menu

Thursday 5 April 2012

သရုပ်ဆောင် အကယ်ဒမီ စိုးပြည့်သဇင်နှင့် တွေ့ဆုံခြင်း


‘စိုးပြည့်မြတ်နိုးလို့ ရွေးချယ်ထားတဲ့ အနုပညာအလုပ်ကို တန်ဖိုးထားပါတယ်’


e513 ယခုတစ်ပတ် အင်တာဗျူး ကဏ္ဍတွင် တွေ့ဆုံမေးမြန်းဖြစ်သူက သရုပ်ဆောင် အကယ်ဒမီ စိုးပြည့်သဇင် ပင်ဖြစ်သည်။ သရုပ်ဆောင် သက်တမ်းအချိန်တိုအတွင်းပင် အနုပညာရှင်တို့၏ အမြင့်ဆုံးဆုဟု ဆိုရမည့် အကယ်ဒမီဆုအား ဆွတ်ခူးရရှိပြီးနောက် ဒရာမာဇာတ်ကားများတွင် သာမက ဟာသ၊ ဖန်စီစသည့် ဇာတ်ရုပ်များတွင်ပါ ပီပြင်အောင် ကြိုးစားလာခဲ့သူ စိုးပြည့်သဇင်သည် သူမ၏ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီး ‘ချစ်သူရွေးမယ်’ ကို ထွက်ရှိနိုင်ရန် ပြင်ဆင်လျက်ရှိသူဖြစ်သည်။ သရုပ်ဆောင်နယ်ပယ် တွင်သာမက ဂီတနယ်ပယ်အတွက်ပါ ပြင်ဆင်လာခဲ့သည့် သရုပ်ဆောင် အကယ်ဒမီ စိုးပြည့်သဇင်၏ အနုပညာရေးရာ အဖြာဖြာနှင့် လူငယ် အနုပညာရှင်တစ်ယောက်၏ အနုပညာအပေါ် ခံယူချက်ကို မေးမြန်းဖြစ်ခဲ့ရာ . . .

မေး ။ စိုးပြည့်ရဲ့ ၂၀၁၂ အနုပညာလှုပ်ရှားမှု တွေအတွက် သီးခြား ကြိုတင်ပြင်ဆင်တာမျိုး ရှိလား။
ဖြေ ။ စိုးပြည့်က မင်းသမီးတစ် ယောက်ဖြစ်တဲ့အတွက် စိုးပြည့်တို့ လုပ်ရမယ့် အနုပညာလှုပ်ရှားမှုတွေကို သိပ်အများကြီး ကြိုတွက်ထားလို့တော့ မရပါဘူး။ ကိုယ့်ကိုလာငှားတဲ့ ဇာတ်ကားတွေထဲက ကိုယ်နဲ့လိုက်ဖက်တာကိုပဲ ရွေးချယ်ခွင့်ရှိသလို ကိုယ့်အတွက် လုပ်ကွက်ရတဲ့ ကားမျိုးဆိုရင်တော့ လည်း ကိုယ့်မှာရှိတဲ့ အစွမ်းအစကို အပြည့်အ၀ အသုံးပြုနိုင်အောင် ကြိုးစားရပါတယ်။ တစ်နှစ်တာအတွက် ကြိုတင်ပြင်ဆင်နိုင်တာ ဆိုလို့ ဒီနှစ်မှာ ၀တ်စားဆင်ယင်မှု ဖက်ရှင်ကို ဘယ်လိုပြောင်းလဲမလဲ၊ မိတ်ကပ်နဲ့ ဆံပင်ပုံစံကိုလည်း ဘယ်လိုပြောင်းလဲနိုင်မလဲ ဆိုတာလောက်ပဲ ရှိပါတယ်။ ကျန်တာကတော့ ဇာတ်ကားတစ်ကားချင်းအရ ကိုယ့်ကိုပြောလာတဲ့ ဇာတ်ရုပ်အပေါ်မှာ လိုက်ဖက်တဲ့ ၀တ်စားဆင်ယင်မှု၊ ဆံပင်မိတ်ကပ်ဆိုတာတွေ ပြောင်းလဲစဉ်းစားရတာပါ။
မေး ။ အခုနောက်ပိုင်းမှာ ဒရာမာ ဇာတ်ရုပ်တွေအပြင် ဟာသတို့ ဖန်စီတို့လို ဇာတ်ရုပ်မျိုးတွေပါ လုပ်နိုင်လာတယ်နော်။ အဲဒီလိုအပြောင်းအလဲ တွေလုပ်နိုင်ဖို့ ဘယ်လိုကြိုးစားခဲ့ရလဲ။
ဖြေ ။ စိုးပြည့် သရုပ်ဆောင်အဖြစ် စလုပ်ကတည်းက ဒရာမာဇာတ်ကား နဲ့ စခဲ့တဲ့အခါကျတော့ နောက်ပိုင်းမှာလည်း ဒရာမာဇာတ်ကားတွေနဲ့ပဲ ဆက်တိုက်ဆိုသလို ရိုက်ဖြစ်နေခဲ့တယ်။ စိုးပြည့် တကယ်တမ်း ဖြစ်ချင်တာက သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်ချင်တာပါ။ ဒါကြောင့် ဇာတ်ရုပ်အစုံ ကို လုပ်နိုင်တဲ့သူ တစ်ယောက်ဖြစ်အောင် စိုးပြည့်ကြိုးစားခဲ့ရပါတယ်။ ဖန်စီ ဇာတ်ရုပ်တွေက စိုးပြည့်အတွက် အရမ်းကြီး မခက်ခဲပေမယ့် ဟာသဇာတ်ရုပ်တွေ ရိုက်ရတဲ့အခါမှာတော့ အခက်အခဲ နည်းနည်းရှိပါတယ်။
မေး ။ ဈေးကွက်တွေ ကျနေတယ်ဆိုတဲ့ အသံ တွေညံနေချိန်မှာ စိုးပြည့်အနေနဲ့ရော အရင်ထက် ပိုပြီး အားစိုက်ထုတ်ရတာမျိုးတွေရှိလား။
ဖြေ ။ ဈေးကွက် ကိစ္စတွေကျတော့ စိုးပြည့်တို့လည်း သိပ်နားမလည်သလို မင်းသမီးတွေနဲ့ကျတော့လည်း သိပ် အများကြီး မသက်ဆိုင်ဘူးလေ။ ဒါပေမယ့် ကိုယ်ရပ်တည်နေတဲ့ ဒီလောကကြီး အခုလိုမျိုး ကြုံတွေ့နေရယ် ဆိုတာတွေ ကြားနေရတော့ စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ ဒါပေမယ့် စိုးပြည့်ယုံကြည် လက်ခံထားတာ တစ်ခုက ဒီအလုပ်ကို ချစ်မြတ်နိုးလို့ လုပ်နေကြတဲ့သူတွေချည်းပဲ ဖြစ်တာကြောင့် စိုးပြည့်တို့အားလုံး တက်ညီလက်ညီနဲ့သာ ၀ိုင်းပြီးကြိုးစားကြမယ်ဆိုရင် ပြန်လည်ဦးမော့လာမှာပါ။
မေး ။ အခုလို အခြေအနေမျိုးမှာ မင်းသမီးတွေ ဈေးတိုးယူတယ်၊ ရက်လျှော့ပေးတယ် ဆိုတာတွေကလည်း ကြားနေရဆဲဆိုတော့ စိုးပြည့် အနေနဲ့ဆိုရင်ရော ကိုယ့်အနုပညာအတွက် ဘယ်လိုသတ်မှတ်ထားလဲ။
ဖြေ ။ အဲဒီသတင်းတွေနဲ့ ပတ်သက်လို့တော့ စိုးပြည့် ဘာမှမှတ်ချက် မပေးလိုပါဘူး။ စိုးပြည့်အနေနဲ့ကတော့ ဇာတ်ကား ရိုက်ကူးရက်ကိုလည်း ပုံမှန်ပဲပေးတာပါပဲ။ တစ်ခါတလေ ဇာတ်ရဲ့အနေအထားအရ ကိုယ်ပါဝင်တဲ့ ဇာတ်ဝင်ခန်းကလည်း နည်းတယ်ဆိုတဲ့ အချိန်မျိုးမှာ ရက်ပေးရတာ လျော့တာမျိုးရှိသလို တစ်ခါတလေ ဇာတ်ကလည်း ရက်များများပေးမှ အဆင်ပြေတာမျိုးတွေ ရှိပါတယ်။ ဒီအနုပညာအလုပ်က တစ်ဦးတစ်ယောက်တည်း လုပ်ရတာမဟုတ်ဘဲ အများနဲ့ ပေါင်းလုပ်ရတာ ဖြစ်တဲ့အတွက် အများ အဆင်ပြေနိုင်တာမျိုးပဲ ဦးစားပေးဖြစ်ပါတယ်။
မေး- တစ်ကိုယ်တော် အခွေရဲ့အခြေအနေက ရော။
ဖြေ- စိုးပြည့် တစ်ကိုယ်တော် အခွေက အားလုံးပြီးနေပါပြီ။ သင်္ကြန်အပြီးမှာ ထွက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ စိုးပြည့်ရဲ့ ပထမဆုံး စီးရီးဖြစ်တဲ့အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။ အားပေးကြစေချင်ပါတယ်။
မေး- သရုပ်ဆောင်ကနေ ဂီတဘက်ကို ကူးပြောင်းသွားတဲ့ သူလည်းများတဲ့ အခါကျတော့ စိုးပြည့် သီချင်းဆိုဖြစ်တာကရော။
ဖြေ- သီချင်းဆိုဖို့ဆိုတာက စိုးပြည့် ရဲ့ငယ်စဉ်ကတည်းက အိပ်မက်တွေ ပါ။ စိုးပြည့် တကယ်တမ်း မက်ခဲ့ တဲ့အိပ်မက်က သီချင်းဆိုခွင့်အိပ်မက်တွေပါ။ တကယ်တမ်းဖြစ်လာတာက သရုပ်ဆောင် တစ်ယောက်လေ။ အခုမှသာ ငယ်ငယ်ကအိပ်မက်ကို အကောင်အထည် ဖော်ခွင့်ရမှာပါ။
မေး- အနုပညာနဲ့ ပတ်သက်လို့ ခံယူချက်ဆိုရင်ရော။
ဖြေ- အနုပညာအလုပ် ဆိုတာက သမ္မာအာဇီဝ အလုပ်တစ်ခုပါပဲ။ မြတ်နိုးလို့ ရွေးချယ်ထားတဲ့ အလုပ်ကို တန်ဖိုးထားပါ တယ်။ 
EMG  

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis