menu

Tuesday 10 July 2012

အမှာစကားပါးလိုက်ပါတဲ့.....ရခိုင်ရိုးမ


ကျောက်ဖြူမြို့၏ သွားလာရေးအတွက် အချက်အချာကျသော ဆိပ်ကမ်းတစ်နေရာကို တွေ့ရစဉ်။
ဓာတ်ပုံ - မြတ်မေဇင်
မြန်မာနိုင်ငံ အနောက်တောင်ဘက်ပိုင်း မှာတည်ရှိတဲ့ ရှည်လျားလှပတဲ့ ကမ်းရိုးတန်းတွေရှိရာ ဒေသထွက်ကုန် ပင်လယ် စာတွေ ပေါကြွယ်ဝ နေပြီး ဓည၀တီ ရခိုင်ပြည်လို့ အခေါ်ရှိတဲ့ ရခိုင်တိုင်းရင်း သားစုများ နေထိုင်ရာ ကျောက်ဖြူမြို့ လေးဆီကို ကျွန်မနှင့်အတူ သတင်းမီဒီ ယာက သူငယ်ချင်းတစ်စု မိုးဦးမှာ ရောက်ရှိခဲ့ပါတယ်။
အလာခရီးမှာတော့ အားလုံးကိုယ်စီက ရခိုင်ဒေသရဲ့ ပင်လယ်အလှ၊ သစ် တောအလှ၊ ကျွန်းအလှတွေကို တမေ့ တမော ခံစားရင်း ရခိုင်ဒေသရဲ့ ဓလေ့ ရိုးရာတွေကို လေ့လာဖို့ပြောသူကပြော၊ ပင်လယ်စာတွေ တ၀ကြီးလွေးရတော့မယ်ဆိုပြီး ပျော်သူက ပျော်နဲ့ တက်ကြွ လို့လာခဲ့ပါတယ်။
ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၀ ကျော်သာရှိတဲ့ ကျောက်ဖြူမြို့လေးကတော့ လေယာဉ်မဆင်းသက်ခင်မှာပဲ စိတ်လှုပ်ရှားစရာဖြစ်အောင် ကြိုဆိုလိုက် ပါတယ်။

ပင်လယ်ကမ်းနဘေးမှာရှိနေတဲ့ ကျောက်ဖြူလေဆိပ်ကို လေယာဉ်ဆင်း သက်ဖို့ ပြင်ဆင်ချိန်မှာတော့ လေယာဉ်ဟာ ပင်လယ် ရေပြင်မှာ ပြေးဆင်းတော့ မည့်အလား နီးကပ်သွားပြီး မိနစ် အနည်းငယ်အကြာမှပဲ ကျောက်ဖြူ လေဆိပ်မှာ ဆင်းသက်နိုင်ခဲ့ပါတယ်။
၁,၂၆၄ ဧရိယာစတုရန်းရှိပြီး စင်ကာပူ နိုင်ငံထက် ကျယ်တဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့လေးမှာတော့ လူဦးရေ နှစ်သိန်းကျော်သာ နေထိုင်ပါတယ်။
ရေလုပ်ငန်းနဲ့ ဥယျာဉ်ခြံစိုက်ပျိုးခြင်းကို အဓိကထားလုပ်ကိုင်ပြီး ပင်လယ်နဲ့ နီးကပ်မှုကြောင့် ဆန်စပါးစိုက်ပျိုးမှုမှာ ဖြစ်ထွန်းမှု အားနည်းနေတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။
"ကျွန်တော်တို့ဆီမှာ တချို့နေရာတွေ ဆို စပါးတင်းနှစ်ဆယ်၊ အစိတ်လောက်ပဲ ထွက်တယ်။ ပင်လယ်နဲ့ နီးနေတော့ ရေငံ ၀င်ပြီး၊ မြေအမျိုးအစားလည်း သိပ်မကောင်းဘူး။ ဒါပေမယ့် လူဦးရေနည်းတာကြောင့်ထွက်တဲ့ စပါးက စားလောက်တယ်"ဟု ကျောက်ဖြူ ဒေသခံ တစ်ဦးက ပြောသည်။
ကျောက်ဖြူမြို့ဟာ ပင်လယ်နဲ့ နီးကပ် တာကြောင့် ရေလုပ်ငန်းဒေသခံပိုင် အအေးခန်းစက်ရုံများ တည်ရှိခဲ့သော် လည်း ယခုအခါ ပင်လယ်ပြင်အတွင်း သား၊ ငါးရရှိမှုနည်းပါးလာသောကြောင့် ကျောက်ဖြူမြို့ပေါ်ရှိ အအေးခန်းစက်ရုံ လေးရုံ ပိတ်လိုက်ရပြီ ဖြစ်ကြောင်း ကျောက်ဖြူမြို့ခံ တစ်ဦးက ပြောပါ တယ်။
"AGS ဆိုတဲ့ အအေးခန်းစက်ရုံက ဒီမြို့မှာအကြီးဆုံးပဲ။ သူလည်း တောင့်ခံ ပါသေးတယ်။ ပင်လယ်ထဲ ငါးမှမရှိတော့ တာ၊ ဒီနှစ် ၂၀၁၂ အစောပိုင်းက ပိတ်သွားပြီ"ဟု ဒေသခံတစ်ဦးက ပြောသည်။
"ပင်လယ်ထဲ ဘယ်ငါးနေနိုင်မလဲ။မြိတ်သဘောင်္တွေ ၀င်ဖမ်းတာကလည်း မြို့နားကပ်နေပြီ။ ရခိုင်လူမျိုးပိုင်တဲ့ စက် လှေ ၁၂ ကောင် အင်ဂျင်ထက် မကြီးဘူး။မြိတ်တွေက ထိုင်းက အထောက်အပံ့နဲ့ စက်လှေကြီး (မြိတ်အခေါ် ၀ါးတန်း)တွေ နဲ့ ၀င်ဖမ်းတာ။ ပြီးရင် ပင်လယ်ထဲမှာပဲ တစ်ဖက်ကိုလွှဲပေးလိုက်တယ်။ နောက် ပြီး ရေအောက်မိုင်းတွေ ခွဲတယ်လေ။ရေအောက်မှာရှိတဲ့ ကျောက်ဆောင်တွေ က လှေ၊ သင်္ဘောတွေကို အန္တရာယ်ဖြစ် စေတယ်ဆိုပြီးခွဲတာ ငါးတွေလည်း သေ၊ နေရာတွေ ရွှေ့ကုန်တော့ ဖမ်းလို့မရ တော့ဘူး"ဟု ယခင်ရေလုပ်ငန်းလုပ်ကိုင် ခဲ့ပြီး ယခုအခါ ရေနံပိုက်လိုင်းကုမ္ပဏီ ၀န်ထမ်း သွားလာရေးအတွက် ပြေးဆွဲ ပေးနေသော ဒေသခံ တစ်ဦးမှ ပြောသည်။
ကျောက်ဖြူက အသေးစားနဲ့ အလတ် စားလုပ်ငန်းတွေ အားလုံးလည်ပတ်ရန် လျှပ်စစ်မီးရရှိမှုမှာ နည်းပါးလွန်းတာကြောင့် ကိုယ်ပိုင် မီးစက်တွေကိုသာ အားထားနေရပြီး မီတာနှုန်းထားခလည်း အဆမတန် ဈေးမြင့်တက်နေသော ကြောင့် ဒေသခံပိုင်လုပ်ငန်းငယ်များ ဖွံ့ဖြိုးလာရန် ခက်ခဲလျက်ရှိပါတယ်။
"အစိုးရမီတာက အခုအစိုးရသစ် လက်ထက်မှာ လေးနာရီလောက်ရလာတယ်။ အရင်ကဆို တစ်နေ့တစ်နာရီ လောက်ပဲရတယ်။ မီးအားလည်းမပြည့် ဘူး။ ပုဂ္ဂလိကမီးစက်ကိုပဲ အားကိုးနေရ တယ်။ အစိုးရမီတာက တစ်ယူနစ်ကျပ် ၄၀၀ ပေးရတယ်။ ပုဂ္ဂလိကမီးက တစ် ယူနစ် ကျပ် ၆၀၀-၇၀၀ ပေးရတယ်။ဟိုတယ်တွေက သူတို့မီးစက်ကနေပိုလျှံ တာကို ရောင်းစားတာ"ဟု ကျောက်ဖြူ ဒေသခံ တစ်ဦးကပြောပါတယ်။
ကျောက်ဖြူဒေသသည် သဘာဝ ဓာတ်ငွေ့ထွက်ရှိခြင်းကြောင့် အဆိုပါ ဓာတ်ငွေ့မှ လျှပ်စစ်မီးထုတ်ယူရန် အတွက် တရုတ်-မြန်မာ ပူးပေါင်း၍ ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်သောစီမံကိန်းရှိသည်။
အဆိုပါစီမံကိန်းအား နှစ် ၃၀ သက်တမ်းဖြင့် အစိုးရက တရုတ် ဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ CNPC (China National Petroleum Copor-ation) နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ ပြီး ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလမှ စတင် ရခိုင်ပြည်နယ် မဒေးကျွန်းမှတစ်ဆင့် တရုတ်နိုင်ငံ ရွှေလီအထိ ဓာတ်ငွေ့စတင် ပို့ဆောင်မည်ဖြစ်ကြောင်း CNPC ကုမ္ပဏီ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း စတင်ချိန်မှ၍ ကျောက်ဖြူမြို့တွင် အုတ်၊ သဲ၊ ကျောက်လုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်း များ ပိုမိုအဆင်ပြေလာသည်ဟုလည်း ဒေသခံများက ပြောပါတယ်။
"ကျွန်တော် ဟိုတယ်နှစ်လုံးပိုင်တယ် ။ ဟိုတယ်မှာ တရုတ်ကုမ္ပဏီကလူတွေနဲ့ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း ရှိလာပြီး နောက်ပိုင်း မြို့ပေါ်ကလူတွေ စီးပွားရေး လုပ်ဖို့လာကြည့်တဲ့သူတွေကြောင့် အမြဲ လူပြည့်နေတယ်။ တည်းခိုခန်းတွေတောင် မလောက်လို့ မြို့ထဲမှာ အိမ်တောင်ငှား နေကြတယ်။ အခုနောက် ပိုင်းတော့ သူတို့ ဘာသာ Camp (ကိုယ်ပိုင်အလုပ်သမား အဆောင်)တွေ ဆောက်ထားတော့ သိပ် မများတော့ဘူး။ ဒါပေမယ့် အရင်က ထက်စာရင် ပိုလူကျတယ်"ဟု ကျောက် ဖြူမြို့မှ ဟိုတယ်လုပ်ငန်းပိုင်ရှင် ဦးငြိမ်း ချမ်းအောင်က ပြောပါတယ်။
ပင်လယ်လှိုင်းသံ တ၀ုန်းဝုန်းကြားရ တဲ့ ပင်လယ်ကမ်းဘေးနားက SERI ဟိုတယ်မှာလည်း နှစ်သက်စရာ ပင်လယ် စာအစုံနဲ့ပါပဲ။ ပင်လယ်သံနဲ့ အပြိုင်အမြဲ ကြားနိုင်တဲ့ ကျောက်ဖြူရဲ့ နောက်ထပ် ပြယုဂ်တစ်ခုကတော့ မီးစက်သံတွေပါပဲ။
လုပ်ငန်းရှင်တိုင်း လုပ်ငန်းတစ်ခု ကျောက်ဖြူမြို့မှာ တည်ထောင်တော့မယ်ဆို မီးစက်ကတော့ မရှိမဖြစ် လိုအပ်ချက်တစ်ခုပါပဲ။
ကျောက်ဖြူမှ ရန်ကုန်သို့အပြန်ခရီး တစ်လျှောက် ကားလမ်းဖြင့်ပြန်ခဲ့ရသည်မှာ ကျွန်မတို့သတင်းမီဒီယာသမားများအဖို့ အဖိုး မဖြတ်နိုင်တဲ့ အတွေ့အကြုံ တစ်ခုပါပဲ။
အဲဒီအတွေ့အကြုံကို ကျွန်မတို့ ခါးကျိုးမတတ်ခံစားရရှိခဲ့တယ်ဆိုလည်း မမှားပါဘူး။ ရခိုင်ပြည်နယ်ကို အခိုင်အမာအကာအကွယ် ပေးထားတဲ့ ရိုးမက သက်သေတည်နိုင်မှာပါ။
ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တောင်ကုတ်တစ်လျှောက် ကတ္တရာ ဟို တစ်စ ဒီတစ်စနဲ့ ကြမ်းလှတဲ့ လမ်းတစ် လျှောက်မှာ ခရီးကြမ်းကို မေ့စေလောက်တဲ့ ရှုခင်းတွေရှိနေပါတယ်။
မဆုံးနိုင်တဲ့ ကမ်းရိုးတမ်းရှည်ကြီးနဲ့ ကမ်းရိုးနားမှာ ၀ါးယက် ဆန်ခါကျဲလေးတွေနဲ့ လှိုင်း အတက်မှာ ငါးစစ်ဖမ်းသူတွေ၊ ဆော့ ကစားနေတဲ့ကလေးတွေ၊ ပင်လယ်ရေ မျက်နှာပြင်အထက် ၁၀ ပေတောင်မရှိတဲ့ နေရာမှာ ခနော်ခနဲ့ ခြေတံရှည်အိမ်လေး တွေကတော့ အစီအရီပါပဲ။
မိုးဦးကျကာလမို့ လမ်းဆိုးတာက ပိုပီပြင်နေသည်လားမသိ၊ တံတားတစ်ခု ဖြတ်ကာနီးတိုင်း၊ မြို့အ၀င်ဆိုင်းဘုတ် တစ်ခု မြင်ရတိုင်း လမ်းဖြတ်ကူးခ ကောက်ခံနေတဲ့ကန်ထရိုက်ကုမ္ပဏီ များ ဒီလမ်းကို ဖြတ်ဖူးလေရဲ့လားလို့ တွေးနေမိပါတယ်။
တောင်ကုတ်မြို့က စထွက်လာပြီး ရိုးမကို စတင်ဝင်ရောက်လာပြီဆိုရင် စိမ်းစိုအုပ်မှိုင်းနေတဲ့ တောတန်းကြီးက ဆီးကြိုနေပြန်ပါတယ်။ မိုးဦးစိုစွတ်မှုနဲ့ သစ်တောရဲ့ သစ်ပင်တွေက စိမ်းစိုလန်း ဆန်းနေပါတယ်။
အထပ်ထပ်မြင်နေရ တဲ့ တောင်တန်းတွေက တစ်ဖက် ပေ ၂၀ ကျော်မြင့်တဲ့ နံရံကြီးတွေက တစ်ဖက် နဲ့ ကျွန်မတို့ကားလေးကတော့ ပြေပြစ်လှ တဲ့ အချိုးအကွေ့များနဲ့ ဖောက်လုပ်ထား တဲ့ လမ်းကလေး တစ်လျှောက် မောင်း လာခဲ့ပါတယ်။
ဒီလိုလှပတဲ့ ရှုခင်းတွေ အဖိုးမဖြတ် နိုင်တဲ့ သစ်တောတွေနဲ့ ပြည့်နေတဲ့ ရခိုင် ရိုးမကြီးကတော့ ရခိုင်တိုင်းရင်းသား တွေအတွက် အမြဲရှိနေပေးပါတယ်။
ဒီရခိုင်ရိုးမကြီးရဲ့ အကာအကွယ်နဲ့ ရခိုင်ပြည်နယ်ကြီးက ရိုးမရဲ့နောက်မှာ တည်ရှိနေပါတယ်။
ရခိုင်တိုင်းရင်းသားတွေ မြန်မာ နိုင်ငံ အရပ်အရပ်နဲ့ ဆက်သွယ်ကူးလူး နိုင်ဖို့ အရေးကြီးလှတဲ့ ဒီရခိုင်ရိုးမ ရဲ့ ဖောက်လမ်းကတော့ ကြောက်စရာ ကောင်းလောက်အောင် ပျက်စီးနေ တာကို မြင်တွေ့ခဲ့ရပါတယ်။
တချို့ တောင်စောင်းချောက်ကမ်းပါး နားကပ်ဖောက်ထားတဲ့ လမ်းရဲ့ဘေးက သစ်ပင်တွေကိုခုတ်ထားတာဟာ မြေပြို မှုတွေ ဖြစ်စေနိုင်တယ်ဆိုတာ နားလည် ထားဖို့လိုပါတယ်။
"ဒီရိုးမကို ကားမောင်းတဲ့လူတွေ အသက်မရှည်ဘူး။ ကားလမ်းက တအား ပျက်စီးနေတော့ ကားမောင်းတဲ့လူမှာ အန္တရာယ်များသလို ကိုယ်တွင်းဒဏ် တစ်ခုလိုဖြစ်လာတယ်"ဟု ရခိုင်ဒေသခံ ကားသမားတစ်ဦးက ပြောပါတယ်။
"အရင်ကဆို ရန်ကုန်-ကျောက်ဖြူကို မနက်ခြောက်နာရီထွက်ရင် ညရှစ် နာရီ ရောက်တယ်။ အခုတစ်ညအိပ်ကြာတယ်။ လမ်းကအတော် ဆိုးလာတယ်" ဟု ၎င်းက ပြောပါတယ်။
ရခိုင်ရိုးမဟာ ရှည်လျားလှတဲ့သမိုင်း ကြောင်းနဲ့ ရခိုင်တိုင်းရင်းသာတွေကို အကာအကွယ်ပေးထားတဲ့တောင်တန်း ကြီးဖြစ်ပါတယ်။ ရခိုင်လူမျိုးတွေ စီးပွား ရေးအရ ကူးလူးဆက်ဆံနိုင်ရန် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးအစ ရှိတာတွေ တိုးတက်လာဖို့ဆိုတာ ဒီ ရိုးမကြီးကို ဖြတ်ကျော်ဖို့ လိုပါတယ်။
ရခိုင်ပြည်နယ်ရဲ့ ဒေသဆိုင်ရာလူမှု အသိုင်းအ၀န်းတွေအားလုံး တိုးတက်ဖို့ အရေးမှာ အချက်အချာကျလှတဲ့ ပညာ ရေး၊ လူမှုရေး၊ ကျန်းမာရေးအဆင့် အတန်းတွေကို အဘက်ဘက်က မြင့်မား ဖို့ တက်ညီလက်ညီကြိုးပမ်းကြတဲ့ နေရာ မှာ ရခိုင်ရိုးမကြီးဟာ အဓိက ကျတဲ့ အခန်း ကဏ္ဍကနေ ပါဝင်နေတာကြောင့် ဒီဒေသရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်မှုနဲ့ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာအောင် ဂရုတစိုက် လုပ်ကိုင်ရင်း ရခိုင်ရိုးမရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပေးဖို့ ကျွန်မရဲ့ ဒီခရီးမှာ ရခိုင်ရိုးမက အမှာ စကားပါးလိုက်ပါတယ်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis