menu

Saturday 7 September 2013

ဂျပန်ကုမ္ပဏီ မော်တော်ယာဉ် အစိတ်အပိုင်း တပ်ဆင်ထုတ်လုပ်သည့် စက်ရုံဆောက်မည်

ရန်ကုန်၊ စက်တင်ဘာ ၆

ဂျပန်မော်တော်ယာဉ် အစိတ်အပိုင်း ထုတ်လုပ်ရေးကုမ္ပဏီ ASMO က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ပန်း စက်မှုဇုန်အတွင်း မော်တော်ယာဉ် အစိတ်အပိုင်း တပ်ဆင်ထုတ်လုပ်သည့် စက်ရုံတည်ဆောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ သိရသည်။

ASMO နှင့် အင်ဒိုနီးရှား ကုမ္ပဏီခွဲ PT ASMO Indonesia တို့ ပူးပေါင်းတည်ထောင်ထားသော ASMO Myanmar Co.,Ltd. က ပြည်တွင်းတွင် CMP စနစ်ဖြင့် မော်တော်ယာဉ် အစိတ်အပိုင်း တပ်ဆင်ထုတ်လုပ်သည့် လုပ်ငန်းလုပ်ကိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ သိရသည်။

ASMO သည် မော်တော်ယာဉ် တစ်ခုလုံးတွင် လည်ပတ် အသုံးပြုသော မော်တာအမျိုးအစား ၃၀ ကျော်ကို ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေပြီး ပြည်တွင်းတွင်လည်း အဆိုပါ အစိတ်အပိုင်းများ ထုတ်လုပ်မည် ဖြစ်သည်။

ASMO အပါအဝင် ဂျပန်ကုမ္ပဏီ ငါးခုပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် ယခုနှစ် ဇန်နဝါရီလ အတွင်းက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

၁၉၇၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ASMO သည် ဂျပန်၊ အမေရိက၊ ဥရောပနှင့် အာရှဒေသများတွင် ကုမ္ပဏီခွဲ ၁၈ ခုရှိပြီး ဝန်ထမ်း အရေအတွက် တစ်သောင်းကျော်ဖြင့် လည်ပတ် လုပ်ကိုင်နေသည်။

“အရင်ကတော့ မော်တော်ယာဉ်နဲ့ အစိတ်အပိုင်းတွေက ပြည်ပကပဲ လာတာလေ။ အခု ပြည်ပမော်တော်ယာဉ် လုပ်ငန်းတွေက မြန်မာပြည်ကို မျက်စိကျနေကြတာ။ ပြည်တွင်းမှာ ထုတ်လုပ်နိုင်တော့ ကုန်ကျစရိတ် ပိုသက်သာသွားမှာပေါ့” ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးဌာနမှ အရာရှိတစ်ဦးက မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ၂၀၁၃ ခုနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် မော်တော်ယာဉ် ထုတ်လုပ်ခြင်း အပါအဝင် အခြားဆက်စပ်သော လုပ်ငန်းခြောက်ခုကို လုပ်ကိုင်ခွင့်ပြုခဲ့သည်။
The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis