menu

Monday 3 September 2012

နိုင်ငံခြားဧည့်သည်အတွက် ကန့်သတ်နယ်မြေသစ် ၅ ခု

(ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)

မြန်မာပြည်က မြို့တချို့ကို နိုင်ငံခြားဧည့်သည် သွားခွင့် ပိတ်ထားတယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ တဦးက ပြောပါတယ်။

''သြဂုတ်လကုန်ပိုင်းလောက်မှာ ဟိုတယ်နဲ့ခရီး ဝန်ကြီးဌာနက အသင်းကို ညွှန်ကြားချက် ပို့ထားပါတယ်။ ရခိုင်ပြည်နယ်က နေရာတချို့နဲ့ ရှမ်းပြည်နယ်က နေရာတချို့ကို နိုင်ငံခြားသားဧည့်သည်များ သွားခွင့် မပြုတော့တဲ့အကြောင်း ညွှန်ကြားချက်ထဲမှာ ပါတယ်''လို့ သူက ရှင်းပြပါတယ်။

ပိတ်ထားတဲ့နေရာတွေကတော့ ရှမ်းပြည်နယ်က မိုင်းလားမြို့၊ ရခိုင်ပြည်နယ်က စစ်တွေ၊ မြောက်ဦး စတဲ့နေရာတွေဖြစ်တယ်လို့ သိရတယ်။

ပိတ်ထားတဲ့နေရာထဲမှာ ငပလီ မပါဘူး လို့ ဆိုပါတယ်။
ကန့်သတ်နယ်မြေသစ် ~
ရခိုင်ပြည်နယ်
- မဟာမုနိ (ကျောက်တော်မြို့အနီး)
- ဝေသာလီ မြို့ဟောင်း (မြောက်ဦးမြို့အနီး)
- မြောက်ဦးမြို့
- စစ်တွေမြို့

ရှမ်းပြည်နယ်

- မိုင်းလားမြို့

''အခုလို သွားလာခွင့်ရပ်ထားတာက ဒေသဖွံ့ဖြိုးရေးကိစ္စရပ်တွေ လုပ်ဆောင်နေတဲ့အတွက်ကြောင့် ခဏရပ်ထားတာပါ။ နယ်မြေကိစ္စတွေ ပြန်ကောင်းလာရင်တော့ သွားလာခွင့် ပြန်လည် ခွင့်ပြုပေးမှာပါ'' လို့ ဟိုတယ်ခရီးဝန်ကြီးဌာန အရာရှိတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်က မြောက်ဦးဒေသက နိုင်ငံခြားသားတွေ စိတ်ဝင်စားပြီး သွားလာမှုများတဲ့ အရေးကြီးတဲ့နေရာထဲမှာ ပါတယ်၊ ပိတ်ထားတဲ့ ဒေသတွေကို လာမယ့်ခရီးသွားရာသီ အမှီ ပြန်ဖွင့်ပေးနိုင်မယ်လို့ ခရီးသွားလုပ်ငန်းရှင်တချို့က သုံးသပ်ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ရှိတဲ့ နေရာတချို့ဟာ ဟိုအရင်ကတည်းက ကန့်သတ်နယ်မြေတွေထဲမှာ ပါဝင်နေပြီးသားပါ။ အခုလို နယ်မြေ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကြောင့် ကန့်သတ်နယ်မြေ ဧရိယာ တိုးလာတာဖြစ်ပါတယ်။

ရှမ်းပြည်နယ်ကတော့ နေရာ တော်တော်များများကို သွားလာခွင့်ရပြီး ကန့်သတ်နယ်မြေ နည်းပါးကြောင်းနဲ့ နိုင်ငံခြားသား ဧည့်သည်တွေကလည်း ရှမ်းပြည်နယ်ကို စိတ်ဝင်စားကြကြောင်း အင်္ဂလိပ်ဘာသာအထူးပြု ဧည့်လမ်းညွှန် တစ်ဦးက ပြောပါတယ်။

ကန့်သတ်ထားတဲ့နယ်မြေတွေကို သွားရောက်ချင်ရင်တော့ အဲဒီ နိုင်ငံခြားခရီးသည်ဟာ ဟိုတယ်/ခရီးဝန်ကြီး ဌာနမှာ ကြိုတင်ခွင့်ပြုချက် တောင်းရပါမယ်။ လိုအပ်တဲ့စာရွက်စာတမ်းတွေ ပြည့်စုံရင် တစ်ပတ်အတွင်း ခွင့်ပြုချက်ကျအောင် လုပ်ဆောင်ပေးနေတယ် လို့ ဟိုတယ်ခရီးဝန်ကြီးဌာန အရာရှိတဦးက ပြောပါတယ်။

နိုင်ငံခြားဧည့်သည်တွေ လုံးဝသွားလာခွင့်မပြုတဲ့နေရာတွေကတော့ မိုးကုတ်၊ ဖားကန့်၊ မိုင်းရှုး တို့ ဖြစ်ပါတယ်။ နေပြည်တော်ကိုလည်း နိုင်ငံခြားသားဧည့်သည်တွေ အလည်အပတ်အတွက် ကန့်သတ်ထားပြီး စီးပွားရေး လုပ်ငန်းရှင်တွေ သွားရောက်ခွင့်ပြုထားကြောင်း သိရပါတယ်။
Irrawaddy Blog

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis