရ အမျိုးသမီးများ၏ ရပ်တည်မှုအတွက် ရင်ဆိုင်ရမည့် အခက်အခဲမှာ အမျိုးသားများထက် ပိုခက်ခဲသော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင် ပြဋ္ဌာန်းရန် မလိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက The Voice သို့ ပြောကြားသည်။

သို့သော် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းကမူ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ကျား၊ မတန်းတူညီမျှရေးအတွက် ရေးဆွဲထားကြောင်း အစိုးရ တာဝန်ရှိသူများက ပြောကြားသော်လည်း လက်တွေ့တွင် အမျိုးသမီးများအတွက် ခွဲခြားဆက်ဆံမှုများ ကျန်ရှိသောကြောင့် ကျား၊ မ တန်းတူညီမျှရေးအတွက် သီးသန့်ဥပဒေ ရေးဆွဲစေလိုကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံသည် အမျိုးသမီးများအား နည်းမျိုးစုံနှင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး ကုလသမဂ္ဂ သဘောတူ စာချုပ်ကို ၁၉၉၇ ခုနှစ်တွင် လက်မှတ် ရေးထိုးထားခဲ့သော်လည်း ယခုအချိန်ထိ အမျိုးသမီးများကို အကြမ်းဖက်မှုများ၊ ခွဲခြားဆက်ဆံမှုများ ရှိနေသေးကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစီရင်ခံစာများတွင် ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis