menu

Tuesday 1 October 2013

လယ်တီဆရာတော်၏ သိမ်ကို ဖြိုမည်မဟုတ်ဟု အာဏာပိုင်တို့ ကတိပေး လမ်းလျှောက် ဆန္ဒပြခြင်းကိုရပ်နားထား


နေမျိုး | အင်္ဂါနေ့၊ အောက်တိုဘာလ ၀၁ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၂၁ မိနစ်

လက်ပံတောင်းတောင်ဒေသရှိ လယ်တီဆရာတော်ဘုရားကြီးသိမ်နှင့် သာသနိက အဆောက်အအုံများ စောင့်ရှောက်ရေးအတွက် မန္တလေးမှ လက်ပံတောင်းသို့ လမ်းလျှောက်ခဲ့ရာ နှစ်ရက်မြောက်နေ့တွင် လယ်တီဆရာတော်ဘုရားကြီး၏ သိမ်အားဖြိုဖျက်မည်မဟုတ်ဟု အာဏာပိုင်တို့ထံမှ သဘောတူညီချက်ရ၍ လမ်းလျှောက်ခြင်းကို ရပ်တန့်လိုက်ကြောင်း လမ်းလျှောက်ရာတွင် ပါဝင်သူကိုစည်သူကပြောသည်။

လယ်တီဆရာတော်ဘုရားကြီး၏ သာသနိက အဆောက်အအုံများ ကာကွယ်စောင့်ရှောက်ရေး အင်အားစုများနှင့် တက်ကြွလှုပ်ရှားသူများ မန္တလေးမှ လက်ပံတောင်းတောင်သို့ စက်တင်ဘာ ၂၉ ရက်ကလမ်း လျှောက်ခဲ့ကြပြီး စက်တင်ဘာ ၃၀ တွင် ယင်းသို့ သဘောတူညီချက်ရ၍ လမ်းလျှောက်ခြင်းကို ရပ်လိုက်ပြီ ဖြစ်သည်။


ကိုစည်သူက “ကျွန်တော်တို့ တောင်းဆိုချက်ရပြီ၊ အခုမန္တလေးကို ပြန်နေကြပါပြီ။ ဒေသခံတွေကို ပြန်ဖို့အတွက် ကားစီစဉ်ပေးတယ်။ ရန်ကုန်က အဖွဲ့တွေကိုလည်းကားနဲ့ ပြန်ပို့ပါတယ်။ ညနေပိုင်း ၃ နာရီခွဲ လောက်က
တောင်းဆိုချက်ကို လိုက်လျောလိုက်တာပါ” ဟု ချီတက်လမ်းလျှောက် ဆန္ဒပြရာတွင် ပါဝင်သူ ကိုစည်သူက စက်တင်ဘာ ၃၀ ညနေလေးနာရီကျော်တွင် မဇ္ဈိမသို့ ပြောကြားသည်။

လမ်းလျှောက် ဆန္ဒဖော်ထုတ်သူများကို ညှိနှိုင်းကြသူများတွင် စစ်ကိုင်းတိုင်းသာသနာရေးဝန်ကြီး၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး၊ ခရိုင်တရားသူကြီး၊ လ၀ကဦးစီးအရာရှိ၊ ခရိုင်ထွေ/အုပ်များပါဝင်ပြီး လမ်းလျှောက်သူများဘက်မှ လွှတ်တော်အမတ် ဒေါက်တာမြင့်နိုင်၊ စစ်ကိုင်းအမတ် ဦးခင်မောင်သိန်းတို့ပါဝင်သည်ဟု လမ်း လျှောက်သူများထံမှ သိရသည်။

ညှိနှိုင်းမှု ပြေလည်ပြီးချိန်တွင် စစ်ကိုင်း၊ မန္တလေးဘက်မှ လိုက်ပါကြွချီလာသည့် သံဃာတော်များနှင့် ဒေသခံများကို ကားများဖြင့် ပြန်လည်ပို့ဆောင်ပေးနေကြောင်းလည်း ကိုစည်သူက ပြောသည်။

လမ်းလျှောက်ဆန္ဒဖော်ထုတ်သူများက လယ်တီသိမ်နှင့် စေတီတော်အားလုံးဝ မဖျက်ဆီးရန် တာဝန်ခံပေးဖို့ တောင်းဆိုကြောင်းနှင့် စေတီတော်၏ လက်ရှိအခြေအနေကို ကိုစည်သူက “သိမ်ရဲ့ ဘေးပတ်လည်မြေသားတွေဟာ ဖြိုချခြင်းခံထားရတယ်။ သဘာဝဘေး အန္တရာယ်တစ်ခုခု ဖြစ်ရင်တောင် ပြိုကျသွားမယ့်ပုံ ဖြစ်နေပြီ။ သိမ်ဟာထီးထီးကြီး ဖြစ်နေတယ်။ မိုင်းခွဲတဲ့ ဒဏ်တွေကြောင့်လည်း စေတီတော်အက်ကွဲလာတယ်။ စီမံကိန်းဆက်လုပ်ရင် ဒီသိမ်ပြို မှာပဲ”ဟု သူ၏ အမြင်ကိုပြောသည်။

အဆိုပါ လမ်းလျှောက်ဆန္ဒဖော်ထုတ်မှု နှင့် ပတ်သက်ပြီး အာဏာပိုင်များနှင့် ဆန္ဒပြသူများအကြား အထိအခိုက် တစ်စုံတစ်ရာမရှိဘဲ အေးချမ်းစွာ ပြီးဆုံးသွားပြီးဖြစ်သည်ဟု စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က မဇ္ဈိမကိုပြောသည်။

အာဏာပိုင်များနှင့် လမ်းလျှောက် ဆန္ဒပြသူများကြား ညှိနှိုင်းရာတွင် ပြည်သူ့လွှတ်တော်မှ အဆုံးအဖြတ် မရသေးမီ ခြောက်လအတွင်း၊ သိမ်တော်ကို ဖြိုဖျက်ခြင်း၊ ရွှေ့ပြောင်းခြင်းများ မလုပ်ဆောင်ရန် အဓိကအချက်အဖြစ် စာချုပ်ချုပ် ဆိုပြီး သဘောတူ လက်မှတ်ထိုးပြီးပြီ ဖြစ်ကြောင်းလည်း ဒေါ်ခင်စန်းလှိုင်ကပြောသည်။

၎င်းက “ကျွန်မကတော့ နှစ်ဦး၊ နှစ်ဘက် ပြဿနာမရှိ၊ အထိအခိုက်မရှိ ပြီးဆုံးသွားတယ်ဆိုတဲ့ အနေအထားပေါ်မှာ ကျေးဇူးတင်ပါတယ်။ ဒီကနေ့တာဝန်ခံသွားတဲ့ ပုဂ်္ဂိုလ်တွေဟာ လက်ပူတိုက်ဖြေရှင်းနည်းမျိုး မဟုတ်ဘဲ၊ဘယ်လောက် ထိအောင် တာဝန်ခံနိုင်မှာလဲဆိုတာ စောင့်ကြည့်ရမှာပါ” ဟု မှတ်ချက်ပြုသည်။

လမ်းလျှောက်သူများသည် စက်တင်ဘာ ၂၉ နေ့လယ်ပိုင်းတွင် မန္တလေးမြို့ရှိ ဂဠုန်နီဆရာတော် ဦးကာဝိယ၏ ကျောင်းတိုက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီးနောက် လမ်းလျှောက်ခဲ့ခြင်းဖြစ်သည်။

လယ်တီဆရာတော်ဘုရားကြီး၏ သာသနိက အဆောက်အအုံများ ကာကွယ်စောင့်ရှောက်ရေး အင်အားစု ကြေညာချက်တွင် “ လက်ပံတောင်းကြေးနီ စီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအရ လယ်တီဆရာတော် ဘုရားကြီး၏ သာသနိက အဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ၊ဗုဒ္ဓစေတီတော်၊ သိမ်တော်နှင့် ကျောင်းဆောင်များအား ကာကွယ်ထိန်းသိမ်းရေး ၊ ၎င်းဗုဒ္ဓစေတီတော်၊ သိမ်တော်နှင့် ကျောင်းဆောင်များအား ဗုဒ္ဓနည်းကျ ၀ိနည်းတော်အတိုင်း အကောင်အထည် ဆောင်ရွက်ပေးရေး” တို့ဖြစ် ပါသည်ဟုလည်း ဖော်ပြပါရှိသည်။

လမ်းလျှောက်ဆန္ဒဖော်ထုတ်ကြသည်မှာ လက်ပံတောင်းတောင် သပိတ်စခန်းအကြမ်းဖက်ဖြိုခွင်းခံရမှု ဆယ်လပြည့်သည့်နေ့တွင်ဖြစ်သည်။ စက်တင်ဘာ ၂၉ ရက်ညက ဆန္ဒပြသူများသည် စစ်ကိုင်းကောင်းမှုတော်စေတီအနီးတွင် ညအိပ်ခဲ့ကြပြီး ရဲလုံခြုံရေးများကလည်း စောင့်ကြည့်ခဲ့ကြသည်ဟု လမ်းလျှောက်သူများက ဆိုသည်။

Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis