menu

Tuesday 14 August 2012

ပိုမို ဆိုးရွားလာသော မူးယစ် ဆေးဝါး ပြဿနာ မြန်မာ ရင်ဆိုင် နေရ


ဇူလိုင်လ အတွင်းက အမ်ဖီတမင်း  ဆေးပြား ၁.၄ သန်းနှင့် ဘိန်းဖြူ ၁၁၆ ကီလိုအပါအဝင် မူးယစ်ဆေး ပြားများ ဖမ်းဆီးရမိပြီးနောက် ပိုမို နက်ရှိုင်းလာသော မူးယစ်ဆေးဝါး အကြပ်အတည်းတစ်ခုကို ရင်ဆိုင်နေရပြီ ဖြစ်ကြောင်း၊    မြန်မာ အာဏာပိုင်များ က ဗုဒ္ဓဟူးနေ့တွင် သတိပေး ပြောကြား လိုက်သည်။
“အခု မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ပြဿနာဟာ သိပ်ကို အန္တရာယ် ကြီးလှတယ်။ ပိုမိုပြီး ဆိုးလာတယ်”ဟု မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဌာနမှ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက အေအက်(ဖ)ပီသို့ ပြောသည်။ ၂ဝ၁၄ တွင် မူးယစ်ဆေးဝါး ကင်းစင်စေရမည်ဟု သံန္နိဋ္ဌာန် ချခဲ့သော်လည်း စိတ်ကြွဆေးပြား ပြဿနာကြောင့် မြန်မာအနေဖြင့် ဘိန်းကင်းစင်ရေးသာ လုပ်နိုင်မည့်ပုံ ရှိသည်။

ဇူလိုင်လတွင် တစ်နိုင်ငံလုံး၌ မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သည့် အမှုပေါင်း ၃၄၂ မှုဖြစ်ပွားခဲ့ပြီး သံသယရှိသူ ၄၇၃ ဦး ဖမ်းဆီးခဲ့ကြောင်း ဗုဒ္ဓဟူးနေ့တွင် တရားဝင် သတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။ စိတ်ကြွဆေးပြား အများစုမှာ မြန်မာနိုင်ငံ အရှေ့ပိုင်း နယ်စပ်ဒေသများတွင် ဖမ်းဆီးရမိခဲ့သော်လည်း အသုံးပြုမှုမှာ ရန်ကုန်တွင်လည်း ပျံ့နှံ့နေကြောင်း ယင်းရဲအရာရှိက ပြော သည်။
“ဆေးပြားတွေက ဝယ်လို့လွယ်တယ်။ အဲဒါဟာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အာဏာပိုင်တွေ အတွက် သိပ်ကို စိုးရိမ်စရာကြီး တစ်ခုပါ”ဟု ယင်းက ဆက်ပြောပြီး သယံဇာတ ရင်းမြစ်ချို့တဲ့မှုက တိုင်းပြည်၏ မူးယစ်ဆေးဝါး စစ်ပွဲကို တုံ့နှေးစေကြောင်း သတိပေးလိုက်သည်။
မူးယစ်ဆေးဝါး ထုတ်လုပ်ရေးနှင့် ဘိန်းစိုက်ပျိုးရေး လုပ်ငန်းမှာ မြန်မာနိုင်ငံ၏ ဝေးလံခေါင်ဖျား နယ်စပ်ဒေသ များတွင် လွှမ်းမိုးနေပြီး တိုင်းရင်းသား လူနည်းစု လက်နက်ကိုင်း သူပုန်များက ယင်းမှရရှိသော အမြတ်အစွန်းကို သူတို့၏ စစ်ဆင်ရေးများတွင် အသုံးပြုခဲ့ကြောင်း သိရသည်။ သမ္မတ ဦးသိန်းစိန်၏ ပြုပြင် ပြောင်းလဲရေး အစိုးရက လွန်ခဲ့သည့်နှစ် အာဏာစရကတည်းက အလုံးစုံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ၏ အစိတ်အပိုင်း တစ်ခုအဖြစ် လက်နက်ကိုင်အုပ်စု အတော်များများနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်များ လက်မှတ်ရေး ထိုးခဲ့သော်လည်း စစ်ဘက် အုပ်စိုးမှုမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသော တိုင်းပြည်မှာ အာဖဂန်ပြီးလျှင် ဒုတိယ အကြီးဆုံး ဘိန်းစိုက်ပျိုးသူ ဖြစ်နေဆဲပင်။
ကုလသမဂ္ဂ အဆိုအရ မီသာအမ် ဖီတမင်းဆေးပြားများ ထွက်ပေါ်ရာ အဓိကဒေသမှာ ရှမ်းပြည်နယ်ဖြစ်ပြီး ၁၉၉၈ နှင့် ၂ဝဝဝ နှစ်များအတွင်း တစ်ကမ္ဘာလုံး ယင်းဆေးပြား ဖမ်းဆီးရမိမှုမှာ ၃ ဆခန့် တိုးလာသည်ဟု ခန့်မှန်းကြောင်း ရိုက်တာသတင်းဌာန က ကိုးကားဖော်ပြသည်။
သြဂုတ် ၉ ရက်ထုတ် India Times သတင်းစာပါ သတင်း တစ်ပုဒ်တွင် BSF နှင့် Assam Police တို့ ပူးတွဲစစ်ဆင်ရေး တစ်ခုအတွင်း တောင်ပိုင်း အာသံပြည်နယ် မြို့ဖြစ်သော Silchar တွင် မြန်မာတိုင်းရင်းသား တစ်ဦးကို အင်္ဂါနေ့ညက မူးယစ်ဆေးဝါး အိန္ဒိယ ငွေစက္ကူများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဆိုပါသည်။ ထိုသူမှာ မြန်မာနိုင်ငံ ဟားခါးခရိုင်နေ Lungakaselav (အသက် ၅ဝ နှစ်) ဖြစ်ကြောင်း သိရသည်။
ယင်း၏ စစ်ဆေးချက်အရ Lungakaselav မှာ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ် ပြည်နယ်မှ ဇူလိုင် ၂၈ ရက်တွင် အိန္ဒိယနိုင်ငံတွင်းသို့ ဖြတ်ကျော် ဝင်ရောက်ပြီး သြဂုတ် ၆ ရက် အထိ ဝယ်သူများကို ရှာဖွေရင်း Aizowl အပါအဝင် နေရာအသီးသီးတွင် နေထိုင်ခဲ့ကြောင်း သိရသည်။ Aizowl တွင် မီဇို အမျိုးသမီးတစ်ဦးက ယင်းကို နေထိုင်စရာ စီစဉ်ပေးခဲ့ ပြီး Silchar သို့ ရောက်အောင် လမ်းပြတစ်ဦး စီစဉ်ပေးခဲ့ကြောင်းလည်း သိရသည်။
Lungakaselav ကို ဘိန်းဖြူဟု သံသယဖြစ်ဖွယ်ရာ မူးယစ်ဆေးဝါး ၃ဝ ဂရမ် အိန္ဒိယ ငွေကြေး ၄၄,၅ဝဝ တို့နှင့်အတူ ဖမ်းဆီးခဲ့ပြီး ထပ်မံစုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် အာသံရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့ကာ ဗုဒ္ဓဟူးနေ့တွင် တရားရုံး၌ ရဲချုပ်ခွင့် နှစ်ရက် ရယူချုပ်နှောင်ထားကြောင်း သတင်းတွင် ဖော်ပြပါရှိသည်။ ထိုမူးယစ်ဆေးများမှာ မြန်မာနိုင်ငံမှ မှောင်ခိုထုတ်ခဲ့ပြီး အာသံတွင် ရောင်းချရန် ရည်ရွယ်သည်ဟု ဆိုပါသည်။
Ref: AFP, India Times
Independent News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis