menu

Sunday 13 October 2013

ဘ၀ပျက်ခြင်း ..(မင်းလူ)



     မိုးတဖွဲဖွဲ ရွာနေသည်။
    လွန်ခဲ့သောနှစ်ရက်လောက်က စ၍ မိုးဆက်တိုက်ရွာခဲ့သည်။ တစ်ခါတစ်ရံ သည်းလိုက်၊ တစ်ခါတစ်ရံ ဖွဲလိုက်၊ ပြတ်သည်မရှိခဲ့။ နေရောင်ကို လုံးဝမမြင်ရခဲ့ချေ။
    သူ့ကားရပ်ထားသောနေရာ နောက်ဘက်ရှိ ကွင်းပြင်ကြီးတွင် ရေတွေ ဖွေးဖွေးလှုပ်နေ၏။ မနေ့ကဆိုလျှင် မြို့လယ်ရှိ လမ်းဆုံလမ်းခွများတွင် ယာဉ်အသွားအလာ ခေတ္တရပ်တန့်သွားလောက်အောင် ရေတွေ လျှံနေခဲ့သေးသည်။ ဒီနေ့ထိ မိုးမတိတ်သေး။
    သူ့ကားသည် ညာဘက်အစွန်ဆုံးမှာ ရပ်ထားသည်။ သူ့ကား၏ ဘယ်ဘက်တွင် ဂျစ်ကားတစ်စီး၊ နောက် ကားနှစ်စီးစာလောက် လွတ်နေသည်။ ပြီးမှ မော့စ်ဗစ်တစ်စီး ရပ်ထား၏။ သူ့ကားကတော့ တံခါးနှစ်ပေါက် စကိုဒါကား။
    ကိုသောင်းအေးသည် ပရိုက်ဗိတ်တက္ကစီမောင်းသူ ဖြစ်သည်။ နံပါတ်အနက် ကိုယ်ပိုင်ကားဖြင့် အငှားလိုက်ခြင်းကို ဆိုလို၏။
    ခုနေရာသည် သူဂိတ်ထိုးနေကျနေရာ မဟုတ်။ မြို့ထဲမှာသာ ဂိတ်ထိုးခဲ့ခြင်း ဖြစ်သည်။ ခုတလော မြို့ထဲမှာ အလုပ်သိပ်မဖြစ်။ ခက်တာက သူသည် တချို့လို “လိုင်းစုံ” လုပ်ချင်သူမျိုး မဟုတ်ချေ။

    “ဟိုမိန်းကလေး” မျိုးတွေ လိုက်ရှာပေးတာတို့၊ အကြိုအပို့ လုပ်ပေးတာတို့ဆိုလျှင် ခပ်မြက်မြက်ရနိုင်ကြောင်း သူသိသည်။ ဂျင်၊ တစ်ချပ်မှောက်ဝိုင်းတို့အတွက် လူလိုက်စုခြင်း၊ ဒိုင်အိမ်သို့ လိုက်ပို့ပေးခြင်းတို့လည်း မလုပ်ချင်။ အနီတွေ၊ အစိမ်းတွေ၊ အဖြူတွေ ကိစ္စတွေအတွက် မောင်းပို့ပေးရတာမျိုး၊ ပစ္စည်းသယ်ပေးရတာမျိုးလည်း မလုပ်ရဲ။
     တရားဥပဒေ အပြင်ဘက်က ဒုစရိုက်သမားများနှင့် အရောတဝင် မလုပ်ချင်။ ရိုးရိုး အလုပ်ကိစ္စ၊ ကျောင်းပို့ ကျောင်းကြို၊ လူနာပို့ခြင်း၊ အရေးပေါ်ကိစ္စသုံးခြင်းတို့ကိုသာ အားကိုးရသည်။
    လွန်ခဲ့သောတစ်ပတ်လောက်ကတော့ သူ့လိုပင် ကားဆွဲသော ကိုဝင်းမြင့်နှင့် တွေ့သည်။ ကိုဝင်းမြင့်က ဒီဈေးရှေ့မှာ ဂိတ်ထိုးနေကြောင်း၊ မြို့လယ်မဟုတ်သော်လည်း စည်ကားသော ဈေးကြီးဖြစ်၍ အခြေအနေမဆိုးကြောင်း ပြောသည်။ သူ့ကိုလည်း ဂိတ်လာထိုးဖို့ ခေါ်သည်။
    ထို့ကြောင့် တစ်နေ့ကစပြိး ဒီဈေးရှေ့မှာ ဂိတ်လာထိုးကြည့်သည်။ ကံဆိုးချင်လို့ပဲလား မသိ။ သူဂိတ်စထိုးသည့် နေ့မှစ၍ မိုးဆက်တိုက်ရွာခဲ့ရာ ဒီနေ့ထိ မစဲသေးချေ။
    ပထမနေ့က ကားပိုင်ရှင်ကို ပေးဖို့ငွေ၊ ဓာတ်ဆီ၊ အင်ဂျင်ဝိုင်ဖိုးနှုတ်ပြီး အစိတ်လာက်သာ ကျန်သည်။ မနေ့ကဆိုလျှင် အစိတ်ပင်မပြည့်။ ဒီနေ့ ပိုတောင်ဆိုးနိုင်သည်။ ခု ဆယ့်တစ်နာရီထိုးခါနီးထိ အုံနာခပင် မရသေး။
    မိုးရွာနေသောကြောင့် ဈေးထဲမှာလည်း ခြောက်ကပ်နေသည်။ အရောင်းအဝယ်လည်း သိပ်ဖြစ်ဟန်မတူချေ။ လူအနည်းအကျဉ်းလောက်သာ အဝင်အထွက်ရှိသည်။
    သူတို့ဂိတ်မှာလည်း ကားသိပ်မရှိ။ ပရိုက်ဗိတ်တက္ကစီထဲက သူ့ကားနှင့် ဟိုဘက်အစွန်က မော့စ်ဗစ်ကားသာ ရှိသည်။ တခြားကားတွေက မိုးသိပ်ရွာလို့လည်း လာကြဟန်မတူ။ ကိုဝင်းမြင့်ကလည်း ထောက်ကြန့်ဘက် အော်ဒါရလို့ သွားနေရသည်။
    ခဏကြာတော့ မော့စ်ဗစ်ကား မောင်းထွက်လာသည်။ သူ့ကားရှေ့က အဖြတ်တွင် ကားမောင်းသူက ပါးစပ်နားမှာ လက်ကို တေ့ပြသွားသည်။ ထမင်းစားသွားမည့် သဘော။
    ကိုသောင်းအေးသည် ထမင်းလည်း မစားချင်သေး။ ပြီးတော့ ခုလို ကားတစ်စီးမှ မရှိသောအခါ ငှားစရာရှိ သူ့ကားကိုသာ ငှားရမည်ဖြစ်၍ စောင့်လိုက်ချင်သေးသည်။
    သို့တိုင်အောင် အတော်ကြာသည်ထိ ဘယ်သူမှ လာမငှား။ ဘေးနားက ဂျစ်ကားလည်း ထွက်သွားပြန်သည်။ သူ့ကားတစ်စီးတည်းသာ ငေါင်စင်းစင်း ကျန်ခဲ့သည်။
    မိုးကလည်း ဖွဲတုန်း၊ စကားပြောဖော်လည်း မရှိ၊ ရာသီဥတုကလည်း ချမ်းစိမ့်စိမ့်မို့ အိပ်တောင်ငိုက်လာ၏။

                * * * * *

    ကားတစ်စင်း အရမ်းမောင်းလာပြီး ရုတ်တရက် ရပ်လိုက်သံ ကြားလိုက်ရသည်။ လှမ်းကြည့်သောအခါ ဖင်မလီယာ ခိုပြာရောင်ကလေး။ နောက်ပြန်ဆုတ်၍ ကိုသောင်းအေးကားနှင့် ခပ်လှမ်းလှမ်းမှာ ဖင်ထိုးပြီး ရပ်လိုက်သည်။
    ကားတံခါးသည် ဟရုံကလေး ပွင့်လာ၏။ ထီးကိုကိုင်ထားသော လက်ကလေး ထောင်ထွက်လာသည်။ အော်တိုမစ်တစ်ထီးကလေးသည် လှပစွာ ပွင့်လာသည်။ ပြိးတော့ ကားထဲမှ အမျိုးသမီးတစ်ဦး ထွက်လာသည်။ ကိုသောင်းအေးလည်း ကြည့်စရာဆိုလို့ ဒါပဲရှိသဖြင့် သေသေချာချာပင် ကြည့်နေမိ၏။
    တော်တော်လှသည့် အမျိုးသမီး၊ အပေါ်အောက် ပန်းနုရောင်ဆင်တူ ဝတ်ထားသည်။ ဒေါက်မြင့်ဖိနပ်နှင့်။ ခုလို မိုးရွာနေသော ကာလမျိုးမှာ အရောင်နုနုကလေး ဆင်နိုင်သူမှာ သူတို့လို ကားစီးနိုင်သူများသာ ဖြစ်လေသည်။
    အမျိုးသမီးသည် ကားတံခါးကို သော့ခတ်၍ ဈေးဘက်သို့ လျှောက်သွားသည်။ ဒီလောက် မိုးစွတ်စွတ်၊ လေစွတ်စွတ်မှာ ဘာကြောင့် ဈေးလာဝယ်ရသနည်း။ အင်္ကျီစတို့၊ ထဘီစတို့ လာဝယ်တာဆိုလျှင် ခုရက်ပိုင်းမှာ အရေးတကြီး သွားစရာရှိသောကြောင့် ဖြစ်ရမည်။ သူတို့လိုလူမျိုးသည် မွေးနေ့တို့၊ အလှူတို့ တစ်ခါသွားလျှင် အဝတ်အစားသစ်တစ်စုံ ချုပ်တတ်သည်။
    ကိုသောင်းအေးသည် ပျင်းပျင်းနှင့် အလုပ်မရှိ အလုပ်ရှာပြီး လျှောက်စဉ်းစားနေခြင်း ဖြစ်သည်။ တကယ်တော့ သူ့ဘာသာ ဘာကိစ္စနှင့်လာလာ ကိုယ်နှင့် ဘာဆိုင်သနည်း။ ကိုယ့်အလုပ်ကိုယ် လုပ်ရုံသာ။ ကိုယ့်အလုပ်ကလည်း ဘာမှမရှိ။ တရေးတမော အိပ်လိုက်ဖို့သာ ရှိသည်။
    ကားရှေ့ခန်းထဲမှာပင် လှဲချလိုက်၏။ ထိုအချိန်တွင် မိုးက ပြန်သည်းလာပြန်သည်။ ထထိုင်ပြီး မှန်တွေ ပိတ်လိုက်ရသည်။ ပြန်လှဲချလိုက်ရာ လက်က နောက်ကြည့်မှန်ကို တိုက်မိသွားသည်။
    မှန်နည်းနည်းစောင်းသွားသည်။ ခုမှပင် လှဲနေရာမှကြည့်လျှင် အပြင်ကို နောက်ကြည့်မှန်ထဲမှ မြင်နေရသည်။ မှန်ကို ပြန်မပြင်တော့။

                * * * * *
    မိုးကာအင်္ကျီဝတ်လူတစ်ယောက် ဖြတ်လျှောက်သွားသည်ကို နောက်ကြည့်မှန်ထဲက မြင်လိုက်ရသည်။ ကားငှားမည့်သူများ ဖြစ်မလားဟု ထကြည့်လိုက်သည်။ မဟုတ်။ သူ့ကားကို လွန်ထွက်သွား၏။ ကိုသောင်းအေးလည်း ပြန်လှဲချလိုက်သည်။ ထိုသူ လျှောက်သွားသည်ကို  နောက်ကြည့်မှန်ထဲမှ မြင်နေရသည်။ ထိုသူသည် ဦးထုပ်ကို ခပ်ငိုက်ငိုက်စောင်းထား၏။
    စောစောက အမျိုးသမီး၏ ဖင်မလီယာကားနားမှာ မယောင်မလည်လုပ်ရင်း ရပ်နေသည်။ ဟိုဒီကြည့်သည်။ ကိုသောင်းအေးကားဘက်ကိုလည်း ကြည့်သည်။ ကိုသောင်းအေးက ကားရှေ့မှာ လှဲအိပ်နေခြင်း ဖြစ်သောကြောင့် သူမမြင်။ ကိုသောင်းအေးကသာ သူ့ကို နောက်ကြည့်မှန်ထဲမှ မြင်နေရသည်။
    ကိုသောင်းအေးက သူ့ကို မသင်္ကာ။
    သူသည် လက်ထဲမှသော့တွဲရှိ သော့တစ်ချောင်းကို ကားတံခါးသော့ပေါက်ထဲ ထိုးထည့်လိုက်ပုံရသည်။ သူ့လှုပ်ရှားပုံဟန်ပန်ကို ကြည့်၍ သိရ၏။ သော့ကို လှည့်ဖွင့်သည်။ ရရဟန်မတူ။ နောက်သော့တစ်ချောင်း ပြောင်း၍ဖွင့်သည်။ မရသေး။ သော့လေးငါးခြောက်ချောင်းလောက် ပြောင်းနေပုံရသည်။
    ကားတံခါး ပွင့်သွားသည်။ သူသည် တံခါးကို ဆွဲဖွင့်ပြီး အေးအေးဆေးဆေးပင် ဝင်ထိုင်သည်။ တံခါးပြန်ပိတ်သည်။ အတော် ဟန်ကောင်းသည့်လူ။ လောကကြီးတစ်ခုလုံးမှာ သူတစ်ယောက်တည်း ရှိနေပုံမျိုး။ ဟုတ်တော့လည်း ဟုတ်သည်။ မိုးသည်းနေသောကြောင့် လူအသွားအလာမရှိသလောက် ဖြစ်နေသည်။
    နောက်ပြီး သူလုပ်ပုံကိုင်ပုံက ပိုင်ပိုင်နိုင်နိုင် ရှိလှသည်။ အကြောင်းမသိသူဆိုလျှင် သူပိုင်ကားထဲ ဝင်ထိုင်နေသည်ဟု ထင်ကြလိမ့်မည်။ သူ့လှုပ်ရှားမှုကို အစအဆုံးမြင်နေရသော ကိုသောင်းအေးကတော့ ပို၍ မသင်္ကာဖြစ်လာသည်။
    ထိုသူသည် ကားပိုင်ရှင် အမျိုးသမီးနှင့် အတူလာသူ မဟုတ်။ ကားတံခါးဖွင့်ရာတွင် သော့လေးငါးချောင်းပြောင်းပြီး ဖွင့်ခဲ့ရသည်။ တစ်ခုတော့ ရှိ၏။ ဟိုအမျိုးသမီးနှင့်သူသည် အသိအကျွမ်း ဖြစ်ချင်ဖြစ်မည်။ အမျိုးသမီးက သူ့ကိ ကားသော့တွဲပေးလိုက်တာ ဖြစ်ချင်ဖြစ်မည်။ ကားသော့ဖွင့်နေကျ မဟုတ်သဖြင့် အလွယ်တကူ ဖွင့်လို့မရတာလည်း ဖြစ်နိုင်သည်။ ဆက်ပြီး အကဲခတ်နေဖို့သာရှိ၏။
    ကားရှေ့ခန်းမှာ လှဲနေရသည်မှာ ကြာတော့ ညောင်းလာသည်။ ကိုသောင်းအေးကားသည် ခပ်ကျဉ်းကျဉ်းဖြစ်၍ ခြေထောက်ကို ကွေးထားရသည်။ အညောင်းပြေ ထထိုင်လိုသော်လည်း မထိုင်ဖြစ်၊ ဟိုလူ၏ လှုပ်ရှားမှုကို မှန်ထဲမှ ဆက်ကြည့်နေမိသည်။
    ထိုသူသည် တစ်ခုခုကို အာရုံစိုက်ကြည့်နေဟန်တူသည်။ ခေါင်းကို ငုံ့ထားသည်။ တစ်ချက်တစ်ချက်မှ ဈေးဘက်ကို လှမ်းလှမ်းကြည့်သည်ကို တွေ့ရ၏။ ထူးခြားသည်မှာ သူသည် ကားထဲရောက်နေသည့်တိုင် ဦးထုပ်မချွတ်ခြင်းပင်ဖြစ်သည်။
    နောက်တစ်ချက်၊ ခုမှ ကိုသောင်းအေး စဉ်းစားမိသည်။ ထိုသူသည် ဈေးဘက်မှ လျှောက်လာခဲ့ခြင်းမဟုတ်။ အခြားတစ်ဖက် လမ်းဆုံမှ လာခြင်းဖြစ်သည်။ သို့ဖြစ်လျှင် ကားပိုင်ရှင်အမျိုးသမီးနှင့် ဘာမျှပတ်သက်စရာ မရှိ။ သူတို့နှစ်ယောက် ဘယ်နည်းနှင့်မျှ တွေ့ဆုံခဲ့စရာ အကြောင်းမမြင်။
    ထိုသူသည် ကားအတွင်းသို့ သော့တူနှင့် ဖွင့်ဝင်၍ ပစ္စည်းတစ်ခုခု ဖြုတ်ခိုးနေခြင်းသာ ဖြစ်ရမည်။ ကားထဲမှာ အလွယ်တကူ ဖြုတ်ခိုးစရာ ဘာရှိလဲ။ အဖြစ်နိုင်ဆုံးမှာ ကားကက်ဆက်။
    ဘာလုပ်ရမလဲဆိုသောအတွေး ရုတ်တရက် ဝင်လာသည်။ ကားတံခါးဆွဲဖွင့်၊ ကားပေါ်ကခုန်ဆင်း၊ ဟိုနားပြေးကပ်၊ ကားတံခါးဆွဲဖွင့်၊ ဟိုလူကို ဆွဲထိုးပြီးဖမ်းလိုက်။
    ဒါမျိုးတော့ မလုပ်ရဲ။ ဟိုလူကပြန်တွယ်ရင် ဒုက္ခ။
    အနီးအနားက လူတွေကို အော်ဟစ်အကူအညီတောင်းဖို့။ ဤသို့ စဉ်းစားလိုက်မိသောအခါကျမှ နောက်ကြည့်မှန်ထဲသို့ ပြန်ကြည့်မိသည်။ အပြင်ကအအေးဓာတ်ကြောင့် ကားမှန်များ ရေငွေ့တွေ ပြန်နေသည်။ အပြင်ကို ကောင်းကောင်းမမြင်ရ၊ မှုန်ဝါးနေသည်။ ဟိုကားထဲကလူ၏ လှုပ်ရှားမှုကိုလည်း မမြင်သာတော့။ သို့ဆိုလျှင် ဟိုလူကလည်း ကိုသောင်းအေးကားထဲကို မြင်သာမည်မဟုတ်။
    ကိုသောင်းအေး ထထိုင်လိုက်သည်။ ကားရှေ့မှန်မှ ရေငွေ့များကို လက်တစ်ဝါးစာလောက် ပွတ်လိုက်သည်။ အပြင်ကို ကြည့်သည်။ ခပ်လှမ်းလှမ်းက ပရိဘောဂဆိုင်ထဲမှာ မိန်းမကြီးတစ်ယောက် ထိုင်နေသည်။ ဟိုးက လက်ဖက်ရည်ဆိုင်မှာ လူလေးငါးယောက် ရှိသည်။
    သူတို့ဆီသွားပြီး အကျိုးအကြောင်းပြောပြ၊ ဝိုင်းဖမ်းရင် ကောင်းမလား။ တစ်ခုရှိသည်။ ဝိုင်းဖမ်းပြီးကာမှ ဟိုလူက သူထင်သလို မဟုတ်ခဲ့လျှင် အရှက်တကွဲ ဖြစ်ရဦးမည်။
    တစ်ခုတော့ တွေးပြီးစိုးရိမ်မိလာသည်။ တကယ်လို့ ဟိုလူက အမှန်ပင် ပစ္စည်းတစ်ခုခု ခိုးသွားပြီဆိုပါစို့။ အချိန်မီ မတားဆီးနိုင်ခဲ့ပါက သူ့အပေါ် အမှုပတ်လာနိုင်သည်။ ဒီအနီးအနားမှာက သူ့ကားတစ်စီးပဲရှိတာ မဟုတ်လား။ ခုနေ ကားကိုမောင်းထွက်သွားရင်ကော။ ဒီလောက်တော့ ကိုသောင်းအေး တာဝန်မမဲ့ချင်။
    ကိုသောင်းအေးသည် ဘယ်ဘက်ကားပြတင်းမှန်မှ ရေငွေ့များကို မျက်လုံးတစ်လုံးစာလောက် ပွတ်လိုက်ပြန်သည်။ အသာချောင်းကြည့်သည်။ ဟိုကားမှန်သည်လည်း ရေငွေ့တွေပြန်နေသဖြင့် သေချာစွာ မမြင်ရ။ အထဲမှာ လူရှိနေသေးကြောင်းကိုတော့ ဝိုးတဝါးမြင်ရသည်။
    တစ်ခုခုတော့ လုပ်မှဖြစ်မည်။

                * * * * *

    နည်းနည်းတော့ စွန့်စားရမည်။ ဟိုလူမမြင်အောင် ကားညာဘက်တံခါးကို ဟသွားရုံ အသာကလေးဖွင့်သည်။ ပြီးတော့ လျှောဆင်းလိုက်သည်။ အပြင်ရောက်တော့ ကားဘေးမှာ ဆောင့်ကြောင့်ထိုင်နေရသေးသည်။ တစ်ခုတော်သွား၏။ မိုးနည်းနည်းစဲသွားသည်။
    ကားကိုကွယ်လျက် တဖြည်းဖြည်းချင်း ထရပ်သည်။ ဟိုဘက်ကားကို ချောင်းကြည့်သည်။ ထိုစဉ်ပင်....
    ဈေးဘက်ဆီမှ လှပသောထီးကလေးကို ဆောင်းရင်း လှုပ်လီလှုပ်လဲ့ လျှောက်လာနေသော ကားပိုင်ရှင်အမျိုးသမီးကို တွေ့လိုက်ရသည်။ ပြီးတော့..
    ဖင်မလီယာကားတံခါးသည် ရုတ်တရက် ပွင့်လာသည်။ မိုးကာဝတ်လူသည် လှစ်ခနဲ ထွက်လာ၏။ ကားနားမှ အလျင်အမြန်ခွာဖို့ ပြင်သည်။ သို့ရာတွင် တစ်ခုခုက တုံ့ဆွဲထားသလို ဖြစ်သွား၏။ သေသေချာချာ ကြည့်လိုက်တော့ သူ့မိုးကာအင်္ကျီကြားထဲမှ ထွက်နေသော ဝါယာကြိုးတစ်စသည် ကားအတွင်းခန်းနှင့် ဆက်လျက်သား ရှိနေသေးကြောင်း တွေ့ရသည်။
    ထိုသူသည် အမျိုးသမီးလျှောက်လာရာသို့ ဖျတ်ခနဲကြည့်သည်။ ဝါယာကြိုးကို ဆောင့်ဆွဲဖြတ်လိုက်သည်။ ချာခနဲ လှည့်ထွက်သည်။ ကားတံခါးကိုပင် ပြန်မပိတ်နိုင်။
    ထိုသူ ခပ်သုတ်သုတ်လျှောက်လာသည်။ ကိုသောင်းအေးကားရှေ့က ဖြတ်သည်။ ခုနေ ပြေးဖမ်းရကောင်းမလား။ မဖမ်းရဲ။ ထိုသူက ကိုသောင်းအေးကို ဆတ်ခနဲ လှည့်ကြည့်သည်။ ကျောထဲက စိမ့်ခနဲ ဖြစ်သွား၏။ အမျိုးသမီး လျှောက်လာရာသို့ ကိုသောင်းအေး လှည့်ကြည့်မိသည်။ ကားတံခါးပွင့်နေသည်ကို အမျိုးသမီးက မြင်သွားပြီ။ အံ့သြသွား၏။ ဒီအတိုင်းကြည့်နေလို့ မဖြစ်တော့။
    “ဟေ့.. မပြေးနဲ့”
    ကိုသောင်းအေးက အော်လိုက်သည်။ အမှန်တော့ သူမအော်ခင်ကပင် ဟိုလူက သုတ်ခြေတင်နေပြီ။ ကိုသောင်းအေး ခဏကြောင်ပြီး ရပ်နေသည်။ ပြီးမှ..
    “ဟိုမှာ.. ဟိုမှာ.. ပြေးပြီ၊ ကားကက်ဆက် ဖြုတ်သွားတယ်၊ ဟို... ဟိုမှာ..”
    ကိုသောင်းအေး အော်ပြီးလိုက်သည်။ သူခိုးသည် လက်ဖက်ရည်ဆိုင်ဘေးက လမ်းကြားထဲ ဝင်ပြေးသည်။ ကိုသောင်းအေးအော်သံ ကြားသဖြင့် လက်ဖက်ရည်ဆိုင်ထဲက လူလေးငါးယောက် ထွက်လိုက်လာသည်။ လိုက်ရင်းလည်း ပြိုင်တူအော်သွားကြသည်။
    “သူခိုး.... သူခိုး၊ မိုးကာနဲ့.. ရှေ့မှာ ပြေးပြီ”
    သူခိုးက တော်တော်မြန်သည်။ သူတို့ လမ်းကြားထဲအဝင်မှာ မျက်ခြည်ပြတ်သွားသည်။ အိမ်တွေထဲမှ ထွက်ကြည့်နေသူများကို မေးရာ လှစ်ခနဲတော့ တွေ့လိုက်တာပဲဟုသာ ပြောနိုင်သည်။ အော်သံတွေကြားသဖြင့် ရပ်ကွက်ထဲက လူအချို့ ထွက်လာသည်။ သူတို့က..
    “ဒီကောင်ပြေးစရာ ဒီတစ်လမ်းပဲ ရှိတာပဲ၊ တစ်နေရာရာမှာ ဝင်ခိုနေတာ ဖြစ်ရမယ်၊ လမ်းဟိုဘက်ထိပ် ဒီဘက်ထိပ် ပိတ်ပြီး ရပ်ကွက်ထဲမှာ ပိုက်စိပ်တိုက်ရှာရင် ပြေးမလွတ်ပါဘူး”
    ဟု ပြောကြသည်။
    ထိုစဉ်မှာပင်..
    “ဟိုမှာ မိုးကာနဲ့လူကြီး ကျွန်တော်တို့အိမ်ဘေးမှာ ကပ်နေတယ်”
    ကလေးတစ်ယောက်က ပြေးလာပြီးပြောသည်။
    “ဟုတ်လား”
    ကလေးငယ်ညွှန်ပြရာသို့ ညာသံပေးပြီး လိုက်ကြသည်။ လမ်းကြားကွေ့တစ်ကွေ့သို့ အရောက်တွင် ခပ်လှမ်းလှမ်းမှ အားကုန်သွန်ပြေးနေသော မိုးကာဝတ်လူကို တွေ့လိုက်ကြရသည်။
    “လိုက်ဟေ့.. လိုက်”
    “ဒီကောင် လမ်းမဘက် ထွက်မလို့”
    သူခိုးက ခြေလှမ်းပိုသွက်သည်။ လိုက်သူတွေ မီဖို့မလွယ်။ သူသည် လမ်းမကြီးနှင့် လမ်းကြားဆုံရာသို့ ရောက်သွားသည်။ လမ်းမကြီးပြေးလျှင် သူ့လောက်မိုက်သူမရှိ။ ရွေးစရာလမ်း မရှိတော့။ လမ်းမကြီးကိုဖြတ်ပြီး ဟိုဘက်ရပ်ကွက်ထဲ ဝင်ပြေးရုံသာ။
    သူသည် ခဏမျှ တုံ့ဆိုင်းသွားသည်။ နောက်မှလိုက်လာသူတွေက ပိုနီးလာပြီ။
    “ဒီကောင် မလွတ်စေနဲ့”
    ဆိုသောအသံက သူ့ကို သတိပေးလိုက်သည်။ သူသည် လမ်းမကြီးကို ဇွတ်ဖြတ်ပြေးသည်။ ထိုစဉ်တွင် အရှိန်ဖြင့်မောင်းလာသော ဘတ်စ်ကားကြီးတစ်စင်း သူ့ကို ဝုန်းခနဲ ဖြတ်တိုက်လိုက်လေသည်။
    သူသည် လွင့်ထွက်သွားသည်။ ရေစိုနေသော လမ်းမပေါ် ပြန်အကျတွင် လေးငါးဆယ်ပေ လျှောတိုက်ပြီး လိမ့်သွား၏။ ထို့နောက် ငြိမ်သွား၏။
    နောက်မှလိုက်လာသော ကိုသောင်းအေးတို့လူစု သူ့အနီးသို့ ဝိုင်းသွားကြသည်။ သူသည် သတိလစ်နေပြီး တစ်ကိုယ်လုံး သွေးတွေရွဲနစ်နေ၏။
    “ရဲကို အကြောင်းကြား၊ ဆေးရုံပို့ဖို့လည်း စီစဉ်ရမယ်”
    ကိုသောင်းအေးက ပြောလိုက်သည်။ သူ့စိတ်ထဲတွင် လောလောဆယ်၌ ထိုသူကို သူခိုးဟုမမြင်ဘဲ လူနာတစ်ယောက်ဟု မြင်မိသည်။
    လူငယ်တစ်ယောက်က လဲကျနေသော သူခိုးနားမှာ ထိုင်ပြီး စစ်ဆေးကြည့်သည်။ အသက်ရှူနေတုန်း။ ခိုးရာပါပစ္စည်းကိုတော့ မတွေ့ရချေ။
    ကားတစ်စီး ထိုးဆိုက်သံ ကြားရသည်။ ဝိုင်းကြည့်နေသော လူအုပ်က လမ်းဖယ်ပေးသည်။ “ဒီမှာ သူခိုးမိပြီ အစ်မကြီးရဲ့” ဟု ပြောသံကြားရသည်။ ကားပိုင်ရှင်အမျိုးသမီးသည် ထဘီကို နည်းနည်းမပြီး လူအုပ်ကြားမှ လျှောက်ဝင်လာသည်။ မှောက်လျက်ကြီးလဲနေသော သူခိုးကို မြင်သောအခါ တွန့်ခနဲ ဖြစ်သွားသည်။ မျက်နှာတော့ လွှဲမသွား။
    “ဒီကောင် ပစ္စည်းကို တစ်နေရာရာမှာ ဝှက်ထားခဲ့တာ ဖြစ်ရမယ်”
    “တော်တော်မြန်တဲ့ကောင်ဗျာ၊ ကားသာမတိုက်မိရင် မလွယ်ဘူး”
    တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသည်။ တိုက်မိသောဘတ်စ်ကားကို မောင်းလာသည့် ဒရိုင်ဘာမှာ မျက်နှာငယ်လေးနှင့် ရပ်နေသည်။ သူ့ကို အပြစ်တင်ရန် ဘယ်သူမျှ သတိမရကြ။ ကိုသောင်းအေးက....
    “ကဲ.. ခင်ဗျားကားနဲ့ပဲ သူ့ကို ဆေးရုံပို့ရမှာပဲ၊ စိတ်မပူပါနဲ့ဗျာ၊ ခင်ဗျားအပြစ် မဟုတ်ပါဘူး၊ ကျွန်တော်တို့ သက်သေလိုက်ပါ့မယ်”
    သူခိုးကို သယ်ယူရန် ပြင်ဆင်ကြသည်။ သူ့ကို ထူမရန်အတွက် ပက်လက်လှန်လိုက်သည်။ သူ့မျက်နှာက ဒီဘက်ကို လည်ကျလာသည်။
    “အို”
    အမျိုးသမီး မျက်နှာလွှဲသွားသည်။ ထို့နောက် မရဲတရဲ ပြန်ကြည့်၍..
    “ဟင်.. သူ၊ သူ”
    သူခိုးကို သေချာစွာ စိုက်ကြည့်သည်။
    “သူ.. သူ သေသွားပြီလားဟင်”
    အမျိုးသမီးကို ဝိုင်းကြည့်လိုက်ကြသည်။
    “သူခိုးပဲဗျာ၊ သေသွားလည်း အေးတာပဲ”
    ဟု တစ်ယောက်က ဝင်ပြောသည်။ အမျိုးသမီး မျက်လုံး တောက်ပြောင်လာသည်။ ပြီးတော့..
    “သူသေသွားရင် ကျွန်မကက်ဆက်လည်း ဘယ်မှာဝှက်ထားခဲ့တယ်ဆိုတာ ဘယ်လိုလုပ် ပြန်ပြောနိုင်တော့မှာလဲရှင်”
    တီးတိုးရေရွတ်သံမျိုးစုံ ထွက်ပေါ်လာသည်။ သူခိုး၏ ခြေထောက်များက ဆတ်ခနဲ တစ်ချက် အကြောဆွဲသွားသည်။ ကိုသောင်းအေးစိတ်ထဲတွင် သူမသေပါစေနှင့်ဟု ဆုတောင်းလိုက်သည်။ သို့ရာတွင် အတိတ်မေ့ရောဂါ ဖြစ်သွားရင်ကောင်းမယ် ဟူ၍လည်း တွေးမိ၏။
    မိုးတိတ်သွားလေပြီ။


မင်းလူ
-------------------------
(သောင်းပြောင်းထွေလာ၊
အောက်တိုဘာ၊ ၁၉၈၄)

 မင်းလူ၏ ၀တ္တုတိုများ Facebook Page

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis