menu

Sunday 19 May 2013

အိပ်မက်စာမေးပွဲ (မင်းလူ)

Photo: အိပ်မက်စာမေးပွဲ (မင်းလူ)
===============

ဒီနေ့ည ဘယ်လိုအိပ်မက်မျိုးမက်လိမ့်မည်ဟု ဘယ်သူမှ ကြိုတင်သိနိုင်လိမ့်မည် မဟုတ်ချေ။ 
လူ့အခွင့်အရေးကို အချိုးဖောက်ဆုံး၊ အပိတ်ပင်ဆုံးအရာမှာ အိပ်မက်ပင်ဖြစ်၏။ လူတို့အနေဖြင့် 
ကိုယ်မက်ချင်သော အိပ်မက်ကို မက်ခွင့်မရှိ။ မမက်ချင်သော အိပ်မက်မျိုးကိုလည်း မမက်ဘဲ
နေချင်လို့မရ။ အိပ်မက်ဆိုသည်မှာ ရုပ်မြင်သံကြားတို့၊ ရေဒီယိုတို့လို နောက်တစ်နေ့ အစီအစဉ်ဆိုပြီး 
ကြိုတင်ကြော်ငြာထားတာမျိုးလည်း မဟုတ်။ သူ့ဘာသာ မက်ချင်သည့်နေ့မှာ မက်ချင်တာမက်တာမျိုး
ဖြစ်၏။ အိပ်မက်ကို တားဆီးနိုင်သည့် နည်းလမ်းတစ်ခုပဲ ရှိသည်။ မအိပ်ဘဲနေဖို့ပင် ဖြစ်ပါသည်။

သို့ရာတွင် လူတို့သည် မအိပ်ဘဲနေလို့ရသော အမျိုးမဟုတ်သဖြင့် အိပ်မက်နှင့် ကင်းကင်းရှင်းရှင်းနေလို့ 
မဖြစ်နိုင်ချေ။ ဒါဆိုလျှင် လူတွေမက်နေကြသော အိပ်မက်များသည် ဘယ်ကလာသနည်း။ ဘယ်သူတွေက 
စီစဉ်တင်ဆက်နေကြသနည်း။ ပုဂ္ဂိုလ်တစ်ယောက်ယောက်ကသာ တာဝန်ယူ ဆောင်ရွက်နေတာမျိုးဆိုလျှင် 
တော်တော် ဦးနှောက်စားရပေလိမ့်မည်။ ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာတို့အတွက် အိပ်မက်ပရိုဂရမ်တွေ 
ရေးဆွဲဖို့ အမျိုးပေါင်း ထောင်နှင့်ချီသော ဘာသာစကားများဖြင့် ထုတ်လွှင့်ပေးဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။ 
တချို့လူများမှာ တစ်ညတည်း အိပ်မက်သုံးလေးခု မက်တာလည်း ရှိသေးသည်။

တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်က အိပ်မက်ပေးပြီး နှိုးဆော်တတ်သည် ဆိုသော အယူအဆရှိခဲ့သည်။ 
ထူးခြားတိုက်ဆိုင်မှုတွေ ကြားဖူးသဖြင့် မဟုတ်နိုင်ဘူးဟုလည်း မငြင်းလို၊ ဟုတ်ပါတယ်ဟူ၍လည်း 
မထောက်ခံနိုင်။ ဒါမျိုးကိုတော့ ချွင်းချက်ထားရပေတော့မည်။ ယေဘုယျအားဖြင့် အိပ်မက်တွေကို 
စီစဉ်တင်ဆက်နေသူမှာ လူတို့၏ မသိစိတ်ပင် ဖြစ်၏။ လူတွေ အိပ်ပျော်သွားသည့်တိုင် 
ဇီဝလှုပ်ရှားမှုကတော့ မရပ်ဘဲ လှုပ်ရှားနေသည်။ သွေးလှည့်ပတ်မှုကလည်း ဆက်လက်ရှိနေသည်။ 
ဦးနှောက်ဆီသို့လည်း သွေးရောက်ရှိသည်။ ထိုအချိန်သည် သိစိတ်နှင့် မသိစိတ်တို့ ဂျူတီချိန်းသည့်
အချိန်ပင် ဖြစ်၏။ သိစိတ်က အနားယူပြီး မသိစိတ်က ထိုအခါကျမှ အလုပ်လုပ်ဟန်တူသည်။

သိစိတ်သည် လူတို့နိုးထနေသည့်အချိန်တွင် အလုပ်လုပ်ရခြင်းဖြစ်သဖြင့် အာရုံငါးပါးစလုံး၏ ရိုက်ခတ်မှု
အပေါ် တုံ့ပြန်ရသည်။ ထို့ကြောင့် သိစိတ်၏ သဘောသဘာဝက ထွေပြားသည်။ မြင်သမျှ၊ ကြားသမျှ၊ 
ဆိုင်တာတွေရော၊ မဆိုင်တာပါ ထွေပြားစွာ ဆက်ဆံရသည်။ အရေးကြီးသော အချက်အလက်တွေကို 
မမှတ်မိလိုက်တာမျိုး၊ ဘာမဟုတ်တာလေးကို စွဲစွဲမြဲမြဲ မှတ်သားမိတာမျိုး ဖြစ်တတ်သည်။ ဒါတွေကို 
ညအိပ်ပျော်ပြီဆိုမှ မသိစိတ်က အေးအေးဆေးဆေး ပြန်လည် စိစစ်ရဟန်တူသည်။ ဦးနှောက်၏ 
မှတ်ဥာဏ်ကဏ္ဍတွင် တစ်နေ့လုံး သောင်းပြောင်း ရောမှတ်ထားတာတွေကို ခွဲခြမ်းစိတ်ဖြာပြီး 
မှတ်သင့်တာမှတ်၊ ပယ်သင့်တာပယ် လုပ်ပုံရသည်။

သို့တိုင်အောင် သိစိတ်နှင့် မသိစိတ်တို့သည် ကွန်ပျူတာက ခလုတ်တွေလို သီးခြားဆားကစ်တွေ 
မဟုတ်ကြသဖြင့် လုပ်ငန်းချင်း လုံးဝစည်းခြားလို့ မရနိုင်ချေ။ တစ်ခါတစ်ရံ တစ်ဦးအလုပ်ကို တစ်ဦးက 
ဝင်ရှုပ်ချင် ရှုပ်တတ်သည်။ ထိုအချိန်သည် အိပ်မက်များ ဖြစ်ပေါ်လာသောအချိန်ပင်ဖြစ်၏။ တစ်ခါတစ်ရံ 
လူတို့အိပ်ပျော်နေစဉ် ရာသီဥတုကြောင့်ဖြစ်စေ သွေးလှည့်ပတ်မှု အပြောင်းအလဲ ဖြစ်တတ်သည်။ ထိုအခါ 
ဦးနှောက်၏ မှတ်ဥာဏ်အပိုင်းကို သွားနှိုးဆွချင် ဆွတတ်သည်။ သိစိတ်က အိပ်ပျော်နေသဖြင့် 
မှတ်သားထားသော အချက်အလက်များသည် အစီအစဉ်တကျ ပေါ်လာခြင်းတော့ မဟုတ်။ ဟိုတစ်စ 
ဒီတစ်စပေါင်းစပ်ပြီး ဆောင်းတွင်းအိပ်မက် ကယောက်ကယက်တွေ ဖြစ်လာသည်။

တစ်ခါတလေကျတော့ အကြောင်းတစ်ခုခုကြောင့် သိစိတ်သည် နိုးတစ်ဝက် အခြေအနေကို 
ရောက်လာသည်။ လုံးဝ နိုးထခြင်းလည်း မရှိသေးသဖြင့် သိစိတ်၏ စိတ်ကူးစိတ်သန်းများသည် 
အိပ်မက်များ ဖြစ်လာကြပြန်သည်။ လူတို့အတွက် အိပ်မက်များ လိုအပ်သည်ဟု ပညာရှင်များက 
ဆိုကြသည်။ လက်တွေ့ဘဝ၏ အလိုမပြည့်မှုများကို အိပ်မက်ထဲတွင် ဖြည့်စွမ်းပေးဖြင်းဖြင့် စိတ်ဖိစီးမှုများမှ 
အခိုက်အတန့် သက်သာရာရစေသည်။ ညစဉ်ညတိုင်း အိပ်မက်ပေါင်းများစွာ ဆက်တိုက် မက်တတ်သူမျိုး
ကျတော့လည်း စိတ်လှုပ်ရှားမှု များလွန်းသူဟု ဆိုနိုင်သည်။

အမျိုးအစားတူသော အိပ်မက်မျိုးကို မကြာခဏ မက်တတ်ခြင်းသည် ရောဂါတစ်ခုခု ရနေခြင်းနှင့် ဆိုင်သည်ဟု 
ဆို၏။ ဥပမာ.... ရေနစ်ပြီး မွန်းနေတာမျိုး၊ အလွန်ကျဉ်းမြောင်းသော လိုဏ်ခေါင်းတို့၊ အခန်းတို့လို နေရာမျိုးကို 
ရောက်ပြီး အသက်ရှူကျပ်နေသည့် အိပ်မက်မျိုး ခဏခဏမက်လျှင် အဆုတ်စသော အသက်ရှူခြင်းနှင့် ဆိုင်သည့် 
ရောဂါတစ်ခုခု ရှိနိုင်သည်။ တိုက်အမြင့်ကြီးပေါ် တက်ရတာ၊ ချောက်ကမ်းပါးမှ ပြုတ်ကျလုလု 
ဖြစ်ရတာ၊ အသည်းတယားယား၊ ရင်တဖိုဖို ဖြစ်ပြီး မောပန်းရတာမျိုး မြင်မက်လျှင် နှလုံးရောဂါဖြစ်နိုင်သည်ဟု 
ဆိုသည်။ တစ်ခါတစ်ခါမှာတော့ သိစိတ်နှင့် မသိစိတ်တို့ ပဋိပက္ခ ဖြစ်တတ်ကြသည်။ မသိစိတ်က သူစွဲလန်းခဲ့သော 
အကြောင်းအရာတစ်ခုကို အိပ်မက်အဖြစ် အကောင်အထည်ဖော်နေစဉ်မှာ သိစိတ်က လက်မခံဘဲ ကန့်ကွက်ဖို့ 
ကြိုးစားရာမှ ဖျတ်ခနဲ လန့်နိုးရတာမျိုး ဖြစ်တတ်သည်။

ဘာပဲဖြစ်ဖြစ် လူတို့သည် အိပ်မက်ကို လိုသလို ဆွဲယူနိုင်စွမ်း မရှိသဖြင့် ကိုယ့်ဦးနှောက်ကို ကိုယ် မပိုင်နိုင်ကြောင်း 
သိသာလှသည်။ တိရစ္ဆာန်တွေကကော အိပ်မက်မက်ကြသလားဟု သိချင်သည်။ အချို့သော တိရစ္ဆာန်တွေမှာလည်း 
အဆင့်အတန်းမနိမ့်လှသည့် ဦးနှောက်များရှိနေသဖြင့် သိစိတ် မသိစိတ် ဆိုတာတွေ ပါချင်ပါနေမည်။ ထိုအခါ 
သူတို့သည်လည်း စိတ်ကူးယဉ်ချင်ယဉ်ကြမည်။ တစ်ဘက်ခြံက ခွေးမလေးကို သဘောကျနေမိတာမျိုး၊ နေ့လည်က 
လူတွေ စားသောက်တာမြင်ပြီး သွားရည်ယိုမိတာမျိုး ရှိချင်ရှိမည်။ ညအိပ်တော့မှ ခွေးမလေးနှင့် အဆင်ပြေတာမျိုး၊ 
ကြက်ပေါင်ကြီး ကိုက်ရတာမျိုး အိပ်မက်မက်ကောင်း မက်နိုင်သည်။ တစ်ခါတလေ ခွေးတွေ ငိုက်မြည်း 
အိပ်ပျော်နေရာမှ ဆတ်ခနဲ ခေါင်းထောင်ပြီး မဆီမဆိုင် ထဟောင်တာ၊ အူတာမျိုး တွေ့ဖူးသည်။

ထားပါတော့။ ကိုယ်လည်း ခွေးမဖြစ်ဖူးသဖြင့် တိတိကျကျတော့ မပြောနိုင်။ ကျွန်တော် မက်ဖူးသော 
အိပ်မက်များ အကြောင်းကိုသာ ပြောတာ ကောင်းလိမ့်မည်။ ကျွန်တော် အရင်က မကြာခဏ မက်လေ့ရှိသည့် 
အိပ်မက်မှာ ဖိနပ်ပျောက်သည့်အကြောင်း ဖြစ်၏။ အလှူအိမ်လို နေရာမျိုးမှ ပြန်အထွက်မှာ ဖိနပ်ရှာလို့ မရတာမျိုး၊ 
ရုပ်ရှင်ကြည့်နေတုန်း ဖိနပ်တစ်ဖက် ပျောက်သွားတာမျိုးတွေ ဖြစ်၏။ တစ်ခါတလေကျတော့ ဖိနပ်မပါဘဲ 
လူတွေကြားထဲ ရောက်နေတာ၊ ဈေးထဲမှာ ဖိနပ်ဆိုင် လိုက်ရှာတော့ တစ်ဈေးလုံး ငါးသည်တွေချည်း ဖြစ်နေတာ၊ 
ဖိနပ်ဝယ်ပြီး ပြန်ထွက်လာတော့မှ စီးနေကျ ညှပ်ဖိနပ် မဟုတ်ဘဲ စစ်ဖိနပ်ကြီး ဖြစ်နေတာ စသည်ဖြင့် မက်လေ့ရှိ၏။ 
ဒါဆိုလျှင် ကျွန်တော့်မှာ စိတ်ဖိစီးမှု တစ်ခုခု ရှိခဲ့ပေလိမ့်မည်။ ခုနောက်ပိုင်း ဒီလို အိပ်မက်မျိုး မမက်တော့သဖြင့် 
တော်သေးသည်။

ကျွန်တော်သည် ဦးနှောက်နှင့်တွေးရသည့် စိတ်အလုပ်များသောကြောင့်လား မသိ၊ ညတိုင်းလိုလို 
အိပ်မက်တစ်ခုမဟုတ် တစ်ခု မက်လေ့ရှိသည်။ အနည်းဆုံး ဘာမှန်းမသိသည့် နိုးလာလျှင် ပြန်မမှတ်မိသည့် 
အိပ်မက်အတိုအစလေး တစ်ခုလောက်ဖြစ်ဖြစ်တော့ မက်လေ့ရှိ၏။ ပြီးတော့ ကျွန်တော်၏ အိပ်မက်များသည် 
ရိုးရိုးစင်းစင်း ဖြစ်လေ့မရှိ။ ထူးဆန်းသလိုလို၊ ကြောင်တောင်တောင် နိုင်သလိုတွေသာ များသည်။ အိပ်မက်ကို 
အတိတ်ကောက်တတ်သူများ အနေနှင့် ကျွန်တော့် အိပ်မက်တွေကို ကောက်ကြည့်လျှင် ရွာလည်သွားနိုင်သည်။

အိပ်မက်ထဲမှာ နိုင်ငံခြားကို ကျွန်တော် သွားရသည်။ ဘယ်နိုင်ငံကို သွားရတာလဲ၊ ဘာအတွက်လဲ ဆိုတာတော့ 
မသိ။ ဘောင်းဘီတွေ၊ ကုတ်တွေနှင့်တော့မဟုတ်။ လုံချည်နဲ့ပဲဖြစ်၏။ လေယာဉ်ပျံပေါ် တက်ပြီး ထိုင်မယ်လုပ်တော့ 
ထိုင်ခုံတွေက ဆိုဖာမဟုတ်။ မီးရထားရိုးရိုးတန်းတွဲကလို သစ်သားထိုင်ခုံတွေ ဖြစ်၏။ လေယာဉ်က ပြေးလမ်းပေါ်မှာ 
အရှိန်ယူပြီးနောက် လေထဲသို့ ထိုးဖောက်ပျံတက် မသွားချေ။ ပြေးလမ်းဆုံးတော့ ကတ္တရာလမ်းပေါ် ရောက်လာသည်။ 
နောက်တော့ ရန်ကုန်မြို့ထဲက ကားတွေကြားမှာ သွားနေသည်။ ပြီးတော့ မြို့ပြင်ရောက်လာသည်။ 
သစ်တောအုပ်တွေကိုလည်း ဖြတ်ရသည်။ တောင်ပေါ်လမ်းတွေကိုလည်း ကွေ့ကွေ့ကောက်ကောက် တက်ရသည်။ 
ဒီလိုနှင့် နိုင်ငံခြားဆိုတာကို မရောက်ခင် လန့်နိုးလာလေတော့သည်။

အိပ်မက်တွေဟာ ကာလာရောင်စုံနှင့်လား၊ အဖြူအမည်း (ဘလက်အင်ဝှိုက်)လားဟု သူငယ်ချင်းတစ်ယောက်ကို 
ကျွန်တော် မေးဖူးသည်။ သူသည် အတန်ကြာအောင် မျက်မှောက်ကုပ်၍ စဉ်းစားနေပြီးမှ “ကာလာနဲ့လို့တော့ 
ထင်တာပဲကွ။ တစ်ခါတလေ အိပ်မက်ထဲမှာ အင်္ကျီအပြာနဲ့ ကောင်မလေးတို့၊ အနီရောင်အိမ်ကြီးတို့ ပါတတ်တာကိုး၊ 
ဒါပေမယ့် ကိုယ့်စိတ်က အနီရောင်၊ အပြာရောင် စသည်ဖြင့် သတ်မှတ်မိတာလည်း ဖြစ်ချင်ဖြစ်မယ်။ သိပ်တော့ 
မသေချာဘူးကွ။ ဒီတစ်ခါ အိပ်မက်မက်မှပဲ သတိထားကြည့်ရမှာပဲ”ဟု ပြန်ပြောသည်။  နောက်တစ်ခါ တွေ့ကြတော့ 
“ဟေ့ကောင်၊ မင်း အိပ်မက်မက်သေးလား။ ကာလာလား၊ ဘလက်အင်ဝှိုက်လား” ဟု မေးသောအခါ သူက 
စိတ်ရှုပ်ဟန်ဖြင့် “ပြောရခက်တယ်ကွ” ဟူ၍သာ ဖြေသည်။

ငွေနှင့် ပတ်သက်သောအိပ်မက်မျိုးတွေလည်း မက်ဖူးသည်။ အိပ်မက်ထဲတွင် ဝမ်းထဲက ရစ်ပြီးနာသဖြင့် 
အိမ်သာတက်သည်။ ငုံ့ကြည့်လိုက်သောအခါ မစင်တွေအစား ငွေစက္ကူတွေ ထွက်ကျလာသည်ကို တွေ့ရ၏။ 
ကျွန်တော့်မိန်းမကတော့ “ဒါလာဘ်ကောင်းတယ်၊ ငွေဝင်လိမ့်မယ်” လို့လည်း ပြောသည်။ ဘာမှ ထူးခြားပြီး 
ငွေရပေါက်ကြုံတာမျိုးတော့ မရှိခဲ့။ ဟိုအရင် အကြွေတွေ သုံးနေကြသည့် အချိန်က မက်သော အိပ်မက်ကတော့ 
ဘတ်စ်ကားပေါ်တက်ပြီး ကားခပေးဖို့ ငါးမူးစေ့ကို ထုတ်လိုက်သောအခါ ပိုက်ဆံမှာ အပြားအဝိုင်း မဟုတ်ဘဲ 
ဘောစေ့လို အလုံးကလေးတွေဖြစ်နေကြောင်း တွေ့ရ၏။ အိပ်မက်ထဲမှာ သူငယ်ချင်း သင်္ဘောသား
တစ်ယောက်က ဒေါ်လာတွေ တထပ်ကြီး လာပေးသည်။ သို့ရာတွင် ဒေါ်လာတွေပေါ်မှာ ရိုက်နှိပ်ထားတာက 
ကျွန်တော်၏ဓာတ်ပုံတွေ ဖြစ်နေလေသည်။

သေဆုံးသွားပြီးသူတွေကိုလည်း အိပ်မက်ထဲမှာ ပြန်တွေ့ရတတ်သည်။ အဖေက ငါ့မှာ သားသမီးတွေကော၊ 
မြေးတွေကော များတယ်၊ အားလုံးစီးလို့ရအောင် ဆိုပြီး မီးရထားကြီး တစ်စင်း ဝယ်လာတာမျိုး။ အဘိုးနှင့် 
အဘွား အိမ်ကို လာလည်တာမျိုး။ ကြီးတော်ကြီးက သူမဆုံးခင်က ကျွန်တော့ကို ပေးသွားသော လက်ပတ်နာရီ 
ပျောက်လို့ လာဆူတာမျိုး မက်တတ်သည်။ ဒီလို အိပ်မက်မျိုးကိုတော့ ကျွန်တော် သဘောကျသည်။ ကိုယ့် 
မိဘဘိုးဘွား ဆွေမျိုးသားချင်းတွေကို အိပ်မက်ထဲမှာ ပြန်ဆုံပြီး အလွမ်းပြေရသောကြောင့် ဖြစ်၏။ 
အိပ်မက်ထဲမှာ သမီးရည်းစားဘဝ ပြန်ရောက်သွားတာမျိုးလည်း ရှိသေးသည်။ တစ်ခါတစ်ရံ ကျွန်တော့်
မိန်းမသည် တကယ့် သမီးရည်းစားဘဝက အရွယ်မျိုးလေး ဖြစ်သည်။ တစ်ခါတလေကျတော့ သမီးရည်းစားသာ 
ဆိုတယ်၊ ယခု လက်ရှိအရွယ်၊ လက်ရှိပုံစံမျိုးသာ ဖြစ်နေပြီး အိပ်မက်ထဲမှာ ကလေးတွေရော ပါနေသဖြင့် 
ဘယ့်နှယ့်ပါလိမ့်ဟု နားမလည်ဖြစ်ရတာမျိုးလည်း ကြုံဖူးသည်။

အိပ်မက်တစ်ခုထဲတွင် ကျွန်တော်နှင့် လေဒီဒိုင်ယာနာတို့ ကြိုက်နေကြသည်။ နှစ်ယောက် စကားထိုင်ပြောနေရင်း 
လေဒီဒိုင်ယာနာက သူ့ပါးစပ်ထဲမှ သွားတုအံကပ်ကြီးကို ဖြုတ်ပြီး ဖွဲပြာနှင့် တိုက်နေတာ တွေ့ရသဖြင့် ကျွန်တော် 
အလွန် စိတ်ပျက်သွားရ၏။ နှစ်လတစ်ခါ သုံးလတစ်ခါလောက် မက်တတ်သော အိပ်မက်တစ်ခုအကြောင်းကိုလည်း 
ပြောပြချင်သေးသည်။ ကျောင်းသားဘဝကို ပြန်ရောက်သွားသော အိပ်မက်ပင် ဖြစ်၏။ ကျောင်းကလည်း ငယ်ငယ်က 
တက်ခဲ့ရသည့် အလွန်စည်းကမ်းကြီးသောကျောင်း။ အိပ်မက်တိုင်းလိုလိုမှာလည်း စာမေးပွဲ ဖြေခါနီး၊ တစ်ခါတလေ 
စာမေးပွဲခန်းထဲ ရောက်နေသည့် အချိန်မျိုး။ စာတွေကလည်း တစ်လုံးမှ မကျက်ရသေး။ ဒုက္ခပါပဲ။ စာမေးပွဲတော့ 
ကျတော့မှာပဲဟု စိုးရိမ်သောကရောက်နေတုန်း လန့်နိုးလာတတ်သည်။
	
ထိုအိပ်မက်အကြောင်း မိန်းမကို ပြောပြတော့ သူလည်း ဒါမျိုးမက်တတ်သည်ဟု ပြော၏။ သူငယ်ချင်းတွေကို 
မေးကြည့်တော့လည်း စာမေးပွဲမဖြေနိုင်သည့် အိပ်မက်မျိုးကို ခုချိန်ထိ တစ်ခါတစ်ခါ မက်တုန်းပဲဟု ပြောကြသည်။
တစ်ခါက ကျွန်တော်တို့အဖေ ပြောဖူးသည်။
“ညက အိပ်မက်ထဲမှာ စာမေးပွဲဖြေရတယ်လို့ မက်တယ်ကွ။ အသက်ကကြီးတော့ စာတွေကလည်း မေ့ကုန်ပြီ။ 
ငါ့နှယ် ဒုက္ခရောက်လိုက်တာကွာ။ တစ်ရေးနိုးတော့ အိပ်မက်အကြောင်း စဉ်းစားပြီး တစ်ယောက်တည်း 
ကျိတ်ရယ်မိသေးတယ်။ အင်း.... ဒါကြောင့်လဲ လူ့ဘဝဆိုတာ မေးခွန်းတွေနဲ့ အတူတူ မွေးဖွားလာခဲ့ပြီး အဲဒီ 
မေးခွန်းတွေရဲ့ အဖြေကို ရှာဖွေရင်းနဲ့ အချိန်တွေ ကုန်ကြရတာပဲလို့ ပညာရှိတွေက ပြောခဲ့တာပေါကွာ။”

တကယ်တော့ လူတို့သည် အိပ်မက်ထဲမှာသာ မဟုတ်။ လက်တွေ့ဘဝမှာလည်း စာမေးပွဲနှင့် လွတ်အောင်
ရှောင်လို့ မရနိုင်ချေ။ ကျောင်းမှာတုန်းက ဖြေရသည့် စာမေးပွဲ။ အလုပ်ရဖို့ ဖြေရသော စာမေးပွဲ။ ရာထူးတိုးဖို့ 
ဖြေရသည့် စာမေးပွဲ။ မှတ်ပုံတင်၊ နိုင်ငံသားလက်မှတ် လုပ်သောအခါ ဖြေရသည့် စာမေးပွဲ။ ပတ်စပို့ 
လျှောက်သည့်အခါ ဖြေရသည့် စာမေးပွဲ။ ဧည့်စာရင်းတိုင်သည့်အခါ ဖြေရသည့် စာမေးပွဲ။ ဈေးထဲက 
စာမေးပွဲ။ ဘတ်စ်ကားပေါ်က စာမေးပွဲ....။ အိပ်မက်စာမေးပွဲ။ စသည်ဖြင့် များစွာ.... ....။

နောက်ဆုံး လုံးဝ ခိုးချလို့မရသည့် စာမေးပွဲတစ်ခုကိုလည်း လူတိုင်းလူတိုင်း ကျိန်းသေ ဖြေရပေဦးမည်။ 
သေဆုံးပြီးနောက် ယမမင်းဆီမှာဖြေရမည့် စာမေးပွဲပင်ဖြစ်လေ၏။

မင်းလူ
--------------
ဝါနီပြာ မဂ္ဂဇင်း၊ 
ဒီဇင်ဘာ၊ ၁၉၉၄

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis