menu

Sunday 11 August 2013

ခွင့်လွှတ်နိုင်သည်၊ သို့သော် မေ့မပစ်နိုင် . . .

Photo: ခွင့်လွှတ်နိုင်သည်၊ သို့သော် မေ့မပစ်နိုင် . . .

ကိုထင်ကျော်အတွက် ယခုအချိန်တွင် အမှတ်ရဆုံးမှာ ပြီးခဲ့သည့် ၂၅ နှစ်က သူ့နံဘေးတွင် ကျဆုံးသွားခဲ့ရသူများ ဖြစ်သည်။ သူနှင့်အတူ ခေါင်းဆောင်တိုက်ပွဲဝင်ခဲ့သူ အချို့ ကျဆုံးခဲ့ပြီး ကိုထင်ကျော်၏ ပေါင်တွင်လည်း သေရာပါ သေနတ်ဒဏ်ရာတစ်ခု အမွေရခဲ့သည်။

ရှစ်လေးလုံးအရေးတော်ပုံတွင် အသက် ၂၄ နှစ်အရွယ်ရှိ ကိုထင်ကျော်သည် ဇာတိမြေထားဝယ်၌ လှုပ်ရှားခဲ့သော်လည်း အာဏာပိုင်များ၏ စီးပွားရေး လုပ်ကိုင်၍ မရတော့လောက်အောင် နှောင့်ယှက်မှု ကြောင့် ခုနစ်နှစ်အကြာတွင် နယ်စပ်ဒေသ ကော့သောင်းသို့ ရှောင်တိမ်း၍ အသက်မွေး ခဲ့ရသည်။

ခေတ်အဆက်ဆက် အာဏာရှင် အစိုးရများကြောင့် အဘိုးဖြစ်သူ အဖမ်းခံရ၊ အဖေဖြစ်သူ နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ရ၊ စသည်ဖြင့် ခါးသီးသော နိုင်ငံရေးဆိုးကျိုးများ မျိုးစဉ်ဆက်ခံစားရသော ကိုထင်ကျော် အတွက်မူ ယခုအချိန်သည် ဒီမိုကရေစီ အလင်းရောင် အစပျိုးချိန်ဖြစ်သည်။

မျှော်လင့်ခဲ့ရသော်လည်း ကျင်းပခွင့် ရမည်ဟု ထင်မှတ်မထားသည့် ရှစ်လေးလုံး အရေးတော်ပုံ ငွေရတုပွဲကို မိုင် ၈၀၀ ခန့် ခရီးနှင်ပြီး ရန်ကုန်မြို့တော်သို့ ယခုတော့ သူ ရောက်ရှိနေပြီ။
အစိုးရများ လုပ်ဆောင်လေ့ရှိသော အခမ်းအနားများကဲ့သို့ မဟုတ်ဘဲ မည်သည့် နေရာအတွက်မဆို ထိုင်ခုံအရွယ်တူ၊ ဒီဇိုင်းအတူ ခင်းကျင်းထားသော ခန်းမတွင် အတူတကွ ထိုင်ပြီး ဆွေးနွေးနေနိုင်ပြီ။
"ပြီးခဲ့တဲ့ ၂၅ နှစ်တုန်းက ခံစားချက်တူသူတွေနဲ့ ပြန်တွေ့ရတာ ဖော်မပြတတ်အောင် ပီတိဖြစ်မိတယ်" ဟု ကိုထင်ကျော်က ဆိုသည်။

၁၉၈၈ ခုနှစ်တွင် တစ်ပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ဒီမိုကရေစီတိုက်ပွဲကို ကိုထင်ကျော်တို့ ကဲ့သို့သော ကျောင်းသား လူငယ်များက စတင်ခဲ့သည်။

စနစ်အပြောင်းအတွက် ၁၉၈၈ တစ်နှစ်လုံး ဖုန်းမော်အရေးအခင်း၊ တံတားနီ အရေးအခင်း၊ ဇွန် မြေနီကုန်း အရေးအခင်း စသည့် ဆန္ဒပြပွဲပေါင်းများစွာ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး နောက်ဆုံး သြဂုတ်လတွင် နိုင်ငံတစ်ဝန်းရှိ ရဟန်းရှင်လူပြည်သူအားလုံး အရေးဆိုသည်အထိ ကျယ်ပြန့်လာခဲ့သည်။

တရုတ်တွင် ဒီမိုကရေစီအရေး ဆန္ဒပြခဲ့သည့် တီယန်မင် အရေးအခင်း၊ ဥရောပတစ်လွှား ကွန်မြူနစ် စစ်အေးခေတ်ကို ဖြိုဖျက်ခဲ့သော သင်္ကေတဖြစ်သည့် ဘာလင်တံတိုင်းပြိုလဲခြင်း စသည့် ကမ္ဘာကျော် အရေးအခင်းများ မတိုင်မီ တစ်နှစ်စော ဖြစ်ပွားခဲ့သော မြန်မာ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကို ဒုတိယမြောက် လွတ်လပ်ရေးတိုက်ပွဲဟု ဒေါ်အောင်ဆန်းစုကြည် က ဝိဂြိုဟ်ပြုခဲ့သည်။

စက်တင်ဘာတွင် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တပ်မတော်အစိုးရက အရေးအခင်း၊ ဆူပူအုံကြွမှု စသည်ဖြင့် မည်သို့ပင် ကင်ပွန်းတပ်ခဲ့စေကာမူ ငွေရတု အခမ်းအနား အရောက်တွင်မူ “ဒီမိုကရေစီ အရေးတော်ပုံ” အဖြစ် လက်ခံလိုက်ရပြီ ဖြစ်သည်။

ငွေရတုအခမ်းအနားကို သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနှင့် ဝန်ကြီးအချို့၊ တပ်မတော်အစိုးရ နောက်ခံပြု တည်ထောင်ခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်အချို့ တက်ရောက်ခဲ့သည်။
"ဝန်ကြီး ဦးအောင်မင်းကတော့ ရှစ်ဆယ့်ရှစ်ကို ဒီမိုကရေစီအရေးတော်ပုံလို့ အသိအမှတ်ပြုတယ်။ ဒီမိုကရေစီ အရေးတော်ပုံလို့ သုံးတာကို လက်ခံတယ်လို့ ပြောသွားတယ်" ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောကြားသည်။

ဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်ရေး လူထုဆန္ဒပြမှုကို အကြမ်းဖက်နှိမ်နင်းကာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ် အာဏာရှင်များ ထပ်ကျော့လာပြီး ခရီးကြမ်း နှင်ခဲ့ရပြန်သည်။ ၁၉၈၈ နောက်ပိုင်း အကြီးမားဆုံး လူထုဆန္ဒပြပွဲဖြစ်သည့် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးပြီး နောက်ပိုင်း တပ်မတော်အစိုးရက ကနဦး စီစဉ်ထားသော ဒီမိုကရေစီ လမ်းပြမြေပုံကို ခပ်သွက်သွက် အကောင်အထည်ဖော်ရန် လုပ်ဆောင်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အငြင်းပွားဖွယ်ရာ အတည်ပြု၊ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပကာ ဗိုလ်ချုပ်ကြီးဟောင်းများ ဦးဆောင်သော အရပ်သားအစိုးရကို အာဏာလွှဲခဲ့သည်။

သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးပြီးနောက် နိုင်ငံရေး ဖြေလျှော့မှုများ ပြုလုပ်လာပြီး ဒီမိုကရေစီစနစ် အကောင်အထည်ဖော်ရန် လမ်းစပွင့်လာပြီဖြစ်သည်။
တစ်ချိန်က လမ်းပေါ်ထွက် ဆန္ဒပြခဲ့ သူများ ဦးဆောင်သော ရှစ်လေးလုံးငွေရတုတွင် တိုင်းပြည် ပြန်လည်ထူထောင်ရေး အခြေခံကာ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ နယ်စပ်ဒေသအသီးသီး၊ ထိုမှတစ်ဆင့် ကမ္ဘာတစ်ဝန်းသို့ ရောက်ရှိသွားသော ဒီမိုကရေစီ လှုပ်ရှားသူများအားလုံး ပြန်လည် ခေါင်းချင်းဆိုင်လာကြသည်။ အရောင်အသွေးစုံ။ ကျောင်းသားတပ်မတော်၏ စစ်ဝတ်စုံဝတ်မှ အစ ဂျင်းဘောင်းဘီဝတ် လှုပ်ရှား တက်ကြွသူအဆုံး အားလုံး တစ်မိုးအောက်တွင် ငြင်းခုံဆွေးနွေးကြသည်။

လူထောင်ချီက နှစ်ရက်တာ ဆွေးနွေးခဲ့သည့် အဓိကခေါင်းစဉ်များမှာ တိုင်းရင်းသားအရေး၊ ပြည်တွင်းငြိမ်းချမ်းရေး နှင့် အနာဂတ်ပြည်ထောင်စု၊ လူ့အခွင့် အရေးနှင့် ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှု၊ စစ်မှန်သော အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တိုင်းပြည်ပြန်လည်တည် ဆောက်ရေးနှင့် ဒီမိုကရေစီ အင်အားစုများ၏ အခန်းကဏ္ဍ တို့ဖြစ်သည်။

ယင်းနောက် “ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုကြေညာစာတမ်း” ကို ထုတ်ပြန်ခဲ့သည်။
ကိုယ့်ကြမ္မာကိုယ် ပြဋ္ဌာန်းခွင့်ရှိ၍ တန်းတူညီမျှသော ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်သစ် ထူထောင်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရန် သို့မဟုတ် ပြန်လည်ရေးဆွဲရန်၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်သော အမျိုးသားအင်အားစု အားလုံး ပါဝင်သည့် ညီလာခံတစ်ရပ် ကျင်းပရန် ယင်းကြေညာစာတမ်းတွင် ထုတ်ပြန်ခဲ့သည်။

"ဆွေးနွေးပွဲတွေ လုပ်လိုက်တော့ ပိုနိုးကြားလာတယ်"ဟု ကိုထင်ကျော်က ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို အဖုံးမှ စပြင်ရန်မှအစ အမျိုးသမီးအရေး၊ လယ်သမားအရေး အဆုံး များစွာ ဆွေးနွေး ငြင်းခုံကြပြီး အထက်ပါထုတ်ပြန်ချက် များကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ဆွေးနွေးပွဲများတွင် အထင်ပေါ်ဆုံး အကြောင်းအရာများမှာ ဖက်ဒရယ်စနစ် ဖော်ဆောင်နိုင်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေးတို့ဖြစ်သည်။
အတည်ပြုပြီး ငါးနှစ်သားအရွယ်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေး၊ ဖက်ဒရယ်စနစ်အတွက် တိုင်းနှင့် ပြည်နယ်များ ခွဲခြားသတ်မှတ်ထားမှု၊ အာဏာခွဲဝေမှုများ ပြန်လည်သတ်မှတ်ရေးမှာ လက်ရှိအခင်းအကျင်း အနေအထားအရ မဟာစိန်ခေါ်များ ရှိနေဆဲပင်။

လက်ရှိ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖက်ဒရယ်ကို အခြေခံသောအချက်များ ထည့်သွင်းထားပြီး မလုံလောက်ပါက ပြင်ဆင်ရမည်ဖြစ် ကြောင်း ပြောဆိုထားသည်။

သို့သော် အချို့သော တိုင်းရင်းသား ခေါင်းဆောင်များက ၂၀၀၈ ဖွဲ့စည်းပုံသည် ဖက်ဒရယ်ကို အခြေမခံထားသဖြင့် ပြင်ဆင်ရုံဖြင့် မလုံလောက်ဘဲ အသစ်ပြန်ရေးဆွဲရန် တိုက်တွန်းလျက်ရှိသည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီ (UNFC) ကဲ့သို့သော တိုင်းရင်းသား အဖွဲ့အစည်းအချို့ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြန်လည်ပြုစုလျက် ရှိသည်။

တောက်လျှောက်ဆင်နွှဲခဲ့သော လမ်းပေါ်၊ တောတွင်း ဒီမိုကရေစီတိုက်ပွဲ များသည် ၂၅ နှစ်အကြာတွင် စားပွဲဝိုင်းပေါ်တွင် ဒီမိုကရေစီ အပေးအယူလုပ်ပွဲ များအဖြစ် အသွင်ပြောင်းလာပြီဖြစ်သည်။

အသက်နှစ်ဆယ်ကျော်အရွယ်က တုံးတိုက်တိုက် ကျားကိုက်ကိုက်ဖြင့် အငတ်အပြတ် ခံခဲ့သူများမှာ ယခုအချိန်တွင် နိုင်ငံရေးအရ ရင့်ကျက်မှုတစ်စုံတစ်ရာ ရလာပြီး ကော်ဇောနီများ အကြား၊ ကျီး ဘုတ်မြှောက် ဘုတ် ကျီးမြှောက် အခမ်းအနား များအကြား မည်သို့ရှေ့ခရီးဆက်မည်ကို စောင့်ကြည့်ရတော့မည်ဖြစ်သည်။

ယခုအချိန် ငွေကြေးအသင့်အတင့် ပြေလည်နေပြီး လက်ရှိနေထိုင်ရာ ကော့သောင်းမြို့ နိုင်ငံရေးအသိုင်းအဝိုင်း တွင် တစ်စုံတစ်ရာ ဝင်ဆံ့နေသော ကိုထင်ကျော်အတွက်မူ ထိုသို့သော နိုင်ငံရေးလောကဓံ များကား မထူးဆန်းတော့။
မည်သို့ပင်ဆိုစေ ပြောင်းလဲလာသော နိုင်ငံရေး အရွေ့များအပေါ် မှန်ကန်စွာ သုံးသပ်လုပ်ဆောင်ရန် လိုကြောင်း သူကဆိုသည်။ သို့သော် မဖြစ်မနေ မမေ့ရန် သူ လောဆော်တိုက်တွန်းသည်က ၈၈ စိတ်ဓာတ်။
"မြန်မာပြည်နိုင်ငံရေးက ထောင်ချောက်တွေ အများကြီးရှိသေးတယ်။ သတိကြီးစွာနဲ့ လုပ်သွားဖို့ လိုသေးတယ်" ဟု သူက ဆိုလေသည်။

အရေးတော်ပုံအဖြစ် တရားဝင် အမည်တပ်ကျင်းပခဲ့သော ငွေရတု အခမ်းအနား၏ အဓိက အမှတ်သင်္ကေတမှာ ငြိမ်းချမ်းရေး အထိမ်းအမှတ် ချိုးဖြူငှက်။
သြဂုတ်လ ၆ ရက် ငွေရတုဖွင့်ပွဲနေ့ ရှစ်လေးလုံး သမိုင်းမှတ်တမ်း ဗီဒီယို၏ နောက်ဆုံး သတင်းစကားမှာ “ခွင့်လွှတ်နိုင်တယ်၊ ဒါပေမဲ့ မေ့မပစ်နိုင်ဘူး”။

ပြီးခဲ့သည့် ၂၅ နှစ်က ထားဝယ်ဆန္ဒပြပွဲတွင် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ပေါင်တစ်ဖက်တွင် အရိုးတစ်လက်မခွဲခန့် ပျက်စီးပြီး ခြေတစ်ဖက်တွင် နှစ်လက်မခန့် နိမ့်နေသော ကိုထင်ကျော်ကလည်း လက်စားချေဖို့ အားမပေး။ သူကလည်း အထက်ပါ သတင်းစကားကို ထောက်ခံရင်း အောက်ပါအတိုင်း ပြောဆိုလေသည်။
"တစ်သက်လုံးမေ့လို့ရတဲ့ ကိစ္စတော့ မဟုတ်ဘူး။ ဒါပေမဲ့ တိုင်းပြည်အတွက် လိုအပ်လာရင် ခွင့်လွှတ်ပေးနိုင်တယ်"

(The Voice)

အေးချမ်းမွန် Credit To >> The Voice Weekly << Thanks
Re-posted By ACM 10-8-2013
https://www.facebook.com/excellencemedia

The Voice Weekly 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis