menu

Tuesday 29 January 2013

"၀" ဒေသတွင် တွေ့ဆုံဆွေးနွေးရန် ကေအိုင်အိုနှင့် အစိုးရ သဘောတူ

Photo: "၀" ဒေသတွင် တွေ့ဆုံဆွေးနွေးရန် ကေအိုင်အိုနှင့် အစိုးရ သဘောတူ

နန်းမြနဒီ ၂၀၁၃ ဇနန၀ါရီလ ၂၉ ရက် ( အင်္ဂါနေ့ )

ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) နဲ့ အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ၀ဒေသမှာ လာရောက်ဆွေးနွေးဖို့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (့UWSA) က ဖိတ်ခေါ်လိုက်တဲ့အပေါ် အစိုးရနဲ့ ကေအိုင်အိုက သဘောတူလိုက်ပါတယ်။

အစိုးရဘက်က သဘောတူကြောင်း လွန်ခဲ့တဲ့ ၃ ရက်လောက်က တုံ့ပြန်ခဲ့သလို ကေအိုင်အိုဘက်ကလည်း ဒီကနေ့ နေ့ခင်းပိုင်းမှာ အကြောင်းပြန်ခဲ့တယ်လို့ UWSA ၀ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်ဘက် ပြောခွင့်ရ ဦးအောင်မြင့်က ပြောပါတယ်။

“အစိုးရဘက်က လွန်ခဲ့တဲ့ ၂-၃ ရက်က အကြောင်းပြန်ပါတယ်။ လက်ခံနိုင်ပါတယ်။ ဒီမှာလာ ဆွေးနွေးမယ် ဆိုလာမယ်။ ကေအိုင်အိုဘက်ကတော့ ဒီနေ့ နေ့လယ် ၁၂ နာရီမှာ အကြောင်းပြန်တယ်။ သူတို့လက်ခံပါတယ်၊ ကေအိုင်အိုအနေနဲ့ လာမှာပါ။ ဒါက သဘောထားအရင်ဖော်ပြပြီပေါ့။”

နှစ်ဖက်စလုံးက သဘောတူလိုက်ပေမယ့်လည်း ဘယ်နေ့ ဘယ်အချိန် တွေ့မယ်ဆိုတာ မသတ်မှတ်ရသေးဘူးလို့ ဦးအောင်မြင့်က ပြောပါတယ်။

UWSA ၀တပ်ဖွဲ့ဟာ ကေအိုင်အိုနဲ့ အစိုးရတို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို သူတို့ဌာနချုပ် ပန်ဆန်းမြို့မှာ လာရောက်ကျင်းပဖို့ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၄ ရက်နေ့က နှစ်ဖက်အဖွဲ့တွေကို ကမ်းလှမ်းထားတာပါ။

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒု - ဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်မင်းကလည်း ငြိမ်းချမ်းရေးအတွက် ဘယ်နေရာမဆို ဆွေးနွေးနိုင်တယ်လို့ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၇ ရက်နေ့က ရန်ကုန်မှာ လူမှုအခြေပြုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံစဉ်က ပြောကြားခဲ့တယ်လို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေက ပြောပါတယ်။

“ဦးအောင်မင်းရှင်းပြတာတွေကို နားလည်သလောက်ကတော့ ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းက ကူညီတာပဲဖြစ်ဖြစ် သူ့အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကြိုဆိုပါတယ် ဆိုတာကို မြန်မာငြိမ်းချမ်းရေးစင်တာကလူတွေကို ရှင်းပြထားတယ်။ ဒါကြောင့် အဲလိုပဲ ကျနော်က နားလည်ပါတယ်။”

ကေအိုင်အိုနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ အစိုးရဘက်က ဇန်န၀ါရီ ၁၉ ရက်နေ့က စာတစောင်ပေးပို့ ကမ်းလှမ်းခဲ့ပေမယ့် ကေအိုင်အိုဘက်က တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် မဆွေးနွေးနိုင်ကြောင်း၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အနေနဲ့သာ ဆွေးနွေးမယ့်အကြောင်း အကြောင်းပြန်ခဲ့ ပါတယ်။

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဟာ လာမယ့် ဖေဖော်ဝါရီ ပထမပတ်ထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်တဲ့ ယူအန်အက်ဖ်စီနဲ့ ထိုင်းနိုင်ငံမှာ တွေ့ဆုံဆွေးနွေးဖို့ရှိပြီး ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးရာမှာ ကချင်ကိစ္စတွေလည်း ပါဝင်ဖွယ်ရှိတယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေဘက်ကတော့ ကာလရှည်ကြာ တိုက်ပွဲကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ငဲ့ညှာပြီး တိုက်ပွဲတွေ အဆုံးသတ်စေချင်တဲ့အကြောင်း အစိုးရရော ကေအိုင်အေ နှစ်ဘက်လုံးကို တောင်းဆိုထားတယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

“အစိုးရနဲ့ ကေအိုင်အို နိုင်ငံရေးနည်းလမ်းအရ မဟုတ်ဘဲ စစ်ရေးအရ ဖြေရှင်းကြပြီး ပြည်သူတွေ ဆင်းရဲဒုက္ခရောက်တာ မြင်ရတော့ ကျနော်တို့အနေနဲ့က နိုင်ငံရေးစားပွဲမှာထိုင်ပြီး နိုင်ငံရေးအရဖြေရှင်းဖို့ နှစ်ဦးနှစ်ဖက်ကို တိုက်တွန်းခဲ့ပါတယ်။ တပ်တွေကို ဆုတ်ပြီးမှ ယုံကြည်မှုတည်ဆောက်ပြီး နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းပြီးမှ ငြိမ်းချမ်းရေးဖြစ်ပေါ်လာမယ် ဆိုတာကိုလည်း အစိုးရကိုလည်း စာနဲ့သော်လည်းကောင်း၊ ကိုယ်တိုင်သွားပြီးတော့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစိုင်းမောက်ခမ်းနဲ့လည်းတွေ့ပြီး၊ တင်ပြထားပြီးပါပြီ။ ကေအိုင်အိုကိုလည်း တိုက်တွန်းပါတယ်။ ငြိမ်းချမ်းရေးဖြစ်ဖို့ကိစ္စ အမြန်ဆုံးအကောင်အထည်ဖော်ဖို့ အရေးကြီးတယ်လို့ ကျနော်ပြောပါတယ်။”

ကေအိုင်အိုနဲ့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဟာ အလွတ်သဘောအနေနဲ့ရော တရားဝင်အနေနဲ့ပါ စုစုပေါင်း ၈ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ပေမယ့် တိကျတဲ့ သဘောတူညီချက်တွေ မရခဲ့ပါဘူး။

အစိုးရဘက်က အရင်ဆုံး အပစ်အခတ်ရပ်ပြီးမှ နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ချင်ပေမယ့် ကေအိုင်အိုဘက်ကတော့ နိုင်ငံရေးပြဿနာကို အရင်ဖြေရှင်းလိုပြီး နိုင်ငံရေးဆွေးနွေးပွဲ အောင်မြင်ရင် ပစ်ခတ်မှုတွေ ရပ်စဲသွားမယ်၊ ဆွေးနွေးပွဲလုပ်ဖို့ အစိုးရတပ်ဘက်က ကေအိုင်အေ ထိန်းချုပ်နယ်မြေကနေ ဆုတ်ခွာပေးဖို့ ပြောခဲ့ပေမယ့်လည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

အေးချမ်းမွန်မှ   DVB TV News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

DVB TV News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis