menu

Saturday 24 August 2013

ကုလအထူးကိုယ်စားလှယ်ခရီး နောက်ဆက်တွဲစာမျက်နှာများ(ရေးသားသူ- ထားထားမြင့်)

တီဗွီခလုတ်ကိုဖွင့်၍ စီအင်န်အင်န်ကို ကြည့်မလား။ သို့မဟုတ် ဘီဘီစီကို၊ အေဘီစီ၊ အင်န်ဘီစီ။ အယ်လ်ဂျာဇီးယား။ ဘယ်ရုပ်မြင်သံကြားလိုင်းကို ကြည့်ကြည့်ထိုသတင်းက ထိပ်ဆုံးက။ အင်တာနက်စာမျက်နှာပေါ်က ဂူးဂဲလ်၊ ရာဟူးသတင်းစာမျက်နှာများကို ကြည့်မလား။ ထိုသတင်းကိုရှောင်လွှဲ၍မရ။ အင်တာနက် တီဗီရေဒီယိုမကြည့်၊ နားမထောင်သူဆို လည်းမလွတ်နိုင်ပါ။ စတိုးဆိုင်များ၊ သတင်းစာရောင်းသည့်စင်တာများမှာ တင်ထားသည့် ၀ါရှင်တန်ပို့စ်။ နယူးယောက်တိုင်းမ်သတင်းစာများမှာလည်း ထိုသတင်းက အပြည့်။ ကုလသမဂ္ဂအထူး ကိုယ်စားလှယ်ကို မြန်မာပြည်က လူအုပ်နှင့်တိုက်ခိုက်လိုက်သည့် သတင်းက နေရာတကာမှာပျံ့နှံ့ ရောက်ရှိနေသည်။

ဒေါသထွက်နေသောဗုဒ္ဓဘာသာလူအုပ်ကြီးက ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကို တိုက်ခိုက်ခြင်းဟု ၀ါရှင်တန်ပို့စ်သတင်း စာက ခေါင်းစဉ်တပ်ထားသလို နယူးယောက်တိုင်းမ်ကလည်း ခပ်ဆင်ဆင်သတင်းရေးထားသည်။ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တိုက်ခိုက်မှုကိုမြန်မာပြည်အစိုးရက မကာကွယ်ဘဲကြည့်နေခဲ့သည်ဟု ဖောက်စ်ရုပ်မြင်သံကြားဌာနက သတင်းကြေညာသူကလည်းအာပေါင်အာရင်းသန်သန်ဖြင့် ကြေညာနေသည်။

သြစတြေးလျအေဘီစီရုပ်သံ သတင်းမှာတော့ ရန်ကုန်လေဆိပ်မှာ ကင်တားနားက သတင်းစာရှင်းလင်းပွဲပြုလုပ်နေပုံကို ထုတ်
လွှင့်ပြသခဲ့ပါသည်။ ထိုရှင်းလင်းပွဲမှာ ကင်တားနားက “မိတ္ထီလာမြို့အုပ်ချုပ်ရေးရုံးဆီကို အသွားမှာ။ ၁၉ရက် ည ၁၀ နာရီခွဲလောက်ကပေါ့နော်။ ကားကို လူနှစ်ရာကျော်လောက်ဝိုင်းခဲ့ပြီးသူတို့က ၀ိုင်းအော်ရင်းကားမှန်ပြတင်းကို ရိုက်တယ်။ အချို့က ကားကိုကန်ကျောက်ပါတယ်။ အဲဒီလို လုံခြုံရေးအခြေအနေကြောင့် နဂိုစီစဉ်ထားတဲ့ ပြီးခဲ့တဲ့ မတ်လက အကြမ်း
ဖက်မှုတွေကြောင့် ဒုက္ခသည်တွေဖြစ်ခဲ့တဲ့ မွတ်ဆလင် ၁၆၀၀ ရှိတဲ့ ဒုက္ခသည်စခန်းကို သွားဖို့ဖျက်လိုက်ရတယ်။ ဒီ အဖြစ်အ
ပျက်မှာ ကျွန်တော်အဲဒီလို ဖြစ်နေတုန်း အနီးကရဲကဘာမှ မကာကွယ်ပေးခဲ့တော့ ပြီးခဲ့တဲ့မတ်လတုန်းက လူအုပ်ကြီးက လူ ၄၃ ယောက်ကို မီးရှို့သတ်ခဲ့တုန်းက ဒေသခံတွေဘယ်လောက် ကြောက်ကြမလဲဆိုတာ ကျွန်တော်နားလည်ခံစားလိုက်ရတယ်”ဟု ပြောကြားခဲ့ပါသည်။

ဘင်္ဂါလီအရေးကိစ္စများတွင် ကုလသမဂ္ဂကိုယ်စားလှယ်တစ်ဦး အနေဖြင့် ကင်တားနားဆောင်ရွက်မှုကို မြန်မာပြည်က လူအများ စုက မကျေနပ်ကြပါ။ လူ့အခွင့်အ ရေးကိစ္စများတွင် သူ၏ဆောင်ရွက်ချက်အချို့က ပြောစရာမရှိ သော်လည်း မြန်မာနိုင်ငံအနောက်ပိုင်းရခိုင်ပြည်နယ်က ဘင်္ဂါလီ အရေးတွင် သူ၏ဆောင်ရွက်ချက်ကတစ်ဖက်သတ်ကျလွန်းသည်ဟု အများကမြင်ကြသည်။

“ရခိုင်အရေးမှာဆို ဘင်္ဂါလီတွေပြောသလို မွတ်ဆလင်မို့လို့ နှိပ်စက်တယ်၊ အနိုင်ကျင့်တယ်ပဲ သူနဲ့ ကုလသမဂ္ဂကပြောနေတယ်။ သူတို့တွေ မြန်မာပြည်ထဲကို ခိုးဝင်လာတာ။ အကြမ်းဖက်နေတာကြတော့မပြောဘူး”ဟု ကျောက်ဖြူမြို့မှ ရခိုင်တိုင်းရင်းသူ မခင်
ဌေးက ဆိုသည်။

သို့သော်လည်း သြဂုတ် ၁၉ ရက် ညက ကင်တားနားကို လူအုပ်နှင့်တိုက်ခိုက်ခဲ့သည့် ကိစ္စကမူ မြန်မာအစိုးရအတွက် အရှက်
ရစရာကိစ္စတစ်ခုသာဖြစ်ခဲ့သည်။ ကင်တားနားကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သံတမန်တစ်ဦးကို သံတမန်လုပ်ထုံးလုပ်နည်းအရ အကာအကွယ်ပေးရ မည်မှာ သက်ဆိုင်ရာအစိုးရတိုင်း၏ တာဝန်သာဖြစ်သည်ဟု ဧည့်
လမ်းညွှန်တစ်ဦးဖြစ်သူ ဒေါ်ချောချောကြေးမုံကဆိုသည်။

“မကောင်းဘူးလေ။ မလုပ်သင့်ဘူး။ သံတမန်ကျင့်ဝတ်ကို နားမလည်ရာကျတယ်။ ကြိုက်ကြိုက်၊ မကြိုက်ကြိုက်။ သူက အ လုပ်နဲ့လာတာမဟုတ်လား။ ကင်တားနားကို မိတ္ထီလာမှာလုံခြုံရေး အပြည့်အ၀မပေးတာ။ ဂရုမစိုက်တာက ကလေးဆန်တာဖြစ်သလို တိုင်းပြည်မလုံခြုံဘူးဆိုတာ အလိုလိုပြနေတယ်။ မကောင်းတဲ့အချက်ပဲဖြစ်တယ်။ ကင်တားနား ကောင်းတယ်၊ မကောင်းဘူးဆိုတာ ကျွန်မမပြောလိုဘူး”

မြန်မာနိုင်ငံသို့ သတင်းစာပညာများလာရောက် ပို့ချပေးခဲ့ဖူးသော ကနေဒါနိုင်ငံသား သတင်းစာဆရာ ဂျက်ဖ်ပီယာကမူ ကုလ
သမဂ္ဂကိုယ်စားလှယ်ကို တိုက်ခိုက်မှုသည် အစိုးရဘက်က အာဏာပိုင်များ၏ ပြင်ဆင်ကြံရွယ်မှုဖြစ်နိုင်သည်ဟုဆိုသည်။

“ဘာလို့ ညဘက်ကြီးမှာလူတွေက ရုတ်တရက်ပေါ်လာပြီး သူ့ကိုတိုက်ခိုက်ကြသလဲ။ သူ့ကားမှန်းဘယ်လိုသိကြလဲ။ အလံ
ထောင်ထားလို့လား။ ရဲတွေကရော ဘာလို့ကြည့်နေကြတာလဲ”ဟု ဂျက်ဖ်ပီယာကမေးခွန်းထုတ်လိုက်ပါသည်။

သို့သော် ပြည်ထဲရေးဝန်ကြီး ဌာနအထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးကမူ“ မိတ္ထီလာမှာ ဆန္ဒပြတယ်။ အဲဒီဟာတွေပေါ်မူတည်ပြီး ရဲချုပ်ကို အကူအညီတောင်းတာ။ လေးကြိမ်မြောက်လာတုန်းကတော့ သူလွတ်လွတ်လပ်လပ်သွားချင် တယ်ပြောလို့ လုံခြုံရေးကို ချပေးပေမယ့် ပေါ်ပေါ်တင်တင်မချဘူး” ဟု 7Day Daily သို့ပြောကြားသည်။

အစိုးရ၏ စနက်မပါဘူးဆိုလျှင်လည်း နိုင်ငံမှာတရားဥပဒေ စိုးမိုးမှုမရှိဆိုသည်ကို ပြသခြင်းမျိုး
ဖြစ်ခြင်းကြောင့် ကောင်းသော လက္ခဏာမဟုတ်ဟု ဒေါ်ချောချော ကြေးမုံကဆိုသည်။ အချို့ကမူ
မြန်မာပြည်မှာ လူမုန်းများနေသော ကင်တားနားကို အသုံးပြုပြီးအစိုးရကနိုင်ငံရေးလှည့်ကွက်လုပ်ခြင်းဟုဝေဖန်ကြပါသည်။ သို့သော်လည်းထိုအရာက အစိုးရ၏ လှည့်ကွက်ဟုဆိုလျှင် ကိုယ့်ကိုယ်ကိုယ်ပြန်နင်းမည့်အကွက်တစ်ခုသာဖြစ်ပေမည်။

နိုင်ငံရေး၊ စီးပွားရေးအစစ အရာရာပြုပြင်ပြောင်းလဲမှုလုပ်နေသော မြန်မာနိုင်ငံမှာ ယခုအ ချိန်အထိ ကုလသမဂ္ဂဦးဆောင် သောနိုင်ငံတကာ၏ ထောက်ခံယုံကြည်မှုကို ရရှိရန်အထူးလိုအပ်နေပါသည်။ အာရှမှာပင် မြန်မာနိုင်ငံက ဆင်းရဲဆုံးနိုင်ငံတစ်ခု လိုဖြစ်နေသည်။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးများမှာ နိုင်ငံတ ကာနှင့် နှစ်ပေါင်းများစွာပြတ်ကျန်ခဲ့သလိုဖြစ်နေ၏။

ထို့အတွက်လည်း လူကုန်ကူးခြင်း၊ အခမဲ့လုပ်အားပေးစေခိုင်းခြင်း၊ ကလေးစစ်သားများပြန် လွှတ်ပေးခြင်းအစက မြန်မာအစိုး
ရက များစွာအလျှော့ပေးပြုပြင်ကာကုလသမဂ္ဂအဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်နေသည်။
နိုင်ငံတကာမှာ နာမည်ကောင်း တစ်ခုကို ထိုကဲ့သို့ကြိုးစားပမ်းစားတည်ဆောက်နေချိန်တွင် အားလုံးက မျက်စိဒေါက်ထောက်ကြည့်ရှုခံနေချိန်တွင် ကုလသမဂ္ဂကိုယ်စားလှယ်က သက်သေသက္ကာယဖြင့် မြန်မာဆိုတာဘယ်လိုမျိုးလဲ
ဆိုတာ ပြသလိုက်ခြင်းဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့်မတ်လက မိတ္ထီလာတွင်ဖြစ်ပွားခဲ့သော ဘာသာရေးအကြမ်းဖက်မှုများတွင်လည်း အစိုးရက ထိထိရောက်
ရောက်မဆောင်ရွက်ခဲ့ဖူးဆိုသည်ကိုလည်း ပြသလိုက်သလိုဖြစ်စေခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ကင်တားနားက ထောက်ပြခဲ့ ပါသည်။

“အစိုးရအနေနဲ့ လူစုနဲ့ အကြမ်းဖက်တာတွေကို တားဆီးထိန်းချုပ်ဖို့၊ လူမျိုးဘာသာမရွေးဘဲ စောင့်ရှောက်ပေးဖို့အစိုးရမှာတာ ၀န်ရှိတယ်။ တချို့ဖြစ်ရပ်တွေက မိတ္ထီလာအကြမ်းဖက်မှုမှာ သူတို့ အဲဒါတွေမလုပ်ခဲ့ဘူးဆိုတာမြင်သာစေတယ်။ ဒီကိစ္စမှာတာဝန် ပျက်ကွက်ခဲ့သူတွေကို အရေးယူဖို့လည်း အစိုးရမှာတာဝန်ရှိတယ်”

ကုလသမဂ္ဂကိုယ်စားလှယ် အတိုက်အခံရမှုနှင့် ပတ်သက်ပြီး မြန်မာအစိုးရပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ကင်တားနား၏ ပြောဆိုမှုသည် တကယ့်ဖြစ်ရပ်နှင့် ကွဲလွဲမှုရှိကြောင်း၊ ထိုနေ့က ရဲအင်အား ၃၀ ကျော်ကို ကင်တားနားကားနားမှာ ချထားခဲ့သည်ဟု ဆိုသည်။ ကားကိုထုရိုက်သည်မ ဟုတ်ဘဲ မှန်ခေါက်ပြီး စာနှင့် တီရှပ်ကို ပြခဲ့ခြင်းဖြစ်သည်ဟု သူက ပြောကြားသည်။ သို့သော်လည်း နိုင်ငံတကာသတင်းစာမျက်နှာများတွင်တော့ ထိုသတင်းက တစ်စထက်တစ်စ တောမီးပမာ ပျံ့နှံ့နေ ရာယူနေပါသည်။ ထိုအထဲတွင် အချောင်နာမည်ပျက်ရသည်မှာ တော့ မေတ္တာကရုဏာတို့ဖြင့် အ ခြေခံထားသည့် ဗုဒ္ဓဘာသာဖြစ်ပါသည်။ ကျောက်ဖြူမြို့မှ ရခိုင်တိုင်းရင်းသူ မခင်ဌေးကတော့“ကင်တားနားကို မကြိုက်ပါဘူး။ ဒါပေမဲ့ သူ့ကိုသွားတိုက်ခိုက်တာက ဘင်္ဂါလီရိုဟင်ဂျာတွေအထိနာဖို့ထက် ကိုယ်အထိနာဖို့ပဲ ဖြစ်နေပြီ။ အခုလိုသွားလုပ်လိုက်
တော့ သူတို့ပြောသလို အကြမ်းဖက်သမားဆိုတာ ဟုတ်တယ်ဆို တာမျိုးဖြစ်သွားတာပေါ့”။
 
7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis