မြေနီကုန်းမီးပွိုင့်အနီး တစ်နေရာ
ယခင်နှစ်ကထက် အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်နေသည့်
ရန်ကုန်မြို့ကားကျပ်မှုကို ဖြေရှင်းရန် အနည်းဆုံး အချိန်တစ်နှစ်
ထပ်မံကြာမြင့်ဦးမည်ဟု တရားဝင်ထုတ်ပြန်ချက်များ၊ လက်ရှိကားအစီးရေ
တိုးနှုန်းနှင့် ကားမူဝါဒသစ်များအပေါ် အခြေခံ၍ လေ့လာသူများ က ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများက
လှည်းတန်းခုံးကျော် တစ်ခုတည်း တည်ဆောက်မှုပင် အချိန်တစ်နှစ်ကြာမည် ဟု
ခန့်မှန်းထားကြောင်း တရားဝင် ထုတ်ဖော်ပြောကြားခဲ့သည်။
“လှည်းတန်းခုံးကျော် တံတား လျင်မြန်စွာ ပြီးစီးဖို့အတွက် သက်ဆိုင်
ရာအဖွဲ့တွေနဲ့ ဆောင်ရွက်နေပါတယ်။ ဒါပြီးမှပိုင်ရိုက်ပြီး တံတားအူကြောင်း
ဖော်နိုင်မှာပါ။ ဆက်တိုက် အမြန်ပြီး အောင်လုပ်နေပေမယ့် မြေပြင် အခက်အခဲတွေ
ရှိတာကြောင့် သုံးလလေးလနဲ့ မပြီးနိုင်ပါဘူး။ အများဆုံး တစ်နှစ်ခန့်
မှန်းထားပါတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူးက
မေလ ၁၁ ရက်နေ့ညနေပိုင်းက ပြုလုပ်ခဲ့သည့် စာနယ်ဇင်းအချို့နှင့်
တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း ဖလားဝါး နယူးဂျာနယ်တွင်
ဖော်ပြပါရှိခဲ့သည်။
လိုင်းကားအားထားရတဲ့ အများပြည်သူတွေကတော့ အရင်ကထက် အလုပ်အတွက် နောက်ထပ်
တစ်နာရီစောထ၊ တစ်နာရီနောက်ကျပြီးမှ အိမ်ပြန်ရောက်မယ့် အခြေအနေကို
မြို့စွန်ကလူတွေရော မြို့ထဲက လူတွေ ပါကြုံလာရမှာပဲ။
အိမ်ကားပိုင်တဲ့သူတွေလည်း နေ့တိုင်း ကားပါကင်အမှုနဲ့ ပြဿနာတက်မှာမလွဲဘူး . .
.
|
“ကားပါကင်စီမံကိန်းက နောက်တော့ ဖြစ်လာနိုင်ပါတယ်။ လမ်းနဲ့ ပတ်သက်လို့က
လောလောဆယ် ချဲ့လို့ရတဲ့လမ်း လိုက်ချဲ့ပေးတဲ့ အစီအစဉ်ကလွဲလို့
တစ်ခြားအစီအစဉ်တွေ လောလောဆယ်တော့ မရှိသေးဘူး။ လမ်းချဲ့တာကလည်း
အကန့်အသတ်တော့ ရှိပါတယ်။ ကားပါကင်ရော လမ်းရောအတွက် အစီအစဉ်ဆိုရင်တော့
အခုတိတိကျကျ အသေးစိတ် အစီအစဉ်မျိုးတော့ မထုတ်ပြန်နိုင်သေးပါဘူး”ဟု
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။
ထို့အတွက် လှည်းတန်းခုံးကျော် တစ်ခုတည်းပင် တစ်နှစ်ကြာမည်ဆိုလျှင်
ယာဉ်ကြောပိတ်ဆို့မှု အဆိုးရွားဆုံးလမ်းဆုံတိုင်းတွင်
ခုံးကျော်တည်ဆောက်ခြင်းအတွက် အချိန်မည်မျှ ထပ်မံယူကြရဦးမည်ကို တွက်ဆ၍
ရပြီဖြစ်ကြောင်း မြို့ပြအင်ဂျင်နီယာများက သုံးသပ်ခဲ့သည်။
လက်ရှိကားတင်သွင်းမှု မူဝါဒသစ်အရလည်း ကားများ များစွာဝင်ရောက်လာမည့်
အခြေအနေ၊ ကားကြပ်မှုကို ပိုမိုဖြစ်ပေါ်စေသည့် မိုးတွင်းကာလရောက်ရှိတော့မည့်
အခြေအနေ၊ အဆိုပါအခြေအနေကို ဖြေရှင်းမည့် ခုံးကျော်နှင့်
လမ်းချဲ့ထွင်မှုမှာလည်း အချိန်များစွာ ယူရဦးမည့် အခြေအနေများ
အတိုင်းဆိုလျှင် ယခုမိုးတွင်းကာလ၌ ရန်ကုန်မြို့နေ ပြည်သူများ
ယာဉ်ကြောပိတ်ဆို့မှုကို ဆိုးရွားစွာခံစား ရမည်ဟု သုံးသပ်ကြသည်။
ထိုသို့သော ယာဉ်ကြောပိတ်ဆို့မှု အခြေအနေကို ဖြေရှင်းရန်၊ များပြား
လာမည့်ယာဉ်အစီးရေဖြင့် ကိုက်ညီ သည့် လမ်းကွန်ယက်ဖြစ်ရန်၊ ကိုက်ညီသည့်
ကားပါကင်စနစ်ရှိရန်အတွက်မူ ယခုထက်တိုင် တိကျသည့် အစီအစဉ် မရှိခြင်း၊
မည်သည့်ဝန်ကြီးဌာန၊ မည် သည့် တာဝန်ရှိသူမျှတာဝန်ယူပါ သည်ဟု အာမခံ
မပြောကြားနိုင်သေးခြင်း၊ ရေတို၊ ရေရှည်အစီအစဉ်ကို ပင်ချမပြနိုင်ခြင်းများက
ရန်ကုန်မြို့နေ ပြည်သူများအတွက် ရင်လေးစရာဖြစ်သည်ဟုလည်း ထောက်ပြခဲ့ကြသည်။
ယာဉ်ကြောပိတ်ဆို့မှု အချိန်ကြာမြင့်စွာ ဖြစ်ပေါ်သည့် လှည်းတန်းမီးပွိုင့်အား တွေ့ရစဉ်
ရွှေပြည်သာမှ ယုဇနပလာဇာ သို့ အလုပ်ဆင်းရသည့် အရောင်း
စာရေးမလေးတစ်ဦးက”အလုပ်က ၉ နာရီစဆင်းရတယ်။ ရွှေပြည်သာကနေ ယုဇနပလာဇာကို ကား ၃
ဆင့်ပြောင်း စီးရတယ်။ ကားမျိုးစုံစီးရတယ်၊ အထူး စီးတစ်ဆင့်၊
ရိုးရိုးဘတ်စကားစီး တစ်ဆင့်၊ ဒတ်ဆန်းကားလားဘာလား အဲဒါတစ်ဆင့်စီးတယ်။
လမ်းခုလတ် မှာ နှစ်ခါပြောင်းစီးရတဲ့အတွက် နေရာမရဘူး။ ကြုံသလိုစီးရတယ်။ မနက်
၉ နာရီမီဖို့အတွက် မနက် ၅ နာရီခွဲ ၆ နာရီဆိုထ ထမင်းချက် ထမင်းဘူး ထည့် ၇
နာရီလောက်ဆို စထွက်တယ်။ နှစ်နာရီဝန်းကျင်လောက်စီးရ တာပေါ့။ ညနေဆိုရင် ၅
နာရီအလုပ် ဆင်းတယ်။ ၅ နာရီခွဲ၊ ၆ နာရီလောက် မှကားရတယ်။ အပြန်ကတော့
အိမ်ရောက်တဲ့အထိ မတ်တပ်ရပ်ရတယ်။ မတ်တပ်ရပ်တာပုံမကျရင်စပယ်ယာ က ဟောက်သေးတယ်။
အိမ်ကို ၇ နာရီခွဲ၊ ၈ နာရီမှ ပြန်ရောက်တယ်။
အလုပ်တစ်နေကုန်လုပ်လို့ပင်ပန်းတာက တစ်မျိုးကားစီးရတာ ပိုပင်ပန်းတယ်
အိမ်ရောက်ရင် လှုပ်တောင် မလှုပ်ချင် တော့ဘူး။ ကျွန်မတို့က အိမ်မှာချက်မယ့်သူ
ကျန်သေးလို့ ညနေစာထမင်း ၀င်ချက်စရာမလိုဘူး။ မနက်စာပဲ ကိုယ့်ထမင်းဘူးမီအောင်
ထချက်ရတာ။ သူငယ်ချင်း တချို့ဆို အိမ်ပြန်ရောက်မှ ထမင်းချက်စားတာ။
သူတို့ဆို ပိုဆိုးတာပေါ့။ လိုင်းကားအတွက်က ၄ နာရီ လောက် တစ်နေ့ကို
အချိန်ပေးနေရတယ်။ အခုကားကြပ်လို့ အလုပ်မမီရင်လည်း တစ်ရက်စာဖြတ်တာမျိုး
ခံရသေး တယ်”ဟု ပြောပြခဲ့သည်။
မြို့ပြအင်ဂျင်နီယာ တစ်ဦးဖြစ်သူ ကလည်း “လက်ရှိကားကျပ်မှုကို
မဖြေရှင်းနိုင်သေးတဲ့ အချိန်မှာ နောက်ထပ်ကားတွေ ၀င်လာမယ်ဆိုရင်
ကလေးတွေးတွေးတောင် ဒုက္ခဖြစ်အုံးမယ်ဆိုတာ သိနိုင်တယ်။ ဒီနေ့အထိ အစီအစဉ်တွေ
ချမပြနိုင်သေးဘူးဆိုတာ တကယ် စီစဉ်မထားနိုင်သေးလို့ ပဲလို့သုံးသပ်လို့ရတယ်။
လမ်းအတွက် မစီစဉ်ဘူး အများပြည်သူသုံးဖို့ ကားတွေအတွက်
လွယ်ကူအောင်မစီစဉ်ဘူး။ အိမ်ကားသွင်းတာ တစ်ခုကိုပဲ
အာရုံစိုက်လုပ်နေတဲ့ဒဏ်ကို ရန်ကုန်ပြည်သူတွေ အခုမိုးတွင်းမှာ လက်တွေ့ခံစား
ရလိမ့်မယ်။ လိုင်းကားအားထားရတဲ့ အများပြည်သူတွေကတော့ အရင်ကထက် အလုပ်အတွက်
နောက်ထပ်တစ်နာရီ စောထ၊ တစ်နာရီနောက်ကျပြီးမှ အိမ်ပြန်ရောက်မယ့် အခြေအနေကို
မြို့စွန်ကလူတွေရော မြို့ထဲကလူတွေပါ ကြုံလာရမှာပဲ။
အိမ်ကားပိုင်တဲ့သူတွေလည်း နေ့တိုင်း ကားပါကင်အမှုနဲ့ ပြဿနာတက်မှာ မလွဲဘူး။
ဘယ်ဖက်ကမှ သက်သာစရာမရှိဘူး။ ဒါကတော့ အများပြည်သူအတွက် အဖက်ဖက်က ထည့်မတွေးပဲ
မူဝါဒချမှတ်နေသူတွေကြောင့် အများစုခံရတဲ့ သဘောဖြစ်နေတယ်။ အခုကား
သွင်းခွင့်ပေးလိုက်လို့လည်း ကျွန်တော် တို့လို အသက်မွေးဝမ်းကျောင်း
ပညာသင်ထားတဲ့သူတွေရဲ့ဝင်ငွေနဲ့တောင် နောက် ၅ နှစ်နဲ့
ကိုယ်ပိုင်ကားစီးနိုင်ဖို့ မလွယ်ဘူး။ လူတစ်ဦးချင်း ၀င်ငွေတက်မယ့်ကိစ္စ၊
အများပြည်သူ သွားလာရေး လွယ်ကူမယ့် ကိစ္စတွေကိုတော့ ဇောင်းမပေးဘူး။
ကားမစီးနိုင်လို့ လိုင်းကားစီးနေရပါတယ် ဆိုတဲ့ လူတောင် ဒုက္ခထပ်ပေးသလို
ဖြစ်နေတယ်။ လမ်းကကြာမယ်ဆိုရင်တောင် ဘတ်စ်ကား ကောင်းကောင်းလေးတော့လဲ
ပေးစေချင်ပါတယ်ဗျာ”ဟု ပြောပြခဲ့သည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်ကလည်း “ Public
Transportation က အရေးကြီးတယ်။ ကျွန်တော်တို့စပြီး အကြံပြုတုန်းက လှည်းတန်း
တစ်ခုတည်းဆောက်ဖို့ မဟုတ်ဘူး။ မြေနီကုန်း၊ ရွှေဂုံတိုင်၊ တာမွေလမ်းဆုံ
အားလုံးတစ်ပြိုင်နက်တည်း ဆောက်မှ အဲဒီလမ်းကြောင်း တစ်လျှောက်မှာ
ကားပိတ်ဆို့မှု သက်သာမယ်လို့အကြံ ပြုခဲ့ကြသေးတာပါ။ အခုလှည်းတန်း
တစ်ခုတည်းပြီးပေမယ့်လည်း ကားပိတ်ဆို့မှုကို ရှင်းနိုင်မှာ မဟုတ်သေးဘူး။
ရန်ကုန်မြို့မှာ အခုကတည်းက စပြီး Public Transportation နဲ့ ပတ်သက်တာတွေ
အစီအစဉ်တကျ လုပ်ရတော့မယ်။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်မြို့က
စီးပွားရေးမြို့တော်ဖြစ်တဲ့အတွက် ရန်ကုန်မြို့နေလူထုနဲ့ ကားတင်မဟုတ်ဘူး၊
အခြားစီးပွား ရေးဆိုင်ရာကားတွေပါ လာသုံးကြမှာပဲ။ နိုင်ငံခြားသား
လုပ်ငန်းရှင်တွေလည်း ရှေ့ဆက်အများကြီး လာကြမှာ။ မြို့နေလူထုကလည်း ဘတ်စကားပ
ဲအဓိကသုံးနေကြရတာ။ နှစ် ပိုင်းရှိတယ်၊ ကားလမ်းကားပါကင် တွေပြင်ဆင်တာနဲ့
ရထားလမ်းကွန် ရက်ကိုမြှင့်တာ။ ဒီလိုမြှင့်တင်တဲ့ နေရာမှာ
နှစ်ထပ်လမ်းတွေအထိတောင် အစီအစဉ်ဆွဲသင့် ဆွဲထားရမယ်။ ပိုက်ဆံရှိတာ မရှိတာထက်
အစီအစဉ်ဆွဲထားဖို့က ပိုအရေးကြီးတယ်။ အခုကတည်းက ဘယ်လိုအဆင့်မြှင့်တင်
တည်ဆောက်မယ်ဆိုတာကို လိုအပ်ရင် နိုင်ငံတကာ ပညာရှင်တွေပါ ခေါ်ပြီး Plan
ရေးဆွဲထားသင့်ပြီ။ အဲဒီ Plan ကို အကောင်အထည်ဖော်ဖို့ ပြည်တွင်းက
အရင်းအနှီးနဲ့မတတ် နိုင်ရင် ပြည်ပက အရင်းအနှီးကိုပါ ရအောင်ရှာပြီး
တစ်ဆင့်ချင်းလုပ်သွားဖို့ လိုတယ်။ အခုလည်း စင်ကာပူနဲ့ ဂျပန်က
ပညာရှင်တွေခေါ်ပြီး လုပ်နေတာတော့ရှိပါတယ်။ ဒါပေမယ့် Plan ကို
တစ်ခါတည်းချနိုင်အောင် လုပ်ဖို့ကို ပြောချင်တာပါ။ ပြည်သူတွေ
ဘတ်စကားလောက်ကိုတော့ အန္တရာယ်ကင်းကင်း စိတ်ချမ်းချမ်း သာသာ စီးသင့်နေပါပြီ။
အခုမစီစဉ်နိုင်ရင် နောက်ထပ်နှစ်နဲ့ချီပြီး ကားပိတ်ဆို့မှုပြဿနာကို
ကြုံရမှာလည်း ကိုယ့်ပြည်သူတွေပဲ။ လိုအပ်ရင် Public Transportation
နဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပက ပညာရှင်တွေဖိတ် ခေါ် Forum လုပ်ပြီး
အစီအစဉ်ရေး ဆွဲသင့်တယ်”ဟု သုံးသပ်ပြောကြားခဲ့ပါသည်။
မေလ ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က ရွှေဂုံတိုင်မီးပွိုင့်အနီးမှ ငါးထပ်ကြီးဘုရား အနီးအထိ ယာဉ်ကြောပိတ်ဆို့မှု မြင်ကွင်း
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း အထွေထွေအတွင်းရေးမှူး ဦးကိုကိုကြီးက
“ကားသွင်းတာ၊ လမ်း နဲ့ကားပါကင် တည်ဆောက်တာက အစီအစဉ်တကျနဲ့ အပြိုင်လုပ်ရမှာ။
Public Transportation ကိုပဲ အဓိက ဦးစားပေး လုပ်ရမှာပါ။
လမ်းသစ်ချဲ့ဖို့အဆင်မပြေရင် ရှိပြီးသားလမ်းကို ထိထိရောက်ရောက်
အသုံးချနိုင်အောင် အရင်လုပ်ရမယ်။ ဥပမာ-၄ လမ်းသွား ကို ၄ လမ်း
အပြည့်သုံးနိုင်အောင် လုပ်ရမယ်။ အခုလမ်းပေါ်မှာကားတွေ ရပ်ထားတဲ့အတွက် အပြည့်
အသုံးမချနိုင်ဘူး။ ဒီတော့ လမ်းပေါ်က ကားတွေကို ရှင်းအောင် ဘယ်လိုလုပ်မလဲ၊
သူတို့ရပ်စရာနေရာ အဆင်ပြေအောင် ဖော်ဆောင်မပေးမချင်းကတော့ လမ်းပေါ်မှာကားတွေ
ရပ်ရဦးမှာပဲ။ ဒီတော့ ကားပါကင်လိုပြီ။ အဲဒီအတွက် လမ်းကိုပြင်ဆင်ရင်းနဲ့ကား
ပါကင်ပါတွဲလုပ်ရမယ်လို့ ပြောတာပါ။ ကားပါကင် စနစ်တကျ ထားပေးမယ်။ လမ်းပေါ်မှာ
ရပ်ဖို့ဆိုရင်လည်း လမ်းပေါ်မှာ ကားပါကင် စနစ်တကျ ထားပေး ရမယ်။ ပြီးမှ
စည်းကမ်းမဲ့ မရပ်ဖို့ ပြည်သူကို ပညာပေးရမယ်။ အတင်းအကျပ် လုပ်လို့မရဘူး။
ပညာပေးပြီးမှ ဒဏ်ရိုက်တာတို့ ဥပဒေ အရ အရေးယူတာတို့လုပ်ရမယ်။ ဒဏ်ရိုက်တယ်
ဆိုတာတောင် ၀ါးရင်းတုတ်နဲ့ စလို့မရဘူး၊ ပညာပေးရင်း
ရိုက်တဲ့ပုံစံကျင့်သုံးရမှာ။ အဲဒီလိုနဲ့ရှိပြီးသား လမ်းတွေကို ၄ လမ်းသွား ၎
လမ်းအပြည့် သုံးနိုင်အောင်လုပ်ဖို့ လိုပါတယ်။ နောက်ပိုင်းမှာ ရထားလမ်း
ကွန်ရက်ကိုပါ မြှင့်တင်သွားရမှာ။ ရန်ကုန်မှာ နေ့စဉ်လူဦးရေသုံးသန်း
လောက်ကခရီးသွားနေတာ။ အဲဒီမှာ ရာနှုန်းပြည့်နီးပါးက ဘတ်စကားနဲ့ တက္ကစီကိုပဲ
အားထားသွားနေကြရတယ်။ ဒီတော့ ဘတ်စကားလိုင်းတွေ ကို စနစ်တကျဖြစ်အောင် အခုက
တည်းက လုပ်ရမယ်။ အိမ်စီးကားထက် ဘတ်စကားတွေပိုပြီး အသစ် တင်သွင်းရမှာပါ။
ရန်ကုန်မြို့မှာနေ ပြီး အသက်နဲ့ရင်း ကားစီးနေရတာတော့ မဖြစ်သင့်တော့ဘူးလို့
မြင်ပါတယ်။ အဲဒီအတွက်လည်း ခုကတည်း စီစဉ်ပြင်ဆင် မသွားဘူး ဆိုရင်တော့
တစ်နှစ်မဟုတ်ဘူး၊ နောက်သုံးလေးနှစ်အထိ ကားပြဿနာရှင်းလို့ ပြီးမှာမဟုတ်ဘူး။
လက်ရှိကားကျပ်ပုံမျိုးနဲ့ က လာမယ့်မိုးတွင်းမှာ ကားပိုကျပ်မယ့်အပြင်
ကားအိုကားဟောင်းတွေ ရှိနေသေး တာကြောင့်လည်း လမ်းကို ပိုပြီးကျပ်တည်းမှာ
သေချာတယ်။ အရင် Town Plan ဆွဲတုန်းက မြို့သစ်တွေကို
အဝေးကြီးချဲ့ထုတ်လိုက်တဲ့ဒဏ်ကို အခုမြို့စွန်မှာနေရတဲ့ သူတွေ ခံစားနေရပြီ။
ကားစီးရတာနဲ့ အချိန်ကုန် လူပန်းဖြစ်နေပြီ။ အိမ်စီးကားတွေ များလာတော့မှန်တယ်
ဒါပေမယ့် အများပြည်သူစီးရတဲ့ ကားတွေကတော့ ဟောင်းတုန်းပဲ ဟိုင်းလပ်တွေဆို
ငါးပိသိပ်ငါးချဉ်သိပ်နဲ့ တင်ပြီးသွားလာနေတာ။ အများပြည်သူ
အန္တရာယ်ဖြစ်စေတဲ့ကားတွေ နေရာမှာလည်း အစားထိုးပေးသင့်ပါပြီ”ဟု
သုံးသပ်ပြောကြားခဲ့သည်။
ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းဖို့အတွက် Public Parking ကအရေး အကြီးဆုံးပဲ။ Public Parking မလုပ်ပဲနဲ့ ဖြေရှင်းလို့မရဘူး။
|
စင်ကာပူကုမ္ပဏီဖြင့် ရှစ်နှစ်တွဲဖက်လုပ်ကိုင်ခဲ့ပြီး နိုင်ငံတကာသို့
စီးပွားရေးဆိုင်ရာများအတွက် သွား ရောက်လေ့လာလေ့ရှိသည့်
လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးနှင်းဦးက “စင်ကာပူမှာလည်း ကားကြပ်တာရှိတယ်။
ဘန်ကောက် မှာလည်း ကြပ်တာရှိတယ်။ ကားက အဲယားကွန်းပါသလို ကားထဲမှာလည်း
ချောင်တယ်။ နောက်စင်ကာပူတို့ ထိုင်းတို့ကအများပြည်သူမှာ ရွေးချယ်စရာရှိတယ်။
ဘတ်စကားလမ်းကြပ်နိုင်တဲ့ လမ်းဆို MRT နဲ့အချိန်မီ သက်သောင့်သက်သာ
သွားလို့ရတဲ့ ရွေးချယ်ခွင့်ရှိတယ်။ ဒီမှာတော့ ရွေးချယ်ခွင့်မရှိဘူး။
ကားပိုများလာမယ့် အခြေအနေအတွက် ဘာတွေစီစဉ်ထားသလဲ။ ဒါကိုဖြေရှင်းဖို့အတွက်
အခုကတည်း က ပညာရှင်တွေနဲ့ Town Plan ကို သေချာ ရေးဆွဲသင့်ပါပြီ” ဟု
သုံးသပ်ခဲ့သည်။
မေလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ဓမ္မစေတီလမ်းတစ်လျှောက် ကားကျပ်မှုမြင်ကွင်း
စီးပွားရေးဆိုင်ရာအသင်း အဖွဲ့များတွင် ပါဝင်လုပ်ဆောင်နေသူ MBA
ဘွဲ့ရတစ်ဦးကလည်း “ရန်ကုန်မှာတော့ ဘတ်စကားနဲ့ တက္ကစီ အများဆုံး
အသုံးပြုနေကြတာပဲ။ အိမ်စီးကားတွေ များလာတယ်ဆိုပေမယ့် ပိုင်ဆိုင်တဲ့
သူများလာတာတော့ မဟုတ်ဘူး။ ချမ်းသာတဲ့မိသားစုက ၁၀ ဦးရှိရင် ၁၀ စီးလောက်
ဝယ်စီးနေကြတာ။ ၂၀၀၇ မော်ဒယ်အထက် သွင်းခွင့်ပေးလိုက်တာ ဘာဖြစ်သွား လဲဆိုတော့
ကားဟောင်းပိုင်ရှင်တွေ ဈေးထိုးကျလို့ ဒုက္ခဖြစ်ပြီး ကားဟောင်းမအပ်ပဲ
ဆက်သုံးနေတဲ့ အဖြစ် ကို ပြန်ရောက်သွားစေတယ်။ ဒီကားဟောင်းတွေက လာမယ့်မိုးမှာ
လမ်းကို ဒုက္ခပေးဦးမှာပဲ။ ဒီလူနည်း စု ဒုက္ခရောက်သွားတယ်ထားဦး
လူနည်းစုဒုက္ခရောက်ပြီး ကိုယ်ပိုင်ကား မစီးနိုင်သေးတဲ့ အများပြည်သူအတွက်
ဘတ်စကားနဲ့ လမ်းအဆင်ပြေပြေ ဖြစ်သွားတယ် ဆိုရင်လည်း ကောင်းမွန်တဲ့ရလဒ်လို့
ပြောရဦးမယ်။ အခု က အများစုအတွက်လည်း စီစဉ်ထားတာတွေက စနစ်မကျ၊ တစ်ဖက်မှာလည်း
ကမောက်ကမတွေ ဖြစ်ကုန်တယ်”ဟု သုံး သပ်ခဲ့သည်။
မေလ ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က ရွှေဂုံတိုင်မီးပွိုင့်အနီးမှ ငါးထပ်ကြီးဘုရားအနီးအထိ ယာဉ်ကြောပိတ်ဆို့မှုမြင်ကွင်း
မေလ ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က ရွှေဂုံတိုင်မီးပွိုင့်အနီးမှ ငါးထပ်ကြီးဘုရားအနီးအထိ ယာဉ်ကြောပိတ်ဆို့မှုမြင်ကွင်း
ရန်ကုန်မြို့တွင် ကားပါကင် ပြဿနာကြီး ထွားလာနေမှုအပေါ် ယုဇနကွန်ဒိုတွင်
နေထိုင်သူတစ်ဦး ကလည်း “ကျွန်တော်က တာမွေကနေ ယုဇနကွန်ဒိုကို ပြန်တယ်။
ရွှေဂုံတိုင်ပွိုင့်မှာ ၁၀ မိနစ် ၁၅ မိနစ်လောက် စောင့် ရတယ်။
ကွန်ဒိုကိုရောက်ရင် ကားပါကင်ရဖို့အတွက် ၁၅ မိနစ် လောက် ပတ်မောင်းပြီး
ရှာရတယ်။ ကွန်ဒိုတွေ၊ တိုက်ခန်းတွေမှာ အခုနောက်ပိုင်း
ကားသစ်တစ်စီးဝယ်လာတာနဲ့ ကားပါကင် ပြဿနာတက်တော့တာပဲ။ ကျောက်မြောင်းတို့ Down
Town ဧရိယာတို့မှာလို လူနေထူထပ်တဲ့ နေရာတွေ၊ ကန်ထရိုက်တိုက်များတဲ့
နေရာတွေမှာဆို ကားပါကင်ပြဿနာကို နေ့တိုင်းတွေ့နေရပြီ။
ကားသစ်တစ်စီးတိုးတိုင်း ပြဿနာတက်တာပဲ။ အခုဆို ရပ်စရာမရှိလို့
လမ်းဆုံတွေနားမှာရပ်၊ လမ်းပေါ်တွေ့တဲ့ နေရာမှာရပ်နဲ့ လမ်းသွားလို့တောင်မရတဲ့
အနေအထားဖြစ်လာတယ်။ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းဖို့အတွက် Public
Parking ကအရေး အကြီးဆုံးပဲ။ Public Parking မလုပ်ပဲနဲ့ ဖြေရှင်းလို့မရဘူး။
လမ်းမတော် မှာဆိုနေ့ခင်းဘက်မှာ ကြားလမ်းတွေ ကဖြတ်ဝင်ဖို့ အခုဆို
မဖြစ်နိုင်တော့ဘူး။ ကိုယ်ပိုင်ကားနဲ့သွားလည်း မြို့ထဲမှာ ကားရပ်စရာနေရာ
ရှာရတာနဲ့တင် အချိန်ကုန်တာပဲ” ဟု ပြောပြခဲ့ သည်။
“စည်ပင်က ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြေရှင်းဖို့ အသေးစိတ်တိကျတဲ့ Plan
မရှိသေးဘူး။ စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်က ဗီယက်နမ်ကိုမှီဖို့
ကားအစီးရေ ၃ ဒသ မ ၈ သိန်းထိသွင်းဖို့တောင်လိုသေး တယ်လို့ပြောတယ်။
ဒါကိုကြည့်ရင် သွင်းတဲ့ဌာနနဲ့ လမ်းအတွက်ဖြေရှင်း ပေးမယ့်ဌာန၊
အခြားသက်ဆိုင်တဲ့ ဌာနတွေဟာ ဘာဆက်သွယ်ဆွေးနွေးမှုမှ
မရှိတဲ့ပုံမျိုးဖြစ်နေတယ်။ ဒီလိုဌာနအချင်းချင်း မဆက်သွယ်တဲ့ ဒဏ်ကိုခံရတော့
အများပြည်သူပဲ ခံရတယ်”ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးကလည်း
ပြောပြခဲ့သည်။
ခုံးကျော်များ တည်ဆောက်မှုနှင့်ပတ်သက်၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ပြောကြားခဲ့မှုများ
၂၀၁၁ ခုနှစ်နိုဝင်ဘာလ ၂၈ ရက်နေ့ (နေပြည်တော်၌ ကျင်းပသည့် တွေ့ဆုံပွဲ)
‘နိုင်ငံတော်သမ္မတကြီးက ပြောကြားပါတယ်။ ရန်ကုန်မြို့ကြီးကို
စင်ကာပူလိုဖြစ်အောင် ခင်ဗျားတို့ ကြိုးစားညှိနှိုင်းပြီး လုပ်ကြည့်ပါ။
ကိုယ့်အခြေအနေနဲ့ ကိုယ်ကိုက်အောင်လုပ်ပါလို့ ပြောထားတယ်။ အခု
ကျွန်တော်ပြောချင် တာက ကမာရွတ်လှည်းတန်းမှာ Traffic တွေများလာလို့
ဂုံးကျော်တံတားကို လာမယ့်လေးလအတွင်း အပြီးလုပ်မယ်။ အလားတူ ရွှေဂုံတိုင်၊
တာမွေ ၅ လမ်းခွဆုံနဲ့ ဘုရင့်နောင်လမ်းဆုံမှာ လုပ်မယ်။ အကယ်၍ လေးလနဲ့
အပြီးလုပ်မယ်ဆိုပြီး မပြီးရင်လည်း လူထုကို ကျွန်တော်တို့
တောင်းပန်ရမှာပေါ့။ ခင်ဗျားတို့ မြန်မြန်လေးလုပ်ပေးပါ။ Traffic
သိပ်ကျပ်နေတယ်လို့ နိုင်ငံတော် သမ္မတကြီးက ပြောတယ်။ ကျွန်တော်ရန်ကုန်ကို
သွားတုန်းက ဆိုရင် မီးပွိုင့်မှာ သုံးလေးခါမိ အချိန်တော်တော်ကြာသွားတယ်။
ကျွန်တော်ကတော့ ဖုန်းရှိလို့ အလုပ်လုပ်လို့ရတယ်။ အလုပ်သမားတွေက
အလုပ်ကပြန်ပြီး အိမ်ရောက်မှ ထမင်းချက်ရမယ့်သူမျိုးတွေ အတွက်ဆိုရင်တော့
အရမ်းကြန့်ကြာနေလို့ မဖြစ်ဘူး။ အိမ်ကိုလည်းပြန်ချင် မီးပွိုင့်ကလည်း
အကြာကြီး မိမိနေတော့ အလုပ်သမားတွေအတွက် အဆင်မပြေဘူး။ ထို့အတူ
ဘုရင့်နောင်တံတားမှာလည်း ယာဉ်တွေကျပ်နေလို့ ဘုရင့်နောင် တံတားရဲ့
မလှမ်းမကမ်းမှာ တံတားတစ်ခု ထပ်ထိုးမယ်။ ဒါကတော့ လေးလနဲ့မပြီးဘူး။
တစ်နှစ်လောက်လည်း ကြာရင်ကြာမယ်။ အလားတူပဲ ရထားလမ်း ကွန်ယက်ကိုလည်း
ရန်ကုန်မှာ ဆောင်ရွက်မယ်၊ ကားလမ်း ကွန်ယက်လည်း လုပ်မယ်။
လွတ်လပ်ရေးရပြီးကာစက ဆိုရင် စင်ကာပူက ကျွန်တော်တို့နိုင်ငံကို လာကြည့်ရတယ်။
အခု ကျွန်တော်တို့က ပြန်ကြည့်ရတော့မယ်။ ကိစ္စမရှိပါဘူး။ ကောင်းတာတွေ
ယူရမယ်။ အခုလက်ရှိ ရန်ကုန်မြို့ရဲ့လူဦးရေက ၆ သန်းနဲ့ ၇ သန်းရှိလာတဲ့အခါမှာ
မြို့ပြင်ကနေ အလုပ်လုပ်ဖို့ သွားလိုက်ပြန်လိုက် သွားလာနေရတဲ့ အလုပ်သမားတွေ
အဆင်ပြေဖို့ ကျွန်တော်တို့ ကုစားနေပါတယ်။ ကုစားတဲ့အလုပ်စပြီလို့ ပြောချင်
တယ်။ ဂုံးကျော်တံတားတွေ အများကြီးဖြစ်သင့်တာပေါ့။ လတ်တလောတော့ ၎
လလောက်အတွင်းမှာ ဂုံးကျော် တံတား ၄ ခုကို အမြန်ပြီးအောင် လုပ်မယ်’ဟု
အမှတ်(၁)၊(၂) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာ
နိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC ဥက္ကဋ္ဌဖြစ်သူ ဦးစိုးသိန်းက
ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (နေပြည်တော်၌ ကျင်းပသည့် တွေ့ဆုံပွဲ)
ရန်ကုန်တွင် ခုံးကျော်တံတားကြီးလေးစင်းကို အဆင့်နှစ်ဆင့်ခွဲခြား၍
လေးလအတွင်း အပြီး ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းခုံးကျော်တံတားကြီးများတွင်
ဖြတ်သန်းခ ကောက်ခံမည်ဆိုသည်မှာ လုံးဝမဟုတ်မှန်ကြောင်း
မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်ဟူ၍ ရန်ကုန်တိုင်းမ်ဂျာနယ်
အတွဲ(၇)၊ အမှတ် (၄၉)တွင် ဖော်ပြထားသည်။
၂၀၁၂ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ (နေပြည်တော်၌ကျင်းပသည့် တွေ့ဆုံပွဲ)
‘ပထမဆုံးလုပ်နေတာက လှည်းတန်းခုံးကျော်တံတားကို အရင်ဆုံးလုပ်နေတယ်။
ဆက်လုပ်ဖို့ ကျန်နေ တာက ရွှေဂုံတိုင်ရယ်၊ ဘုရင့်နောင်ရယ်၊ မြေနီကုန်းရယ်။
ဒါတွေကို လုပ်ဖို့လို့ကို တလောက သွားကြည့်ပါတယ်။ ကျွန်တော့်မှာ
လုပ်ဖို့အတွက် ကန့်သတ်ချက်ရှိပါတယ်။ ငွေရေးကြေးရေးပါ၊ အခုအချိန်မှာ
လွှတ်တော်ရှိလာတဲ့ အတွက် ကျွန်တော်တို့ ချိန်ဆရပါတယ်။ ကျွန်တော်လုပ်တာလည်း
ဆက်စပ်တယ်။ သူတို့ ငွေရေးကြေးရေး ပြန် ဆပ်ဖို့ ကျွန်တော်က အလုပ်တွေ
လောဘကြီးပြီး လုပ်တဲ့အခါမှာ အားလုံးက ကျွန်တော့်ကိုလာတင်ပြီး ကျွန်တော်
အခက်အခဲရှိနိုင်တယ်။ ပြည်သူက အကျိုးရှိမယ်။ ဒါပေမယ့် ကျွန်တော်က
လုပ်တဲ့သူဖြစ်တော့ ဒီငွေတွေက ဘီ လျံနဲ့ ချီပြီး အခက်အခဲတွေ ဖြစ်နိုင်တယ်။
ပထမဆုံးလုပ်နေတဲ့ လှည်းတန်းကိုတော့ ပိုင်အိုနီယာ အလုပ်တစ်ခု အနေနဲ့
ရဲရဲဝံ့ဝံ့ ဆောင်ရွက်လိုက်မယ်။ အဲဒါကိုတော့ ကမ္ဘောဇဘဏ်နဲ့ ကျွန်တော့် စက်မှု
ဖွံ့ဖြိုးရေးဘဏ်ရဲ့ Project Loan အနေနဲ့ လုပ်ထားလိုက်တယ်။ ဘယ်လိုနည်းနဲ့
ငွေပြန်ရမလဲဆိုတာ နည်းလမ်းရှာရဦးမယ်။ နည်းလမ်း နှစ်မျိုးတော့ လုပ်နေတယ်။
ဒါပေမယ့် မပြီးသေးတော့ ဖွင့်မပြောသေးဘူး။ ကျွန်တော်ပြောခဲ့တာ လေးလဆိုပေမယ့်
နောက်နှစ်လလောက်ဆို လှည်းတန်းက ပြီးနိုင်လောက်တဲ့ အနေအထားရှိအောင်
ဖွင့်လည်း ဖွင့်ခဲ့တယ်။ ပန္နက်လည်း ရိုက်ခဲ့ပါတယ်’ဟု မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ဥက္ကဋ္ဌဖြစ်သူ ဦးစိုးသိန်းက ပြောကြားခဲ့သည်။
‘ကျန်တဲ့နှစ်ခု(ဘုရင့်နောင်၊ မြေနီကုန်းခုံးကျော်များ)ကတော့
အရမ်းတွန်းလိုက်ရင် နေ့ချင်းညချင်း ပြီးသွားနိုင်တယ်။ ဒါပေမယ့်
ကျွန်တော့်မှာ အကြွေးတွေ အရမ်းများသွားနိုင်တယ်။ ကျွန်တော်အရဲစွန့်ပြီး
တစ်ခုနှစ်ခု (လှည်းတန်း၊ ရွှေဂုံတိုင်ခုံးကျော်များ)ကိုပဲ လုပ်ရဲတယ်။
လေးခုလုံးလုပ်ဖို့က ကျွန်တော်ရှေ့ကို တိုးဖို့ ခက်နေတယ်’ဟု
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်MIC ဥက္ကဋ္ဌဖြစ်သူ ဦးစိုးသိန်းက
ဆက်လက်ပြောကြား ခဲ့သည်။
EMG
ရန်ကုန်မြို့တွင်းရှိ ယာဉ်အများဆုံပြေးဆွဲနေသည့် လမ်းများနှင့်အကျယ် |
စဉ် | လမ်းအမည် | အကျယ်(ပေ) |
၁။ |
ကမ္ဘာအေးဘုရားလမ်း |
၇၂ ပေ |
၂။ |
ပြည်လမ်း |
၇၂ ပေ |
၃။ |
အနော်ရထာလမ်း |
၅၀ ပေ |
၎။ |
ဗိုလ်ချုပ်အောင်ဆန်းလမ်း |
၆၀ ပေ |
၅။ |
ကုန်သည်လမ်း |
၅၀ ပေ |
၆။ |
မဟာဗန္ဓုလလမ်း |
၅၀ ပေ |
၇။ |
ကမ်းနားလမ်း |
၇၂ ပေ |
၈။ |
ဘုရင့်နောင်လမ်း |
၇၂ ပေ |
၉။ |
ပါရမီလမ်း |
၅၀ ပေ |
၁၀။ |
အင်းစိန်လမ်း |
၇၂ ပေ |
၁၂။ |
စက်ရုံလမ်း |
၆၆ ပေ |
၁၃။ |
ဗားကရာလမ်း |
၇၂ ပေ |
|
No comments:
Post a Comment