menu

Sunday 22 April 2012

ဥရောပသမဂ္ဂက လက်နက် တင်သွင်းရောင်းချမှုမှအပ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့ ထားမှုများကို တစ်နှစ်ဆိုင်းငံ့မည်





7291
ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီး Alain Juppe အား မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ်
ဇန်န၀ါရီလက လာရောက်စဉ်အတွင်း တွေ့ရစဉ်
ဥရောပသမဂ္ဂက လက်နက်တင်သွင်း ရောင်းချမှုမှအပ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို တစ်နှစ်ဆိုင်းငံ့မည် ဆိုသည်ကို မူအားဖြင့် သဘောတူညီ လိုက်ပြီဖြစ်ကြောင်း ဧပြီလ ၂၃ ရက် နေ့တွင် ကျင်းပမည့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် နီးစပ်သည့် သံတမန်တစ်ဦး၏ ဧပြီလ ၁၉ ရက်နေ့ ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်း တစ်ပုဒ်တွင် ဖော်ပြထားသည်။
လူဇင်ဘတ်နိုင်ငံ၌ ဧပြီလ ၂၃ ရက်နေ့တွင် ကျင်းပမည့် ဥရောပ သမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အဆိုပါဆိုင်းငံ့မှုကို တရားဝင် ထုတ်ပြန်သွားဖွယ်ရှိကြောင်း သိရသည်။
ထို့ပြင် ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီး Alain Juppe က လာမည့် တနင်္လာနေ့ (ဧပြီလ ၂၃ ရက်)တွင် ကျွန်တော်တို့အနေဖြင့် အရေးယူပိတ်ဆို့မှုများကို ရုပ်သိမ်းသွားမည် မဟုတ်ဘဲ ဆိုင်းငံ့သွားမည် ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အစိုးရအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် တိုးတက်မှုများ ရှိနေသည် ဆိုသည်ကို စစ်ဆေးလို၍ ဖြစ်ကြောင်း ပြင်သစ်နိုင်ငံရှိ BFM ရုပ်သံသို့ ဧပြီလ ၂၀ ရက်နေ့က ပြောကြားခဲ့သည်။

နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးပါက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှု အားလုံးကို လုံးဝရုပ်သိမ်းမည်ဟု ဥရောပသမဂ္ဂအဖွဲ့ဝင် ပိုလန် နိုင်ငံခြားရေးဝန်ကြီး Radoslaw Sikorski က ဧပြီလ ၂၀ ရက်နေ့က ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းက မြန်မာနိုင်ငံသို့ မေလဆန်းပိုင်းတွင် သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးရာ မူဝါဒ အကြီးအကဲ ကက်သရင်းအက်ရှ်တန်သည် မြန်မာနိုင်ငံသို့ ဧပြီလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ လာရောက်လည်ပတ်မည် ဖြစ်ကြောင်းလည်း သိရသည်။
သို့ရာတွင် အရေးယူပိတ်ဆို့မှု မည်မျှကို ဖယ်ရှားသင့်သည်၊ မသင့်သည်နှင့် ပတ်သက်၍ ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံများအကြား အမြင် ကွဲပြားမှုများလည်း ရှိနေသည်။
ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့်အရေးယူ ပိတ်ဆို့မှုအားလုံးသည် လာမည့်  ဧပြီလ ၃၀ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။
ဥရောပသမဂ္ဂသည် ၁၉၉၆ ခုနှစ်တွင် တင်းကျပ်သော အရေးယူမှုများဟု ခေါ်ဝေါ်သော ဥရောပသမဂ္ဂ ၀င်နိုင်ငံများမှ လက်နက်များ၊ ပြည်တွင်းတွင် ဖိနှိပ်ရေးအတွက် သုံးနိုင်သော ကိရိယာများ မြန်မာနိုင်ငံသို့ လွှဲပြောင်းမှု၊ ရောင်းချမှု၊ ပေးပို့မှုများကို ပိတ်ပင်ခဲ့သည်။
သစ်ထုတ်လုပ်ရေး၊ သတ္တုနှင့် ကျောက်မျက်တူးဖော်ရေးတို့နှင့် ဆိုင်သော ကိရိယာများ၊ ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ အကူအညီများ တင်ပို့မှုကို ပိတ်ပင်ကန့်သတ်ခဲ့ပြီး ယင်းတို့ကို တင်သွင်းခြင်းကိုလည်း ကန့်သတ်ခဲ့သည်။ ယင်းကဏ္ဍများရှိ မြန်မာကုမ္ပဏီများနှင့် ဥရောပသမဂ္ဂ နိုင်ငံများမှ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခြင်းကိုလည်း ကန့်သတ် ပိတ်ပင်ခဲ့သည်။ စွမ်းအင် နှင့် ခရီးသွားလာရေး ကဲ့သို့သော ကဏ္ဍများမှာမူ မပါဝင်ခဲ့ပေ။
ဒီမိုကရေစီရေး၊ သန့်ရှင်းသော အစိုးရဖြစ်ရေး၊ အကျပ်အတည်း ဖြေရှင်းရေး၊ လူ့အခွင့်အရေး၊ သဘာ ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတို့မှအပ အခြားကဏ္ဍများတွင် အကူအညီများပေးအပ်ခြင်းကို ပိတ်ပင်ခဲ့သည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် နိုင်ငံရေး အကျဉ်းသားအချို့ ပြန်လွှတ်ပေးခဲ့ခြင်းကြောင့် ဖေဖော်ဝါရီလတွင် မြန်မာထိပ်တန်း ခေါင်းဆောင်ပိုင်းမှ ၈၇ ဦးအပေါ် ဗီဇာ ပိတ်ပင်ထားခြင်းကို ယာယီရုပ်သိမ်းခဲ့သည်။ သို့ရာတွင် ၎င်းင်းတို့နှင့်ပတ် သက်သော စီးပွားရေးလုပ်ငန်းများ၊ မိသားစုများ၏ ပိုင်ဆိုင်မှုများ ထိန်းသိမ်းထားခြင်းကိုမူ ဆက်လက် လုပ်ဆောင်ခဲ့သည်။
၂၀၁၂ခုနှစ် ဇန်န၀ါရီလတွင်ပင် မြန်မာနိုင်ငံ၌ အကူအညီပေးရေး အစီအစဉ်များနှင့် ဆွေးနွေးမှုများ တိုးမြှင့်နိုင်ရေး ကိုယ်စားလှယ်ရုံးဖွင့်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
နှစ်နှစ်ကြာမြင့်မည့် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီပေးမှု အစီအစဉ်ဖြစ်သော ယူရိုသန်း ၁၅၀ တန်ဖိုးရှိ အစီအစဉ်ကို လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis