menu

Friday 11 May 2012

လွတ်လပ်ငြိမ်းချမ်း ‘ပန်းရဲ့လမ်း’





l561 မဇ္ဇျိမလှိုင်းတေးဂီတအဖွဲ့မှ ကိုရဲလွင် ဦးဆောင်ဖွဲ့စည်းထားသည့် လွတ်လပ်ငြိမ်းချမ်း ‘ပန်းရဲ့လမ်း’ လူမှုကွန်ရက်အဖွဲ့သည် လူစည်ကားရာ လက်ဖက်ရည်ဆိုင်များတွင် ငြိမ်းချမ်းရေးတေးသီချင်းများ လှည့်လည် ဖျော်ဖြေမှုများကို ၂၀၁၂ ခုနှစ် မေလ ၆ ရက်နေ့မှ စတင်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြုလုပ်သွားရန် စီစဉ်ထားသည်ဟု သိရသည်။
‘‘ပြည်တွင်းမှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ စစ်ဒဏ်ကိုခံစားနေရတဲ့ပြည်သူ တွေအတွက် အဓိကရည်ရွယ်ပြီး လုပ်တာပါ။ လက်ဖက်ရည်ဆိုင်ထိုင်တယ် ဆိုတာ လူတန်းစားစုံပါတယ်။ သူတို့ တွေအနေနဲ့ တနင်္ဂနွေလို စိတ်အေးလက်အေး ရှိမယ့်နေ့တစ်နေ့မှာ အခုလို ငြိမ်းချမ်းရေးသီချင်းတွေကို ကြားလိုက်ရခြင်းအားဖြင့် စစ်ပွဲတွေ ပြီးဆုံးစေချင်တဲ့ဆန္ဒတွေ ပိုပြီးဖြစ်ပေါ်လာစေချင်တယ်။
အဲဒီကနေမှတစ်ဆင့် စေတနာ နဲ့ကချင်ပြည်နယ်က စစ်ဘေးဒဏ်ခံနေရတဲ့ ပြည်သူတွေကို ကူညီချင်တယ်ဆိုရင် အလှူငွေထည့်ဝင်လို့ရမယ်။ ဒါကို ကျွန်တော်တို့ရည်ရွယ်ပြီး လုပ်ဆောင်တာပါ။ ဒီလိုလိုက်လံ ဖျော်ဖြေမှုတွေကို မေလ ၆ ရက်နေ့ကစပြီး ကချင်ဒေသတွေမှာ ငြိမ်းချမ်းရေးမရ မချင်းအပတ်စဉ် လုပ်ဆောင်သွားမယ်လို့ ရည်ရွယ်ထားပါတယ်’’ဟု လွတ်လပ် ငြိမ်းချမ်း ‘ပန်းရဲ့လမ်း’ လူမှုကွန်ရက် အဖွဲ့မှ ကိုသားထွေးက ဆိုပါသည်။
l561a အဆိုပါအစီအစဉ်ကို မေလ ၆ ရက်နေ့ကစတင်ခဲ့ပြီးတိရိစ္ဆာန်ဥယျာဉ် အနီးရှိ Morning Star?၊ အလုံရှိ IT နှင့် ၀ါးတန်းလမ်းထိပ်ရှိ စံပြဒေါ်ကြည် (မုန့်ဟင်းခါး)စသည့် လက်ဖက်ရည်ဆိုင်များတွင် လှည့်လည်ဖျော်ဖြေ ခဲ့ပြီး အလှူငွေစုစုပေါင်းကျပ် ခုနစ်သိန်းရှစ်သောင်းကျော် ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် မဇ္ဇျိမလှိုင်းအဖွဲ့သားများ ဖြစ်သည့် ကိုရဲလွင်နှင့် ကိုတိုးလွင်တို့ သည် မန္တလေးရှိ လက်ဖက်ရည်ဆိုင် လေးဆိုင်တွင်လည်း မေလ၈ရက်နေ့ က ‘စိမ်းရောင်စို’အဖွဲ့သားများနှင့် အတူ ငြိမ်းချမ်းရေးသီချင်းများ လှည့်လည် သီဆိုခဲ့ကြောင်း သိရသည်။
‘‘မန္တလေးကို အလှူငွေပေးဖို့ သွားခဲ့တာပါ။ မန္တလေးကိုသွားတဲ့ ခရီး စရိတ်တွေအားလုံးကို ‘ရွှေမန္တလာ’ ယဉ်လိုင်းက ကူညီခဲ့တာပါ။ ခရီးစ ရိတ်တွေကို ရရှိထားတဲ့အလှူငွေတွေထဲက မသုံးဖို့ စီစဉ်ထားပါတယ်။ ဒီရောက်တော့ မန္တလေးက ‘ စိမ်းရောင်စို’ အဖွဲ့ကနေ တစ်ဆင့် ဖိတ်ထားတဲ့ ဆိုင်တွေရှိတာကြောင့် လိုက်ပြီး ဖျော်ဖြေဖြစ်တာပါ။ မန္တလေးမှာ အခုလို ဖျော်ဖြေမှုမျိုးကိုလည်း အလျဉ်းသင့်သလို လုပ်ဆောင်သွားဖို့ စီစဉ်နေပါတယ်’’ ဟု လွတ်လပ်ငြိမ်းချမ်း ‘ပန်းရဲ့လမ်း’လူမှုကွန်ရက်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
ငြိမ်းချမ်းရေးသီချင်းများ လှည့်လည်ဖျော်ဖြေမှုကို မေလ ၈ ရက်နေ့ က မန္တလေးမြို့ ကုန်စည်ဒိုင်အနီးရှိ Shadow ၊ ၃၄ လမ်းရှိ စိန်ဝင်းဝင်း၊ ကျောက်ဝိုင်းနှင့် ၂၆ လမ်းရှိ အာကာမင်း လက်ဖက်ရည်ဆိုင်များတွင် ပြုလုပ်ခဲ့ပြီး အလှူငွေကျပ် ၂၁ သိန်း ကျော် ရရှိခဲ့ကြောင်း သိရသည်။
‘‘ဒီလိုဖျော်ဖြေမှုတွေ လုပ်ရတဲ့ ရည်ရွယ်ချက်က ပြည်တွင်းဒေသတွေ အားလုံးမှာ စစ်မှန်တဲ့ငြိမ်းချမ်းရေး ရရှိဖို့၊ တိုက်ပွဲဖြစ်နေတဲ့နေရာတွေမှာ နှစ်ဖက်စလုံးကနေ အမြန်ဆုံး အပစ်ရပ်စဲဖို့နဲ့ စစ်ရဲ့ဆိုးကျိုးဒုက္ခတွေ ခံစားနေရတဲ့ ပြည်သူတွေကို ကူညီပေးနိုင်ဖို့ ရည်ရွယ်တာပါ။ မကြာခင်အချိန်မှာ မိုးရာသီ ရောက်တော့မယ်၊ စစ်ဒဏ်ခံနေရတဲ့ ပြည်သူတွေအတွက် ပိုပြီး ခက်ခဲရတဲ့ အနေအထားမျိုးတွေ ဖြစ်လာတော့မယ်။ ဒါတွေကို ငြိမ်းငြိမ်းချမ်းချမ်း နေခွင့်ရနေတဲ့ ပြည်သူတွေဆီကို အသိရောက်စေချင်သလို စစ်ပွဲတွေကြောင့် ခံစားနေရတဲ့ကျွန်တော် တို့ရဲ့သွေးရင်းတွေကို ကူညီနိုင်ဖို့ အခုချိန်မှာ ဒီအစီအစဉ်ကို လုပ်ဖြစ်ခဲ့တာပါ။ စစ်ပွဲတွေမရပ်မချင်း၊ ငြိမ်းချမ်းရေး မရမချင်း လုပ်ဆောင်သွားဖို့ ရည်ရွယ်ပါတယ်’’ဟု လွတ်လပ်ငြိမ်းချမ်း ‘ပန်းရဲ့လမ်း’ လူမှုကွန်ရက်အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
‘ပန်းရဲ့လမ်း’လူမှုကွန်ရက် အဖွဲ့ ၏ ရန်ကုန်ဖျော်ဖြေမှုတွင် ကိုရဲလွင်၊ ကိုသားထွေး၊ ကိုတိုးလွင်၊ ကိုEချို နှင့် ညီညီလွင်တို့က ‘အတ္တဖြုတ်’၊ ‘ပျိုး’၊ ‘ခွန်အားဖြည့် မိငယ်’၊ ‘သောကကမ္ဘာမြေ’၊ ‘ငြိမ်းချမ်းရေးသံစဉ်’နှင့် ကချင်ပြည်နယ်၏ အလှကို ဖော်ကျူးထားသည့် ‘ မိုးလုံးမှိုင်း’သီချင်းများကို သီဆိုဖျော်ဖြေခဲ့သည်။ မန္တလေးတွင်မူ ကိုရဲလွင်၊ ကိုတိုးလွင်တို့နှင့် အတူ မန္တလေး ‘စိမ်းရောင်စို’ အဖွဲ့မှ ကိုတိုးလွင်(ဥတ္တရအလင်း) ရေးစပ်ထားသည့် ‘ ငြိမ်းချမ်းတေးသံ’သီချင်းနှင့် ရွှေတိုင်ညွှန့်ရေးစပ်ထားသည့် ‘အကျင့်ဆိုး’ သီချင်းများကို ‘စိမ်းရောင်စို’ အဖွဲ့သားများနှင့်အတူ ဖျော်ဖြေခဲ့ကြောင်း သိရသည်။
ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ပြုလုပ်ခဲ့သည့် အဆိုပါဖျော်ဖြေမှုများ မှ လှူဒါန်းငွေ စုစုပေါင်း ကျပ် ၃၁ သိန်းကျော်ရရှိခဲ့ပြီး ယင်းငွေများကို ကချင်ပြည်နယ်ရှိ စစ်ဘေးဒဏ်ခံစား နေရသည့် ဒေသခံများအား ကူညီပေး နေသူများထံသို့ မေလ ၈ ရက်က ငွေလွှဲပို့ကူညီခဲ့ကြောင်း သိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis