menu

Sunday 8 April 2012

ဦးသိန်းစိန် (သို့မဟုတ်) အပြောင်းအလဲများစတင်သူ



သူ့ကိုတစ်ခါတစ်ရံ မြန်မာပြည်၏ မစ်ခေးလ် ဂိုလ်ဘာချော့(ဖ) ဟုခေါ်ဆိုကြသည်။ နိုင်ငံရေးကြောင့် အကျဉ်းကျနေသူများကိုလွှတ်ပေးခြင်း၊ ပုံနှိပ်မီဒီယာများအား တစ်ခုသော အတိုင်းအတာထိ လွတ်လပ်ခွင့်ပေးခြင်း၊ ကာလကြာမြင့်စွာ တောက်လျောက်နှိပ်ကွပ်လာခဲ့သည့် အတိုက်အခံ အဖွဲ့အစည်းအား မကြာမီကကျင်းပပြီးစီးခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်လာစေခြင်း စသည်တို့ဖြင့် တစ်ချိန် တစ်ခါက ကမ္ဘာ့အလယ်တွင် ဆိုးရွားလှသော စစ်အာဏာရှင်စံနစ်တစ်ခု၏ ဆိုးမွေများကို တစ်စစီ ရှင်းလင်းဖယ်ရှားရန် ကြိုးပမ်းအားထုတ်နေသူလည်းဖြစ်သည်။

ဒီမိုကရေစီစံနစ်သို့ပြုပြင်ပြောင်းလဲရန်နှင့် ပြောင်းလဲရန်ကြိုးပမ်းသူများကို အကြောက်တရားကြီးမားစွာ ရင်ဆိုင်ခဲ့ကြသော ယခင်စစ်အာဏာရှင် ခေါင်းဆောင်ဟောင်းများ၏ ညာလက်ရုံးတစ်ယောက်အဖြစ်မှ ယနေ့မြန်မာပြည်သမ္မတ ဦးသိန်းစိန် မည်ကဲ့သို့ ဖြစ်လာသနည်း ဆိုသည်နှင့် စစ်အစိုးရခေါင်းဆောင်များက သူ့ကို ပြုပြင်ပြောင်းလဲရေးများ လုပ်ခွင့်ပြုခြင်းသည် ပဟေဠိဆန်သော ပုစ္ဆာတစ်ပုဒ်ပင်ဖြစ်သည်။

သို့ပေမင့် ဦးသိန်းစိန် ဖြတ်သန်းလာခဲ့သော တပ်မတော်သား ဘ၀တစ်လျောက် တွေ့ဆုံကြုံကြိုက်ခဲ့ကြသော ပုဂ္ဂိုလ်များဖြင့် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခြင်းများ နောက်တွင်မတော့ သူ၏အခြားလုပ်ဖော်ကိုင်ဘက် စစ်ဗိုလ်ချုပ်ကြီးများနှင့်မတူ ကွဲပြားခြားနားသည့် စရိုက်လက္ခဏာများရှိနေခဲ့သည့် လူတစ်ယောက်၏ ဘ၀ပုံရိပ်သည် ပီပြင်ထင်ရှားစွာ ပေါ်ထွက်လာခဲ့ပါတော့သည်။


အသက် ၆၆ နှစ်အရွယ်ရှိ သူသည် အနည်းငယ်သွယ်လျပြီး စာပေဗဟုသုတ ကြွယ်ဝပြည့်စုံကာ ပျော့ပြောင်းသည့်သဘောထားရှိသူ သို့တည်းမဟုတ်မူ ရက်စက်ကြမ်းကြုတ်မှုများ အနည်းငယ်လျော့ပါးသူ အဖြစ် အလွန်ထင်ရှားသည့် ၁၉၈၈ အရေးတော်ပုံကြီးအပြီး တိုင်းပြည်အာဏာကို ချုပ်ကိုင်ခဲ့ကြသော စစ်အာဏာရှင် အုပ်စုများအကြားတွင် သတ်မှတ်နိုင်ပါသည်။ အကျင့်ပျက်ခြစားမှုများဖြင့် စွန်းပေခဲ့ကြသော စစ်ဗိုလ်ချုပ်များကြားတွင် ၎င်းအညစ်အထေးများမှ ကင်းစင်သူဟူ၍ အများက ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်သုံးသပ်ကြသည်။

တွေ့ဆုံမေးမြန်းခြင်းများ ဆက်၍ ဆက်၍ ပြုလုပ်လာခဲ့ကြပြီးနောက်တွင် သူ၏ နှိမ့်ချတတ်သော ရိုးသားသော စိတ်ရင်းကို ကာလကြာရှည်စွာ ဝေဖန်ပုတ်ခတ်ခဲ့ကြသူများကိုယ်တိုင်ပင် အသိအမှတ်ပြုလာကြရသည်။ တစ်ခါက သမ္မတ အကြံပေးနှင့် မိန့်ခွန်းများပြုစုရေးသားသူ ဦးနေ၀င်းမောင်က “အပြောကြီးတဲ့သူလဲမဟုတ်ဘူး မာကျောပြတ်သားတဲ့သူလဲမဟုတ်ဘူး ဒါပေမယ့် တစ်ကယ့်ကို ရိုးသားပွင့်လင်းတဲ့သူတစ်ယောက်ဖြစ်တယ်” လို့ပြောခဲ့ပါတယ်။

နိုင်ငံ့ဒီမိုကရေစီအရေး ဦးဆောင်လှုပ်ရှားနေသူ ဒေါ်အောင်ဆန်းစုကြည်မှ သူမ နိုင်ငံရေးလောကထဲ ပြန်လည်ဝင်ရောက်လာနိုင်ခြင်းမှာ ဦးသိန်းစိန်၏ အရိုးခံ စိတ်ထားဖြူစင်မှုဖြင့် လက်တွဲခေါ်ဆောင်ခဲ့မှုကြောင့် ဖြစ်ကြောင်း ပြီးခဲ့သောနှစ်က ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။ ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းသည် သမ္မတအတွက် အလှည့်အပြောင်းတစ်ခုပမာဖြစ်ခဲ့သည်။ ပြည်တွင်းထောက်ခံမှု များသာမက ကမ္ဘာ့အလယ်တွင် ပိတ်ဆို့အရေးယူမှု ချန်ပီယံကြီး အမေရိကန်နှင့်ပါ ပိုမိုနီးနီးကပ်ကပ် ဆက်ဆံခွင့်ရစေရန် တွန်းပို့ခဲ့သည့် အားတစ်ခုပါ ဖြစ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံချက်ရရှိပြီး ရက်ပိုင်းအကြာတွင် ရာစုနှစ်ဝက်ကာလများအတွင်း အမြင့်ဆုံးအမေရိကန်အစိုးရ အရာရှိအဖြစ် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဟီလာရီကလင်တန် လာရောက်လည်ပတ်ခဲ့သည်။

တရုတ်ပြည်၏ သြဇာလွှမ်းမိုးမှုကို စောင့်ကြည့်လေ့လာခြင်းနှင့်အတူ ဦးသိန်းစိန်သည် အာရှဒေသတွင်း အများကလက်ခံလာအောင် ကြိုးပမ်းအားထုတ်နေသူအဖြစ် အမေရိကန် အစိုးရပိုင်းမှ အရေးတယူ ဆက်ဆံရသည့် လူတစ်ယောက် ဖြစ်လာခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် အတိုက်အခံပါတီမှ ပါလီမန် အမတ်နေရာအားလုံး သိမ်းကြုံးယူသွားသည့်တိုင် “အလွန်အောင်မြင်သော နည်းလမ်းဖြင့် ကျင်းပပေးနိုင်ခဲ့ကြောင်း” ပြီးခဲ့သည့် အင်္ဂါနေ့က ထုတ်ဖော်ပြောကြားခဲ့သည်။

သူ့ကို အပြစ်မြင် ဝေဖန်သူအချို့ကတော့ “သူ့ရဲ့ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်တွေဟာ လုံးဝ စိတ်ကျေနပ်လောက်စရာတော့ မဟုတ်သေးဘူး” ဟုလဲ ပြောဆိုကြပါသည်။ နိုင်ငံရေးကြောင့် အကျဉ်းကျ နေသူ အများအပြား လွတ်မြောက်လာခဲ့သော်လည်း တက်ကြွလှုပ်ရှားသူများ တွက်ချက်မှုအရ အကျဉ်းကျနေသူ ရာဂဏန်း ကျန်ရှိနေနိုင်သေးကြောင်း ဆိုပါသည်။

ဦးသိန်းစိန်ဟာ အကြမ်းဖက်နှိမ်နင်း ဖြိုခွင်းခံခဲ့ရတဲ့ ၂၀၀၇ ခုနှစ် သံဃာတော်များ ဦးဆောင်လှုပ်ရှားခဲ့သည့် ရွှေဝါရောင်တော်လှန်ရေး ကာလမှာ ၀န်ကြီးချုပ်ရာထူး ယူထားခဲ့သူဖြစ်သည်။ ထို့ပြင် အရပ်သားပြည်သူ ထောင်ပေါင်းများစွာ သေဆုံးခဲ့ရတဲ့ ၁၉၈၈ အရေးအခင်းကာလမှာလဲ ကွပ်ကဲမှု ရာထူးတစ်နေရာ ယူထားခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံ အခြေစိုက် အဝေးရောက် မြန်မာနိုင်ငံသားများ ထုတ်ဝေတဲ့ ဧရာဝတီ မီဒီယာမှာတော့ မကြာသေးခင်က ထုတ်ပြန်တဲ့ ရေးသားချက်တစ်ခုမှာ ၁၉၈၈ ကာလများအတွင်း သူ၏ တပ်အုပ်စုသည် ဖမ်းဆီးရမိသော အရေးအခင်းတွင်ပါဝင်လှုပ်ရှားသူများကို ပြန်လွှတ်ပေးခြင်း သော်လည်းကောင်း သက်ဆိုင်ရာ ဒေသအာဏာပိုင်များထံ အပ်နှံခြင်းဖြင့် သော်လည်းကောင်း တစ်နည်းအားဖြင့် ၎င်းတို့၏အသက်ကို ကယ်တင်ခဲ့သည် ဟုဖော်ပြပါရှိပါသည်။

ပြည်တွင်းမှ သတင်းများရေးသားပေးပို့နေသည့် အဖွဲအစည်းများမှ အယ်ဒီတာတစ်ဦးဖြစ်သူ ဦးခွန်ဆိုင်းက သူ၏ဒေသအတွင်း တာဝန်ထမ်းဆောင်သွားခဲ့ဖူးသည့် သူ့အကြောင်းကို အခုကဲ့သို့ပြန်ပြောင်းပြောပြသည်။ “ခင်ဗျားတစ်ကယ်လို့ တပ်ထဲကသူတွေကို တပ်မှူးတွေထဲက ဘယ်သူ့ကို အကြိုက်ဆုံးလဲ သွားမေးရင် သေချာပေါက် သူလို့ဖြေကြမှာပဲ” “ပိုပြီးတိတိကျကျပြောရရင်တော့ တပ်ထဲမှာ လူမုန်းအနည်းဆုံး တပ်မှူးကိုပြပါဆို သူပဲ” ဟု တယ်လီဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် ဖြေကြားသွားသည်။

သို့ရာတွင် ဧရာဝတီ ၏သတင်းဆောင်းပါးမှာ လွတ်လပ်စွာ ခိုင်မာကြောင်း သက်သေပြရန် ခဲယဉ်းသကဲ့သို့ ပိုမိုလွတ်လပ်ပြီဖြစ်သော်လည်း ပကတိ လွတ်လပ်စွာရေးသားဖော်ပြရန် အခက်အခဲများရှိနေဆဲဖြစ်သော မီဒီယာများအနေဖြင့် အချို့သောသူများမှ အတုအယောင်သာဖြစ်ကြောင်း ပြစ်တင်ဝေဖန်မှုများရှိနေသည့် ယမန်နှစ်မတ်လက အရပ်သားအစိုးရအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် သမ္မတ ဦးသိန်းစိန် အကြောင်း ထဲထဲဝင်ဝင် လေ့လာရေးသားမှုများမှာလည်း အနည်းအကျဉ်းမျှသာရှိပါသည်။

သမ္မတ၏နောက်ခံသမိုင်းကြောင်းနှင့် နိုင်ငံအတွက်အခုလိုပြုပြင်ပြောင်းလဲရေးတွေ ပြုလုပ်လာအောင် တွန်းအားပေးမှုတွေ ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေကို သမ္မတရဲ့အကြံပေးတစ်ဦးထံ အီးမေးပို့ မေးမြန်းခဲ့သော်လည်း အကြောင်းပြန်ကြားချက်မရခဲ့ပေ။ မည်သည့် အကြောင်းရင်းများက နိုင်ငံကို ပွင်းလင်းသော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာရေးဆီသို့ (အနည်းဆုံး ယခုအချိန်မှစ၍) သူဦးဆောင်၍ လျောက်လှမ်းဖြစ်စေခဲ့သနည်းဆိုသည်မှာ ရရှိထားသည့် သတင်းအချက်အလက်အနည်းငယ်မျှဖြင့် သုံးသပ်ရန် မလွယ်ကူပါ။

နာဂစ် ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခဲ့ခြင်းက တစ်ခုသော အကြောင်းအရာအဖြစ် ပါရှိနေပါသလော။ လွန်ခဲ့သော ၄နှစ်က လူပေါင်း တစ်သိန်းသုံးသောင်းကျော် (၁၃၀,၀၀၀) သေဆုံးခဲ့ရပြီး မြေဆီမြေနှစ်ကြွယ်ဝလှသည့် ဦးသိန်းစိန် ငယ်ဘ၀ဖြတ်သန်းကြီးပြင်းခဲ့ရာ မြစ်ဝကျွန်းပေါ်ဒေသ ကျေးရွာအများအပြားကို ပြားပြားဝပ်သွားစေကာ ပုပ်ပွ နေသည့် လူသေအလောင်းများဖြင့် ဖုံးလွှမ်းသွားစေခဲ့သည့် မြန်မာနိုင်ငံအတွက် အကြီးမားဆုံး သဘာဝဘေးအန္တရယ်ကပ်ဆိုးကြီး ကျရောက်ခဲ့သည်။

ထိုအချိန်က သူသည် စစ်အစိုးရ၏ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်အရှိဆုံး ရာထူးတာဝန် ယူထားရချိန်လည်းဖြစ်ရာ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတစ်လျောက် ရဟတ်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးစဉ် ကြေကွဲဆို့နင့်ဖွယ်ကောင်းသော သဘာဝကပ်ဘေးအန္တရာယ်များကို ရင်ဆိုင်ရန် လုံးဝအဆင်သင့် မဖြစ်သေးသည့် ဆင်းရဲမွဲတေလှသော နိုင်ငံ့ပြည်သူများ အခြေအနေကို မျက်မြင်ဒိဌ တွေ့မြင်ခဲ့ရသည်။

သမ္မတ၏ ဥပဒေရေးရာ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးတင်မောင်သန်းက “နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြီးက ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ သူ့အတွက် တွန်းအားတစ်ရပ်ပါပဲ” ဟုပြောဆိုခဲ့သည်။ သူကဆက်လက်၍ “ဒီအဖြစ်အပျက်ကြီးက အရင်အစိုးရစံနစ်ကြီးရဲ့ အတားအဆီးတွေကို သိမြင်လာစေခဲ့တယ်” ဟုပြောပြသည်။
အပြစ်တင်ဝေဖန်သူများကတော့ နိုင်ငံတကာအကူအညီများလက်ခံရန် ငြင်းဆန်ခဲ့ခြင်းနှင့် အကူအညီများသည် အရေးပေါ်ဒေသများသို့ ရောက်ရှိရန် နှောင့်နှေးကြန့်ကြာခဲ့မှုများအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချ ပြောဆိုခဲ့ကြသည်။ ဦးသိန်းစိန် သည်လည်း ထိုအချိန်က အစိုးရအကြီးအကဲ တစ်ဦးဖြစ်ခဲ့သည့်အပေါ် ဝေဖန်ပြစ်တင်မှုများ မလွတ်ခဲ့ပေ။

သို့သော် စောင့်ကြည့်လေ့လာသူများကတော့ သူဟာအနည်းဆုံးတော့ မုန်တိုင်းဒဏ်လုံးဝကင်းလွတ်ခဲ့တဲ့ နေပြည်တော်မှာတင် ရုံးထိုင်နေခဲ့ကြတဲ့ သူလုပ်ဖော်ကိုင်ဖက် စစ်ဗိုလ်ချုပ်တွေလို မဟုတ်ဘဲ ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေရှိရာကို သွားရောက်အားပေးခဲ့တယ် လို့ဆိုပါတယ်။

ဧရာဝတီတိုင်း ငပုတောမြို့နယ် ကျုံကူး ရွာလေးမှာ ဦးသိန်းစိန်တို့ မိသားစုနေထိုင်ခဲ့ကြသည်။ မြန်မာပြည်က တစ်ခြားဗိုလ်ချုပ်ကြီးတွေ တော်တော်များများ နည်းတူ သူဟာလည်း ဆင်းဆင်းရဲရဲ ကြီးပြင်းခဲ့ရသူ ဖြစ်သည်။ မွေးချင်း ၃ယောက်ထဲတွင် အငယ်ဆုံးဖြစ်သော သူသည် ရန်ကုန်မှ အနောက်တောင်ယွန်းယွန်းတွင်ရှိ ၈နာရီခန့်ကားမောင်းသွားရသော ၎င်းရွာလေးရှိ ရွာလယ်လမ်းမကြီး ဘေးတွင်ရှိသော ပျဉ်ထောင်အိမ် ငယ်လေးတွင် မွေးဖွားကြီးပြင်းခဲ့သည်။

“အဲဒီတုန်းက သူ့မိဘတွေက လယ်ပိုင်ယာပိုင် မရှိကြဘူးဗျ...သူ့အဖေ ဦးမောင်ဖြိုးက သင်ဖြူးဖျာတွေ ယက်တယ်လေ” ဟု သမ္မတဦးသိန်းစိန် နှင့်တစ်ရွာတည်း နေထိုင်ခဲ့သူဦးကျော်စိုးမှ ပြန်ပြောင်းပြောပြသည်။ ဦးသိန်းစိန်၏ ဖခင်ဖြစ်သူသည် ယခင်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ဦးဖြစ်ခဲ့ပြီး ရွာသူရွာသားများအား တစ်နည်းတစ်လမ်းအားဖြင့် ပညာသင်ကြားပို့ချပေးခဲ့သူဖြစ်သည်။

ဦးကျော်စိုးက “သူ့အောင်မြင်မှုတွေရဲ့သော့ချက်က သူ့အဖေပဲဗျ” ဟုပြောပြသည်။ ထို့ပြင် “သူ့အဖေက တစ်ကယ့် ကိုယ်ကျင့်တရားနဲ့ လူ့သိက္ခာတွေကိုလေးစားတဲ့ ဆရာသမားကောင်းတစ်ယောက်ပဲ” ဟုဆက်ပြောသည်။ သူကပင် ဆက်လက်၍ ကျုံကူး ရွာ၏ဖွံ့ဖြိုးတိုးတက်မှုကို ကွက်၍ဦးစားမပေးခဲ့ခြင်းကပင် သမ္မတကြီး၏ ရိုးဖြောင့်မှုကို မှတ်ကျောက်တင်၍ရနိုင်သည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကျုံကူးရွာမှာ ယနေ့ထက်တိုင်အောင် လမ်းခင်းခြင်း ရေပိုက်သွယ်တန်းခြင်းများ မရှိသေးပေ။

အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ ဦးဆောင်သူ Mr. Larry M Dinger က စစ်တပ်နှင့် နီးစပ်သော အသိုင်းအ၀ိုင်းမှ သူများက ဦးသိန်းစိန်အား ပုဂ္ဂိုလ်ရေး အကျင့်ပျက်ခြစားမှုများ မရှိသူ လူတော် တစ်ယောက်ဖြစ်ကြောင်း ရှုမြင်ကြသည်ဟုဆိုသည်။

ပြီးခဲ့သည့်နှစ်ကထိ အာဏာလွှဲပြောင်းခြင်းမပြုခင်က တိုင်းပြည်သယံဇာတများနှင့် အများပြည်သူပိုင် အများအပြားကို စစ်အစိုးရ နှင့်နီးနီးကပ်ကပ် ဆက်ဆံခွင့်ရသူ စီးပွားရေးသမားများအား ပြောင်ပြောင်တင်းတင်း ရောင်းချကာ စည်းစိမ်ဥစ္စာများ  ကြွယ်ဝချမ်းသာ လာသော စစ်ဗိုလ်ချုပ်ကြီးများကြားတွင် သူ၏ နှိမ့်ချရိုကျိုးစွာ နေထိုင်တတ်သည့် ဟန်ပန်က ပြည်သူအများအပြား၏ သဘောကျနှစ်သက်လက်ခံမှုကို ရရှိစေခဲ့ပြန်ပါသည်။

သူ၏သမ္မတသက်တမ်း ဒုတိယနှစ်သို့ ၀င်ရောက်လာချိန်တွင် သူ၏ လုပ်ဆောင်ချက်များနှင့် ပါတ်သက်၍ တိုင်းပြည်သို့ ရှင်းရှင်းလင်းလင်း ထုတ်ဖော်တင်ပြပြောဆိုခဲ့သည်။ ထိုသို့ တိုင်းပြည်ကိုယ်စားပြု မိန့်ခွန်း ပြောကြားခဲ့ရာ တိုင်းပြည်အား ကျန်းမာရေး အဆင့်မြှင့်တင်မှုများ ပြုလုပ်သွားမည့် အကြောင်းနှင့် ပညာရေးရန်ပုံငွေကို နှစ်ဆတိုးမြှင့် သုံးစွဲသွားမည်ဖြစ်ကြောင်းပါ ပါဝင်သည်။ သတင်းနှင့် မီဒီယာကိုလည်း စတ္ထုထမဏ္ဏိုင် ဟု အကြိမ်ကြိမ်ခေါ်ဆိုကာ လွတ်လပ်ခြင်းနှင့်တရားမျှတခြင်းကို ထိန်းသိမ်းစောင့်ရှောက်ရန် ပြောဆိုခဲ့သည်။

မည်သို့ပင်ဆိုစေ ဦးသိန်းစိန်သည် နိုင်ငံရေးနှင့် သဘောတရားရေးများတွင် မျှတသော အမြင်ရှိသူဟုကား ခေါ်ဆိုနိုင်မည်ဖြစ်သည်။ အိမ်နီးခြင်း အင်အားကြီးနိုင်ငံကြီးနှင့် ဆက်ဆံရေးတွင် စွန့်စားကာ ၅၅သန်းသော ပြည်သူများက စိုးရိမ်ပူပန်ခြင်းကြီးခဲ့ကြသော ဧရာဝတီမြစ်ဆုံ ရေကာတာတည်ဆောက်ရေးလုပ်ငန်းကိုလည်း ကာလအပိုင်းအခြားဖြင့် နောက်ဆုတ်ခဲ့သည်။ ဤအချက်ကလည်း ဒေသတွင်း တရုတ်အာဏာ ကြီးထွားလာမှုကို ထိန်းချုပ်လိုသည့် အမေရိကန်အတွက် မြန်မာအပေါ် အလေးပေးဆက်ဆံလိုမှုများ တိုးပွားလာစေခဲ့သည်။

အများကလည်း အပြောင်းအလဲများသည် အကန့်အသတ်များ ရှိနေခြင်းနှင့် သမ္မတ အပေါ်တည်မှီနေခြင်း များအတွက် စိုးရိမ်တကြီးစောင့်ကြည့်လျက်ရှိကြသည်။  ဇန်န၀ါရီလ ၁ရက် နေ့က ကွယ်လွန်သွားခဲ့သော သမ္မတ၏ မိန်ခွန်းများပြုစုရေးသားသူ ဦးနေ၀င်းမောင်က  “အပြောင်းအလဲတွေဟာ အလျင်းသင့်သလို လုပ်ဆောင်နေကြရတာပါ .. ဒါတွေဟာ တစ်ကယ့်ကို ပုဂ္ဂိုလ် အပေါ်မှာ မူတည်ပါတယ်” ဟု အင်တာဗျူးတစ်ခုတွင် ဖြေဆိုခဲ့သည်။

နယူရောက်တိုင်းသတင်းစာတွင်ဖော်ပြပါရှိပြီး စင်ကာပူနိုင်ငံထုတ် Today သတင်းစာတွင်ထပ်မံဖော်ပြခဲ့သော “As Myanmar changes, so does its leader” ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။

ဘာသာပြန် - ကိုငယ် (မန္တလေး)
From Htun That Oo Facebook

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis