menu

Sunday 13 May 2012

‘အနာဂတ် ရည်မှန်းချက်ဆိုရင်တော့ အောင်မြင်တဲ့ မင်းသမီးတစ်ယောက် ဖြစ်ချင်တာပါ’ ကလေးသရုပ်ဆောင် ယွန်းယွန်းနှင့် တွေ့ဆုံခြင်း




e563 ယခုတစ်ပတ် အင်တာဗျူးကဏ္ဍတွင် တွေ့ဆုံမေးမြန်းဖြစ်သူက ပါးချိုင့်လေးများနှင့် အပြုံးပိုင်ရှင် ကလေးသရုပ်ဆောင် ယွန်းယွန်းပင် ဖြစ်သည်။ ကလေးသရုပ်ဆောင်တစ်ဦး အဖြစ် ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး ပရိသတ်အားပေးမှု အပြည့်အ၀ရယူထားကာ ယခုနောက်ပိုင်းတွင်တော့ အရေးပါသည့် ဇာတ်ကောင်စရိုက်များ၌ သရုပ်ဆောင်ခွင့် ရရှိလာသည်ကို တွေ့မြင်ရသည်။ ဇာတ်ကားပေါင်း ၂၀၀ ၀န်းကျင်ခန့်နှင့် ရုပ်ရှင်ကားကြီး ၂၀ ကျော်တွင် သရုပ်ဆောင်ခဲ့ပြီးသူ ကလေးသရုပ်ဆောင် ယွန်းယွန်း၏ လတ်တလော အနုပညာရေးရာ၊ ရှေ့ဆက်လုပ်ကိုင်လိုသည့် အနုပညာ ရည်မှန်းချက်များကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ရာ . . .


မေး ။ ယွန်းယွန်းရဲ့အနုပညာလှုပ်ရှားမှု စတင်ဖြစ်ပုံကနေ စပြီးပြောပြပေးပါလား။
ဖြေ ။ ယွန်းယွန်းက ခြောက်နှစ်သမီးကတည်းက သရုပ်ဆောင်တစ်ယောက်အဖြစ် စပြီးလုပ်ဖြစ်ခဲ့တာပါ။ သုံးနှစ်လောက်တုန်းက ဇာတ်ကားနှစ်ကား ရိုက်ခဲ့ပေမယ့် အရမ်းငယ်သေးတာနဲ့ ဆက်မလုပ်ဖြစ်ခဲ့ဘူး။
မေး ။ အခုချိန်မှာ အနုပညာသက်တမ်း ဘယ်လောက်ကြာသွားပြီလို့ ဆိုနိုင်မလဲ။
ဖြေ ။ ခြောက်နှစ်သမီးအရွယ် ဇာတ်ကားတွေ စရိုက်ကတည်းက ယွန်းယွန်း ကို ပရိသတ်က အားပေးခဲ့သလို ဒါရိုက်တာတွေ သရုပ်ဆောင်တွေကလည်း အားပေးကူညီခဲ့တာကြောင့် အခုဆိုရင် အနုပညာအလုပ်တွေ လုပ်ဖြစ်တာ ခြောက်နှစ်ကျော် သွားပါပြီ။ ဒီအတွင်းမှာ ဗီဒီယိုဇာတ်ကားပေါင်း ၁၉၀ ကျော်နဲ့ ရုပ်ရှင်ကားကြီးပေါင်း ၂၀ ကျော်တို့မှာ သရုပ်ဆောင်ခဲ့ပါတယ်။ ကြော်ငြာအခု ၃၀ ကျော် မှာလည်း သရုပ်ဆောင် ပြီးသွားပါပြီ။
မေး ။ ဇာတ်ကားတွေ အများကြီးမှာ သရုပ်ဆောင်ခွင့်ရခဲ့တဲ့ အပေါ်မှာရော ကျေနပ်လား။ လုပ်ပိုင်ခွင့်ရတဲ့ အပိုင်းမှာရော ဘယ်လိုထင်လဲ။
ဖြေ ။ ကျေနပ်ပါတယ်။ ယွန်းယွန်းတို့က အနုပညာမျိုးရိုးလည်း မရှိတော့ အခုလို ပရိသတ်အားပေးတယ်၊ ဇာတ်ကားတွေ အများကြီး ရိုက်ရတယ်ဆိုတာနဲ့တင် ပျော်ပါတယ်။ လုပ်ပိုင်ခွင့်ကတော့ အစပိုင်းတုန်းက ကလေးအခန်းတွေ ပီပီကလေးနဲ့ သက်ဆိုင်တဲ့ အမူအရာမျိုးတွေပဲ သရုပ်ဆောင်ရပါတယ်။ ဒါပေမယ့် အဲဒီမှာမှ ကြာဖြူလို ဇာတ်ကားမျိုးလို ထူးခြားတဲ့ ကာရိုက်တာလေးတွေလည်း သရုပ်ဆောင်ခွင့် ရပါတယ်။ အခုနောက်ပိုင်းမှာတော့ ကလေးခန်းမျိုးဆိုတာထက် မင်းသားမင်းသမီးရဲ့ညီမလိုမျိုး၊ ကလေးကာလ ကုန်လွန်စအချိန်မှာ ထူးခြားတဲ့ စိတ်ခံစားချက် ခံစားရတဲ့ ကာရိုက်တာမျိုးတွေ လုပ်ရတာများတယ်။
မေး ။ ရုပ်ရှင်ကားကြီးတွေ အများကြီးသရုပ်ဆောင်ခွင့် ရထားတာဆိုတော့ အနုပညာမှတ်တိုင် ဖြစ်မယ့် ဇာတ်ကားမျိုး သရုပ်ဆောင်ခွင့်ရလား။
ဖြေ ။ အနုပညာမှတ်တိုင် ဆိုတာမျိုးကတော့ ဆုတံဆိပ်တစ်ခုခု ရမှမဟုတ် ပါဘူး။ ပရိသတ်က ကိုယ့်ကို ဒီဇာတ်ကားမှာ မှတ်မှတ်ထင်ထင် ဖြစ်တယ်ဆိုရင်ကိုပဲ ကျေနပ်ပါတယ်။ အဲဒီလို ကားမျိုးတွေတော့ အများကြီးရိုက်ထားပါတယ်။ တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ၊ စေတန်ရဲ့ကချေသည်၊ လက်ပံ စသဖြင့် ထူးထူးခြားခြားလုပ်ခွင့်ရတဲ့ ဇာတ်ကားတွေ အများကြီးပါပဲ။
မေး ။ ယွန်းယွန်းရဲ့ အနုပညာရည်မှန်းချက်က။
ဖြေ ။ တကယ်တမ်း ပြောရရင် ယွန်းယွန်းဒီအလုပ်ကို ၀ါသနာပါတာကလွဲရင် ကျန်တာတွေ အများကြီး သိပ်မျှော်လင့်ထားတာမျိုး မဟုတ်ပါဘူး။ ဒီတော့ အခုလို ပရိသတ်အားပေးမှုရတာနဲ့တင် ကျေနပ်ပါတယ်။ အနာဂတ် ရည်မှန်းချက်ဆိုရင်တော့ အောင်မြင်တဲ့ မင်းသမီးတစ်ယောက် ဖြစ်ချင်တာပါ။
မေး ။ အောင်မြင်တဲ့ ကလေးသရုပ်ဆောင်တွေ က ကြီးလာလို့ သရုပ်ဆောင်လုပ်တဲ့အခါ ဆက်ပြီး အောင်မြင်တဲ့သူက နည်းတယ်လေ။ အဲဒီအတွက်ရော ဘာတွေကြိုပြီးပြင်ဆင်ထားလဲ။
ဖြေ ။ ကလေးသရုပ်ဆောင် အများစု က ပညာရေးအတွက် အရေးကြီးတဲ့ အချိန်ကျရင် နားကြရတယ်။ အဲဒီ သုံးလေးနှစ်လောက်အတွင်းမှာ ပရိသတ်နဲ့လုံးဝ အဆက်ပြတ်သွားတော့  သရုပ်ဆောင်တစ်ယောက်အဖြစ် ပြန်လုပ်တဲ့အခါ အောင်မြင်ဖို့ နည်းနည်း ခက်ခဲသွားတာမျိုး ဖြစ်မှာပါ။ ယွန်းယွန်းကတော့ ဆယ်တန်းနှစ်ကျရင် အနုပညာအလုပ်တွေ လုံးဝနားဖို့စဉ်းစားထားပေမယ့် ကြားထဲမှာတော့ ဓာတ်ပုံရိုက်တာ၊ ကြော်ငြာရိုက်တာ၊ ဂျာနယ်မဂ္ဂဇင်းတွေအတွက် ရိုက်ပေးတာတွေ လက်ခံသွားမယ်လို့ စိတ်ကူးထားတယ်။ ဒီတော့ပရိသတ်နဲ့လည်း အဆက်ပြတ်သွားစရာ မရှိတော့ဘူး။
မေး ။ အောင်မြင်တဲ့ မင်းသမီးတစ်ယောက် ဖြစ်ချင်တယ်ဆိုတော့ ဘယ်လိုအတတ်ပညာတွေ လေ့လာဆည်းပူးသွားမယ်လို့ စိတ်ကူးထားလဲ။
ဖြေ ။ မင်းသမီးတစ်ယောက်ဖြစ်ဖို့ ဆိုတာ မလွယ်မှန်း ယွန်းယွန်းသိပါတယ်။ ဒါကြောင့် ကျောင်းပိတ်ရက် တွေမှာလည်း ယွန်းယွန်းသင်တန်းတွေတက် ဖြစ်ပါတယ်။ လောလော ဆယ်တော့ အင်္ဂလိပ် speaking လေ့လာနေပါတယ်။ ကားမောင်းတာ၊ ရေကူးတာလို သင်တန်းမျိုးတွေ ဆက်တက်သွားဖို့ရှိသလို အကသင်တန်းတို့၊ ဂီတတူရိယာတစ်ခုခု တီးခတ်တဲ့ သင်တန်းမျိုးတွေလည်း တက်ဖြစ်မှာပါ။
မေး ။ အနုပညာလောကထဲမှာ လေးစားအားကျရတဲ့ အနုပညာရှင်တွေက ဘယ်သူလဲ။
ဖြေ ။ အနုပညာလောကထဲမှာ ယွန်းယွန်းအားလုံးကို လေးစားအားကျပါတယ်။ ပရိသတ်ရဲ့ ချစ်ခြင်းမေတ္တာကို ရတယ် ဆိုကတည်းက တစ်ယောက် တစ်မျိုးစီမှာ ထူးချွန်တဲ့ အရည်အသွေးတွေ ရှိလို့ပါပဲ။ ယွန်းယွန်းကံကောင်းတာက ကိုယ့်ရဲ့အစ်ကိုတွေအစ်မတွေ ဒါရိုက်တာတွေနဲ့ ဆုံတဲ့အခါ အားလုံး ကသင်ပေးကြပါတယ်။ ဒီတော့ မတူတဲ့ ပညာအမျိုးမျိုးကို ရတာပေါ့လေ။
မေး ။ ကြော်ငြာတွေလည်း တော်တော်လေး ရိုက်လာရတယ်နော်။
ဖြေ ။ ဟုတ်။ အခုနောက်ပိုင်း ကြော်ငြာတွေ တော်တော်များများ ရိုက်လာရတယ်။ ယွန်းယွန်းကအရပ်လည်း ရှည်လာတော့ သရုပ်ဆောင်မော်ဒယ်လ် အစ်မတွေနဲ့ တွဲပြီး ရိုက်ခွင့်ရလာတာပေါ့လေ။
မေး ။ ပညာရေးကို ဘယ်လိုစဉ်းစားထားလဲ။
ဖြေ ။ ပညာရေးပိုင်းမှာလည်း မေမေ က ဂရုစိုက်ခိုင်းပါတယ်။ ဘယ်အလုပ်ပဲ လုပ်လုပ် ပညာတတ်ပြီး ကိုယ်ပိုင်အသိဥာဏ်နဲ့ စဉ်းစားနိုင်ဖို့ အရေးကြီးတယ်လို့ အမြဲပဲ သင်ပေးတယ်လေ။
 EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis