menu

Tuesday 1 October 2013

ထောင်ဝန်ထမ်းကို တရားစွဲဆိုမှု ကျေအေးရန် ငွေပေးညှိနှိုင်းခဲ့

အင်းစိန်ထောင်အတွင်း တော်ဝင်အလုပ်သမား ၂ဦးကို အကြောင်းမဲ့ ပါးရိုက်လိုက်တဲ့ ထောင်ဝန်ထမ်း အေးမင်းအောင်ကို အမှုမလုပ်ဘဲ ကျေအေးပေးဖို့ ရွှေပြည်သာမြို့နယ်  NLD ဘဏ္ဍာရေးမှူး ဦးစိုးလွင်က ကျပ်ငွေ ၅သိန်းနဲ့ ညှိနှိုင်းဖို့ မကြာသေးခင်က ကြိုးစားခဲ့တယ်လို့ တော်ဝင်အလုပ်သမား ကိုယ်စားလှယ် အိဇာဖြူက ပြောပြပါတယ်။


(တော်ဝင်အလုပ်သမားကိုယ်စားလှယ် အိဇာဖြူ )

“ညီမတို့ အမှုမဖွင့်ခင် အချိန်တွေ အများကြီးပေးထားပါတယ်။
တယောက်မှ လာပြီးမတောင်းပန်ကြဘူး။
အမှုဖွင့်လိုက်တော့မှ တောင်းပန်ပါတယ်ဆိုပြီးလာတယ်။
အဲဒီလူတွေက ထောင်ဝန်ထမ်း မိသားစုဝင်တွေလဲ မဟုတ်ဘူး NLD ပါတီက ဦးစိုးလွင်နဲ့ အမှန်တရားဖော်ဆောင်ရေးအဖွဲ့က ဥက္ကဋ္ဌ ဦးကိုကိုနိုင်တို့ဖြစ်တယ်’’ လို့ အလုပ်သမား ကိုယ်စားလှယ် တဦးဖြစ်တဲ့ မအိဇာဖြူက ပြောပြပါတယ်။




(မောင်သီဟကိုကို စွပ်ကျယ်လက်ပြတ် မျက်မှန်တပ်မထားသောသူ)


ရွှေပြည်သာမြို့နယ် ၁၂ရပ်ကွက်နေ  ဦးစိုးလွင်ကို မေးကြည့်ရမှာတော့ ငွေ ၅သိန်းနဲ့ ညှိနှိုင်းရတဲ့ အကြောင်းအရင်းကို အခုလို ပြောပြပါတယ်။

“နှစ်ဦးနှစ်ဖက် ပြေလည်အောင်လို့ပါ။
ကလေးတွေဘက်ကလဲ ပြေလည်သွားအောင် ဟိုဘက် ၀န်ထမ်းတွေဘက်က အဆင်ပြေသွားအောင် ညှိနှိုင်းတာပါ။
ညှိနှိုင်းလို့ မရတော့လဲ နောက်ဆုတ်ပေး လိုက်တယ်’’ လို့ ဧရာဝတီကို ဖြေကြားခဲ့ပါတယ်။


ထောင်ထဲမှာ အင်္ကျီလည်ကတုံး ၀တ်မိသူ သီဟကိုကို ဆိုတဲ့ အလုပ်သမားကို ထောင်ဝန်ထမ်း ကိုအေးမင်းအောင်က လည်ပင်းညှစ် ပါးရိုက်တယ်၊ အနားမှာရှိနေတဲ့ အလုပ်သမား မောင်မောင်သက်ကိုပါ ထိသွားတယ်လို့ ဆိုပါတယ်။

“ ကျနော်တယောက်တည်း လည်ကတုံးဝတ်တာလဲ မဟုတ်ပါဘူး အားလုံးနီးပါး ၀တ်ထားကြပါတယ်။ 
အဲဒီနေ့က ရွှေပြည်သာတရားရုံးကို ကျနော်တို့အားလုံး အမှုရင်ဆိုင်ဖို့ ရုံးချိန်းသွားခဲ့ကြတာပါ။
အင်းစိန်ထောင်ကို ပြန်လာတော့ စစ်ဆေးရေးဂိတ်မှာ ကျနော့်တယောက်ကိုတည်းကို ဘာမပြော ညာမပြောနဲ့ လည်ပင်း ထညစ်ပြီး ပါးရိုက်လိုက်တာပါ။
ကျနော့်နောက်က မောင်မောင်သက်ပါ ရောပြီး ခံလိုက်ရတယ်’’ လို့ သီဟကိုကိုက ရှင်းပြပါတယ်။



            (ရွှေပြည်သာတရားရုံးမှ ပြန်ထွက်လာသော တော်ဝင်အလုပ်သမားများ)

အကျဉ်းသားတွေအပေါ် ဒီလိုအနိုင်ကျင့် စော်ကားတာနဲ့ ပတ်သတ်ပြီး အကျဉ်းဦးစီးမှူး ဦးမောင်မောင်ကြီးကို တိုင်ကြားတဲ့အခါ ဦးစီးမှူးက ထောင်ဝန်ထမ်းတွေနဲ့ ရန်ဖြစ်ရင် မင်းတို့ဘဲ နစ်နာမယ်၊
မင်းတို့ပဲ တိုက်ပိတ်ခံရမယ်လို့ ပြောဆိုခဲ့တာကြောင့် ထောင်ဝန်ထမ်း အေးမင်းအောင်နဲ့ အကျဉ်းဦးစီးမှူး ဦးမောင်မောင်ကြီးကို အလုပ်သမား နေလင်းဦးနဲ့ ရှေ့နေ အောင်သူရိန်ထွန်းတို့က တရားလိုလုပ်ပြီး အမှုဖွင့်တိုင်ကြား ထားတယ်လို့ သိရပါတယ်။


( စက်တင်ဘာ ၂၅ရက်နေ့ ရွှေပြည်သာ တရားရုံးမှာ အမှုရင်ဆိုင်နေတဲ့ တော်ဝင်အလုပ်သမားတချို့)



 ဒီကိစ္စကို မကြာခင် သတင်းစာရှင်းလင်းပွဲလုပ်ပြီး ဖော်ထုတ်ပြောဆိုသွားမယ်လို့ သိရပါတယ်။

ထောင်ဝန်ထမ်း ပါးရိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး NLD ဦးစိုးလွင်က မကြာခဏ အလုပ်သမားတွေနဲ့ သွားရောက် ညှိနှိုင်းတယ်လို့ ဆိုပါတယ်။
အလုပ်သမားတွေက လက်မခံတဲ့အခါ မင်းတို့ဘဲ ထောင်ကို ၄၊ ၅နှစ်နဲ့ ကျမှာ ငါ့လူက ထောင်မကျနိုင်ဘူးလို့ ပြောဆိုသွားတယ်လို့ အိဇာဖြူက ဆက်ပြီး ပြောပြပါတယ်။


Irrawaddy News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis