menu

Saturday 31 March 2012

Myanmar Times Weekly ဂျာနယ်ကို စတင် တည်ထောင်သူ မစ္စတာရော့စ်ဒန်ကလီနှင့် တွေ့ဆုံမေးမြန်းခြင်း

"ရာစုနှစ်တစ်ဝက်ကျော် လျစ်လျူရှုခံထားရတဲ့ စတုတ္ထမဏ္ဍိုင်ဟာ ထိုက်သင့်တဲ့ သူ့နေရာကို ပြန်လည်ရရှိလာတော့မှာပါ"

ခေတ်နောက်ကျနေသော နိုင်ငံပိုင် သတင်းစာများသာရှိသည့် မြန်မာနိုင်ငံတွင် ပုဂ္ဂလိကနေ့စဉ်သတင်းစာများ ပေါ်ထွက်လာရေးနှင့် ပတ်သက်၍ များစွာပြောဆိုနေခဲ့ကြရာ တကယ့် လက်တွေ့တွင် အဓိပ္ပာယ်မည်သို့ရှိပါသနည်း။ မည်သူတွေ အကျိုးအမြတ်ရပြီး မည်သူတွေ အရှုံးပေါ်ကြမည်နည်း၊ မြန်မာတိုင်း(မ်)၏ ဒုတိယသတင်းအယ်ဒီတာ ရတနာထွန်း က အလန့်တကြားဖြစ်စေလောက် သော ထိရောက်မှုဆန်းစစ်ခြင်း အပါအ၀င် ရင်ဆိုင်တွေ့ကြုံရမည့် အရေးကြီး အခက်အခဲပြဿနာများအကြောင်းကို သတင်းစာ ဆရာကြီးများနှင့် တွေ့ဆုံမေးမြန်းခန်းကို ဤကဏ္ဍတွင် ဖော်ပြသွားပါမည်။ ဤကဏ္ဍတွင် အပိုင်းနှစ်ပိုင်း ပါဝင်ရာ ပထမတစ်ပိုင်း အဖြစ် ကျွန်ုပ်တို့ အပတ်စဉ်ဂျာနယ်ကို စတင် တည်ထောင်သူဖြစ်သော မစ္စတာရော့စ်ဒန်ကလီနှင့် တွေ့ဆုံမေးမြန်းခန်းကို ဖော်ပြ လိုက်ပါသည်။


ရော့စ်ဒန်ကလီ
* မစ္စတာဒန်ကလီအနေနဲ့ မြန်မာ့ မီဒီယာလောကထဲကို ၂၀၀၀ ပြည့်နှစ် ကတည်းက ရောက်နေခဲ့တာပါ။ အခု အစိုးရက ပုဂ္ဂလိက နေ့စဉ် သတင်းစာတွေ ထုတ်ဝေခွင့်ပြုတဲ့ဥပဒေ ပြဋ္ဌာန်း လိုက်ရင် မြန်မာ့မီဒီယာ လောက ဘယ်လိုအပြောင်းအလဲတွေ ဖြစ်သွားမှာလဲ။
မကြာမီက သမ္မတသက်တမ်း တစ်နှစ်ပြည့်အခမ်းအနားမှာ သမ္မတကြီး ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်မှာ ပုံနှိပ်မီဒီယာတွေရဲ့ အရေးပါတဲ့ အခန်း ကဏ္ဍကို သမ္မတကြီး အထူးအလေးထား မိန့်ကြားသွားတာကို ကျွန်တော်အလွန်ပဲ အထင်ကြီး လေးစားမိပါတယ်။ သတင်း မီဒီယာတွေဟာ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံ အတွက် စတုတ္ထမဏ္ဍိုင်ဖြစ် တယ်ဆိုတဲ့ သမ္မတကြီးရဲ့ သုံးသပ်ပြော ကြားချက်တွေကြောင့် မီဒီယာလောကနဲ့ ကျွန်ုပ်တို့အဖို့ များစွာ အားတက်ခဲ့ရပါ တယ်။ ဒီဝေဖန်ပြောကြားချက်အတွက် သမ္မတကြီး ဦးသိန်းစိန်ဟာ များစွာ ယုံကြည်လေးစားထိုက်ပါတယ်။ ရာစုနှစ် တစ်ဝက်ကျော် လျစ်လျူရှုခံထားခဲ့ရတဲ့ ဒီစတုတ္ထမဏ္ဍိုင်ဟာ ထိုက်သင့်တဲ့ သူ့နေရာကို ပြန်လည်ရရှိပြီး ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းကို 'အပြန်အလှန် ထိန်းညှိမှု' နဲ့ ထိုက်တန်စွာ ကျေးဇူး ပြုနိုင်တော့မှာ ဖြစ်ပါတယ်။ ထွက်ပေါ် လာတော့မယ့် သတင်းစာတွေဟာ စီးပွား ရေးလုပ်ငန်းမှာ အကျင့်ပျက် ခြစားမှုတွေကို ဖော်ထုတ်တင်ပြကြမယ်၊ နိုင်ငံ ရေးသမားတွေကို ရိုးသားဖြောင့်မတ်စေမယ်။ နိုင်ငံ ရင်ဆိုင် ကြုံတွေ့နေရတဲ့ လူမှုရေးအခက်အခဲ ပြဿနာတွေကို မီးမောင်းထိုးပြကြမယ်။ မြန်မာဆိုတာ ဘာလဲ၊ ဘယ်လိုဖြစ်ကြမှာလဲ ဆိုတဲ့ မြန်မာ့ယဉ်ကျေးမှုလူ့ဘောင်ရဲ့ အနက် အဓိပ္ပာယ်တွေကို လက်တစ်ဆုံး နှိုက်ကြည့်ကြလိမ့်မယ်။ ကျွန်တော် စဉ်းစားကြည့် မိတယ်။သတင်းစာနဲ့ စာဖတ်ပရိသတ်အကြား တက်တက်ကြွကြွ အပြန်အလှန်ပြော ကြားမှုတွေ၊ အမြင်ချင်း ဖလှယ်မှုတွေ ရှိလာမယ်။ အများစုဟာ ကျန်းမာ သန်စွမ်းတဲ့ ကာယ၊ ဉာဏ၊ စာရိတ္တ ပြည့်ဝတဲ့ အတွေးအမြင်တွေဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ မြန်မာတွေဟာ တွေးတတ်၊ ခေါ်တတ်သူတွေ၊ ပညာ တတ်တွေ၊ သူတို့မှာရှိတာကို ထိန်းသိမ်း စောင့်ရှောက်ဖို့၊ တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဖို့ အသိ တရားရှိသူတွေပါ။ သူတို့ တွေ ပါဝင်လုပ်ဆောင်လာကြပါလိမ့် မယ်။ နှစ်ဖက်စလုံးကပဲ စိတ်ဓာတ် တက်ကြွလွန်သူအချို့ မရှောင် မလွှဲသာ ရှိလာနိုင်တာကြောင့် မြန်မာနိုင်ငံမှာ ယခင်က မမြင်တွေ့ခဲ့ဖူးသေးတဲ့ စည်းကမ်းမျိုးတွေ ကျင့်သုံးကြရပါမယ်။ မကြာမီက The Voice ဂျာနယ်ကို တရားစွဲဖို့ လုပ်ဆောင်လာမှုဟာ ဘာတွေ ဖြစ်လာနိုင်တယ်ဆိုတာကို အရိပ်အမြွက် ညွှန်ပြလိုက်သလိုပါပဲ။ များစွာသော အချိန်တွေမှာတော့ သတင်းစာတွေဟာ သူတို့ရဲ့စာဖတ်သူတွေကို သင့်တင့် လျောက်ပတ်တဲ့နည်းနဲ့ သတင်းပေးခြင်း၊ ဖျော်ဖြေခြင်းအလုပ်တွေကို လုပ်ဆောင် ခြင်းနဲ့သာ ကုန်လွန်ကြရမှာပါ။ အခု လက်ရှိမှာပဲ အလွန်စိတ်ဝင်စားဖွယ်၊ လှုံ့ဆော်ပေးနိုင်တဲ့ သတင်းဂျာနယ်တွေ ရှိနေပါပြီ။
* မီဒီယာကုမ္ပဏီတွေမှာ နေ့စဉ် သတင်းစာထုတ်လုပ်နိုင်လောက်အောင် အင်အားလုံလုံလောက် လောက် ရှိကြရဲ့လား။ သတင်းစာ ဖတ် ပရိသတ်ကော လုံလုံလောက် လောက် ရှိရဲ့လား။
မရှိဘူး။ လူဦးရေအနေကျဲသေးတဲ့ နိုင်ငံအတွင်းပိုင်း၊ ကျယ်ပြောလှတဲ့ တိုင်းပြည်အနှံ့ နေရာတွေဆီအထိ အရောက်ပို့ပေးရမယ့် ကြီးမားတဲ့တာဝန်ကြီးကို လုပ်ဆောင်နိုင်ဖို့ ကျွန်တော်တို့ အထဲက ဘယ်သူမှ အဆင်သင့်မဖြစ် ကြသေးပါဘူး။ တကယ်တော့ ရန်ကုန် နေရာအနှံ့တောင် ထိရောက်အောင် မဆောင်ရွက်နိုင်ကြသေးပါဘူး။ ကျွန်တော့သုတေသနအရပြောရရင် မြန်မာပြည်မှာ စာဖတ်တဲ့ အသက် အရွယ် လူဦးရေ (၃၅ သန်း - သန်း ၄၀) လောက်ရှိတယ်။ ဒီအထဲက လူ ၁၀၀ မှာ တစ်ယောက် နေ့စဉ်သတင်းစာဝယ်ဖတ် တယ်ဆိုရင် တစ်နေ့ကို သတင်းစာ ၄၀၀,၀၀၀ လိုမယ်။ ရန်ကုန်မှာဆိုပါတော့၊ လူဦးရေ ငါးသန်းရှိတယ်။ ၁၀ ရာခိုင်နှုန်းက သတင်းစာ တစ်စောင်ဝယ်ရင် သတင်းစာ ငါးသိန်းရှိမယ်။ ဒီတော့ မယုတ်မလွန်ပြောရရင် စုစုပေါင်း တစ်နေ့ သတင်းစာ တစ်သန်းလိုမယ်။ တစ်ပတ်ကို သတင်းစာ ခုနစ်သန်းရှိမယ်။ ဒီဖြစ်လာနိုင်ဖွယ် ဈေးကွက်ကြီးရဲ့ ၀ယ် လိုအားကို ယနေ့ မြန်မာပြည်မှာ ဘယ် မီဒီယာ ကုမ္ပဏီမှ ဖြည့်စွမ်းမပေးနိုင်သေးဘူး။ အရောက်ပို့ပေးဖို့ဆိုတာ ထားလိုက်ပါဦး။ ဒါတင်မက၊ ယနေ့ မြန်မာပြည်မှာ တစ်ပတ်ကို ခုနစ်ရက်လုံး နေ့စဉ်ထုတ်ပေးနိုင်တဲ့ မီဒီယာကုမ္ပဏီတောင် မရှိသေးပါဘူး။ ရှိတယ်ဆိုရင်တော့ စိတ်ကူးယဉ်တာပဲ။ နေ့စဉ်သတင်းစာ ထုတ်ဖို့ မှတ်ပုံတင် ကိစ္စတွေပြီးရင် ကျစ်လျစ်အောင် ပေါင်းစည်းကြရမယ့်အချိန်တစ်ချိန်ကို မလွဲ မသွေရောက်လာဖို့များပါတယ်။ ထုတ်ဝေနိုင်ဖို့အလားအလာရှိတဲ့ ဘယ်ကုမ္ပဏီကိုမှ ပိတ်ပင်တားမြစ်မှုမလုပ် သင့်ပါဘူး။ အစိုးရရော၊ ပြန်ကြားရေး ၀န်ကြီးဌာနရော ၀င်မပါသင့်ပါဘူး။ ဒါ သူတို့အလုပ်မဟုတ်ဘူး။ ဒီမိုကရေစီ နိုင်ငံမှာ သူတို့ဝင်ရောက်စွက်ဖက်ရမယ့် ကဏ္ဍ မရှိဘူး။ ဒါကို ဥပဒေနဲ့ ပြဋ္ဌာန်း ထားရင် ဒီမိုကရေစီအတွက် အလားအလာ အကောင်းဆုံးပဲ။ ဒေသအသီး သီးကို ကိုယ်စားပြုနေကြတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ နုပျိုတဲ့ ဒီမိုကရေစီလေး ရှင်သန်ကြီးထွားခွင့်ရအောင် ပါလီမန်ထဲမှာ ဆောင်ရွက်ပြောဆိုဖို့ဟာ သူတို့တာဝန် ပဲဖြစ်တယ်ဆိုတာ မမေ့ကြဖို့လိုပါတယ်။ လူ့အဖွဲ့အစည်းရဲ့ ယန္တရား (သတင်းမီဒီယာ)ကို လူ့အဖွဲ့ အစည်းအား အပြန်အလှန် ထိန်းညှိခွင့် မပေးရင် ဒီလူ့အဖွဲ့အစည်းဟာ အနှေးနဲ့ အမြန် ပျက်ပြုန်းသွားမှာပါပဲ။ ဒါဟာ ဒီမိုကရေစီအလုပ်လုပ်ပုံ နည်းစနစ်ပါပဲ။
* နေ့စဉ်သတင်းစာတွေထွက်လာရင် သူတို့ အမြတ်အစွန်းရှိမယ်ထင်သလား၊ မီဒီယာကုမ္ပဏီတွေမှာ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ နိုင်ပါသလဲ။
သတင်းစာကဏ္ဍမှာတော့ သွေးချောင်းစီးတိုက်ပွဲအတွက် အသင့်ပြင်ထားရမှာပဲ။ ဈေးကွက်အင်အားစုတွေ လှုပ်ရှားလာတာနဲ့ ထိရောက်မှုဆန်းစစ်တာတွေကို နာကျင်ပင်ပန်းစွာ ကြီးကြီးမားမား လုပ်ကြရမယ်။ ဆင်ဆာကန့် သတ်မှုတွေအားလုံး ဖယ်ရှားလိုက်ပြီး လွတ်လပ်တဲ့မီဒီယာဖြစ်လာပြီဆိုရင် သတင်းစာနှစ်မျိုးနှစ်စားပဲရှိတော့မယ် ထင်တယ်။ ပိုမိုကြီးမားပြီး စုစည်းပါဝင်တဲ့ပွဲမှာ တင်ကျန် ရစ်အောင် ကြိုးစားကြ ရလိမ့်မယ်။ အတော်များများကျဆင်းသွားကြမယ်။ ငွေအိတ်ကြီးကြီးရှိပြီး ဘက်စုံမီဒီယာအုပ်စုတွေ တည်ထောင်ဖို့ အားစိုက်ထားတဲ့သူတွေ တင်ကျန်ခဲ့မယ်။ သူတို့နဲ့ပြိုင်ရမယ့်လူတွေကတော့ ဖန်တီးနိုင်စွမ်းရှိသူတွေပဲ။ မစို့မပို့ငွေ လေးနဲ့ ခြိုးခြိုးခြံခြံလုပ်ရပေမယ့် မိရိုးဖလာနည်းဗျူဟာ၊ ပြောက်ကျားနည်းဗျူဟာတွေနဲ့ စာဖတ်ပရိသတ်ကို ထိုး ဖောက်နိုင်စွမ်း ရှိတဲ့သူ၊ တစ်နေ့ကို သတင်းစာစောင်ရေ ၃၀,၀၀၀ - ၅၀,၀၀၀ (စာဖတ်ပရိသတ် သုံးသိန်းလောက် ခန့် မှန်း) လောက်ကို ဖြန့်ချိနိုင် မယ့်သူ၊ ပြီးတော့ ငွေမထောပေမယ့် ပရိသတ်ကို ထိုးဖောက်နိုင်စွမ်းရှိသူမျိုးတွေပေါ့။ မြန်မာတိုင်း(မ်)က ဒီအမျိုးအစား ထဲမှာ ပါ လိမ့်မယ်။ အခြားကျန်တဲ့သူတွေကတော့ ချုပ်ငြိမ်းပျောက်ကွယ်သွားကြမှာပါ။ သူတို့ ထဲက သီးသန့်စိတ်ဝင်စားမှုရှိမယ့် လစဉ် မဂ္ဂဇင်းမျိုးအဖြစ် ပြောင်းလဲမလုပ်နိုင်ရင် သူတို့အတွက် အနာဂတ်မရှိနိုင်ဘူး။ အားကစားဂျာနယ်တွေအားလုံး နိဂုံး ချုပ်ကြလိမ့်မယ်။ အပတ်စဉ် သတင်း ဂျာနယ်တွေဟာ မြန်လာတဲ့ ကံကြမ္မာ တစ်ခုကို ကြုံတွေ့ရပါလိမ့်မယ်။ အထွေထွေစိတ်ဝင်စားမှု သတင်းတွေကို ဖေါ်ပြတဲ့ဂျာနယ်တွေလည်း ဒီလမ်းစဉ် အတိုင်းပဲ၊ ဒီအထဲမှာ ဘာမှမည်မည် ရရမဟုတ်ဘဲ အင်တာနက်ကဟာတွေ ခိုးယူသုံးနေကြတဲ့ ဂျာနယ်တွေက အများစုပါ။ ဒါတွေဟာ ဖယ်ရှားသင့်တာတွေပါ။ စီးပွားရေးနဲ့ နိုင်ငံရေးအသားပေး ဂျာနယ်တွေ အချိန်တို အတွင်း ပျောက်ကွယ်သွားဖွယ်ရှိပါတယ်။ မကြာမီက အသစ်ထွက်လာတဲ့ ဂျာနယ်တစ်စောင်ဟာ စံပြနမူနာပါပဲ။ ပြီးခဲ့တဲ့အပတ်က ကျွန်တော် ကြည့်လိုက်ရတဲ့ အဲဒီဂျာနယ်ရဲ့ ၉၉ ရာခိုင်နှုန်းဟာ မြန်မာတိုင်း(မ်)ကို ကူးချထားတာပါ။ ရှင်းရှင်းပြောရရင် အခြားသူတွေရဲ့ အောင်မြင်မှုကို မှီခိုပြီး သူတို့အောင်မြင်မှုလုပ်တာပါပဲ။ သူတို့ဟာ ဘယ်တော့မှ မြန်မာတိုင်း(မ်)ဖြစ်လာမှာမဟုတ်ပါဘူး။ ကိုယ်ပိုင် ပုံရိပ် လည်း ထူထောင်နိုင်မှာမဟုတ်လို့ ဘယ်ပရိသတ်ကို ဦးတည်ရည်ရွယ်တယ်ဆိုတာလည်း မရှိတော့ သူတို့ ကြာကြာမခံနိုင်ပါဘူး။ ဒါကြောင့် ပထမနှစ်အတွင်းမှာပဲ ဂျာနယ်စာစောင် ၁၀၀ လောက် နိဂုံးချုပ်သွားကြမယ်လို့ မှန်းဆရတယ်။ အလုပ်ဈေးကွက်ထဲမှာ သတင်းထောက်တွေအများကြီး ပြန်လာကြဦးမှာပဲ။
* နေ့စဉ်သတင်းစာ ခေတ်သစ်ကို ရောက်လာရင် မီဒီယာကုမ္ပဏီတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲ။ ကမ္ဘောဒီးယားမှာ နေ့စဉ်သတင်းစာထုတ်ခဲ့တဲ့ လူကြီးမင်းရဲ့ အတွေ့အကြုံကို ဝေမျှပါဦး။
ရိုးရိုးသားသားပြောရရင် နေ့စဉ်သတင်းစာကို မွေးဖွားပေးတဲ့ လက်တွေ့အတွေ့အကြုံရှိတဲ့လူဆိုလို့ ဒီတိုင်းပြည်မှာ ကျွန်တော် တစ်ယောက်တည်းရှိပါတယ်။ ဒါကြောင့် ကျွန်တော် အောင်မြင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်။ ကမ္ဘောဒီးယားမှာ "The
Phnom Penh Post"
လို့ခေါ်တဲ့ သတင်းစာနှစ်စောင် (အင်္ဂလိပ် ဘာသာနဲ့တစ်စောင်၊ တိုင်းရင်းခမာဘာသာနဲ့ တစ်စောင်) ကျွန်တော် ထုတ်ဝေနေပါတယ်။ ဒါဟာ ကျွန်တော့အဖို့ ဒေါ်လာ လေးငါးသန်းအကုန်ခံပြီးမှ ရခဲ့တဲ့အတွေ့အကြုံပါ။ ကျွန်တော် အတွေ့အကြုံတွေ အများကြီးရခဲ့တယ်။ တစ်ခုပဲ ပြောနိုင်တယ်။ ဒီအလုပ်ဟာ လွယ်လွယ်နဲ့ ငွေအမြန်ပြန်ပေါ်တဲ့အလုပ်တော့ မဟုတ်ဘူး။ အပြိုင်အဆိုင် ရှိလာပြီဆိုရင် ပြိုင်ဆိုင်မှုက ပြင်းထန်တယ်။ သူသေ၊ ကိုယ်သေပဲ။ သတင်းစာလုပ်ငန်းဟာ ကြမ်းတမ်း ခက်ထန်ပါတယ်။ အကျအ ဆုံးတွေ များလာမယ်။ ကျွန်တော်ကတော့ ဒါကိုမတွေးဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့မှာ အချက်အလက် အခြေခံဗဟုသုတ အတွေ့အကြုံတွေရှိတယ်။ အမာခံ အယ်ဒီတာတွေ၊ ထုတ်လုပ်ရေးကျွမ်းကျင်သူတွေ၊ ပုံနှိပ်စွမ်းရည်တွေရှိတယ်။ အသင်းအဖွဲ့တစ်ခုကို ဘယ်လိုတည်ဆောက်ရမယ် ဆိုတာကို သိတယ်။ ကျွန်တော့ကို ဘယ်သူမှ ၀င်ရောက်နှောင့်ယှက်မှု မရှိဘူးဆိုရင် ကျွန်တော်ဟာ ရှင်သန်ကျန်ရစ်မယ့်သူဖြစ်တယ်ဆိုတာ ကျွန်တော်သိတယ်။ အခြားသူတွေအကြောင်းတော့ ကျွန်တော်မသိပါဘူး။ ကျွန်တော့မှာကိုယ့် ပြဿနာနဲ့ကိုယ်လုံးပန်းနေရသူမို့ တခြားသူတွေအကြောင်းလည်း မစဉ်းစားအားပါဘူး။ ကျွန်တော့ပတ်ဝန်းကျင်မှာ ကျွန်တော်မြင် ထားတဲ့ တစ်ယောက်တည်းသော ကြေးစားကစားသမား (Professional Player) က တော့ Eleven Media Group ပါပဲ။ ကျွန်တော်တို့ သတင်းစာဟာ သူတို့သတင်းစာနဲ့ ကွဲပြားခြားနားမှုများစွာရှိမှာ ဖြစ်လင့်ကစား တူညီတဲ့ လူဦးရေဇုန်တချို့အတွင်းမှာရှိတဲ့ စာဖတ် ပရိသတ် အတွက် ကျွန်တော် သူတို့နဲ့ ယှဉ်ပြိုင်ရလိမ့်မယ်။
* ဟိုးအတိတ်မှာတုန်းကလည်း ကျွန်မတို့နိုင်ငံမှာ ပုဂ္ဂလိက ပိုင်သတင်းစာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဆယ်စုနှစ်ပေါင်း များစွာ ပုဂ္ဂလိကသတင်းစာမရှိဘဲ ဆင်ဆာဖြတ်တောက်မှုတွေနဲ့ နေလာခဲ့ရတော့ မျိုးဆက်သစ်လူငယ်တွေမှာ ဒီအတွေ့ အကြုံတွေမရှိဘဲ ဖြစ်နေတယ်။ ဒါကြောင့် နေ့စဉ်သတင်းစာ တွေ ထုတ်ဝေခွင့်ပြုလိုက်ရင် ယနေ့ မြန်မာ့မီဒီယာလောကမှာ ဘယ်လိုအခက်အခဲတွေ ရှိနိုင်ပါသလဲ။
အခုကတည်းက ကျွန်တော်တို့တွေ့ကြုံရမယ့် အခက်အခဲတွေကို မြင်နေရပါပြီ။ တက္ကသိုလ်တွေနဲ့ အဆင့်မြင့်ပညာ ဌာနတွေကို သတင်းစာပညာရှင်တွေ လေ့ကျင့်မွေးထုတ်ပေးနိုင်အောင် စီစဉ်ရပါတယ်။ ဒါခုချိန်အထိ ဖြစ်မလာသေးပါဘူး။ အာဏာပိုင်တွေ အနေနဲ့ ပြည်ပက ကျွမ်းကျင်သူတွေကို အကန့်အသတ် အချုပ်အချယ်မရှိ ၀င်ခွင့်ပြုရပါမယ်။ ဒီလူတွေကတော့ - သတင်းထောက်တွေ၊ လက်ထောက် အယ်ဒီတာတွေ၊ ဝေဖန် ဆန်းစစ်သူတွေ၊ ဓာတ်ပုံဆရာတွေ၊ ဒီဇိုင်နာတွေ၊ ပုံနှိပ်ပညာရှင်တွေသာမက စီမံခန့်ခွဲသူအမှု ဆောင်လူကြီးတွေပင် ပါဝင်ပါတယ်။ ပြည်ပက ကျွမ်းကျင်သူတွေမပါဘဲ အခြေအနေတွေ မြန်မြန် တိုးတက်လာဖို့ မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် သတင်းထောက်တွေပေါ့။ သတင်းထောက်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ နှစ်ပေါင်းများစွာ အချိန်ယူရပါတယ်။ ဒီမှာလိုအပ်နေတာက ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်း၊ နောက်ပြီးတော့ သတင်းရဲ့ ရှုထောင့်ကို ဖော်ထုတ်နိုင်စွမ်း ဒီအရည်အသွေး တွေက အနောက် နိုင်ငံတွေမှာတော့ သတင်းထောက်လုပ်မယ့်သူမှာ ရှိပြီးသား လို့ မှတ်ယူထားကြတာ။ ဒီမှာ ကျွန်တော် တွေ့ရ သလောက် သတင်းထောက် ၁၀ ယောက်မှာ တစ်ယောက်ပဲ ဒီအရည်အသွေးရှိတာ တွေ့ရတယ်။ ဒီလိုဖြစ်ရတာဟာ ကလေးဘ၀ တစ်လျှောက် သူတို့ ဖြတ်သန်းခဲ့ရတဲ့ ပညာရေးစနစ်ကြောင့်လို့ ကျွန်တော်သံသယ ဖြစ်မိတယ်။ သတင်းစာလွတ်လပ်ခွင့်တွေ ပို ပေး လိုက်လို့လည်း ဒီရောဂါပျောက်သွားမှာမဟုတ်ဘူး။ ဒါဟာ မျိုးဆက်နဲ့ဆိုင်တဲ့ ပြဿနာပါ။ နေ့ချင်းညချင်းကမ္ဘာ့အဆင့် မီဒီယာဖြစ်လာ ဖို့တော့ မမျှော်လင့်နိုင်ဘူးပေါ့။
* နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်မူကြမ်းအရ ရင်းနှီးမြှုပ်နှံ သူတွေအဖို့ မြန်မာနိုင်ငံမှာ လုပ်ကိုင်ဖို့ ပိုမိုလွယ်ကူ ပျော့ပျောင်း လာပါတယ်။ နိုင်ငံခြားက မီဒီယာကုမ္ပဏီတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေဟာ မြန်မာမီဒီယာလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင် စားကြလိမ့်မယ်လို့ ထင်ပါသလား။
သူတို့ကို ဒီမှာ လာရောက်လုပ်ကိုင် ဖို့ ခွင့်မပြုဘူးဆိုရင်တော့ နောက်ကြောင်း ပြန်သွားတဲ့ ခြေလှမ်းပဲ ဖြစ်မှာပဲ။ စိုးရိမ်စရာ ဘာမှ မရှိပါဘူး။ နိုင်ငံခြားသားတွေက ကျွမ်းကျင်မှုနဲ့ အရင်းအနှီးတွေ ယူလာကြလိမ့်မယ်။ မြန်မာပြည်က ဒါတွေ လိုနေတာပါ။ မီဒီယာ ယှဉ်ပြိုင်မှုကို သော့ခတ်ပိတ်ဆို့ထားတဲ့ နိုင်ငံတွေမှာ မကျန်းမမာ ဖျားနာမှုမျိုးစုံ ကြီးထွားလိမ့်မယ်။ မီဒီယာရဲ့အခန်းကဏ္ဍသေးသိမ် ကျဉ်းမြောင်းသွားရင် နိုင်ငံရေးသမားတွေ စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ တန်ဖိုးခိုး အာဏာတွေသာ ကြီးထွားလာပြီး သူတို့ရဲ့ လုပ် ဆောင်မှုတွေဟာ ထင်သာမြင်သာမရှိနိုင်တော့ဘူး။ ကျွန်တော်တို့ဟာ ဒီအမှောင်ထုထဲကထွက်လာစပဲ ရှိပါသေးတယ်။ လူထု အများ စုကတော့ အဲဒီအမှောင်ထုထဲကို ပြန်သွားချင်ကြမယ်လို့ ကျွန်တော်မယုံကြည်ဘူး။ ပြည်ပမီဒီယာတွေ၊ တစ်ကမ္ဘာလုံး ဖြန့်ကြက် လုပ်ကိုင်တဲ့ မီဒီယာလုပ်ငန်းရှင်ကြီးတွေ၊ ဒေသတွင်းက မီဒီယာတွေဆီကငွေတွေ မြန်မာနိုင်ငံထဲကို အလောသုံးဆယ် လှိမ့်ဝင်လာ ကြမယ်လို့ ကျွန်တော်မထင်ပါဘူး။ သူတို့တစ်တွေဟာ ရင့်ကျက်ပြီးသား ဈေးကွက်တွေမှာပဲ ပိုမိုဖွံ့ဖြိုးအောင် ချဲ့ထွင်ဖို့ ကြိုးပမ်း ရှာဖွေနေကြတာပါ။ အခု ပြဋ္ဌာန်းမယ့် ဥပဒေသစ်ဟာ လွန်စွာအရေးကြီးပါလိမ့်မယ်။
* ကမ္ဘာ့တခြားကျန်တဲ့နေရာတွေက ဒစ်ဂျစ်တယ်ခေတ်ထဲ စတင်ဝင်ရောက်နေကြချိန်မှာ မြန်မာနိုင်ငံမှာ ပုံနှိပ်နေ့စဉ် သတင်းစာက အလုပ်ဖြစ်မယ်လို့ ယူဆပါသလား။ မြန်မာမီဒီယာတွေ နေ့စဉ်သတင်းစာရိုက်နှိပ်ထုတ်ဝေဖို့ ကြိုးပမ်းချက်ဟာ တကယ်တမ်း အကျိုးအမြတ်ရှိပါ့မလား။ ဘာကြောင့်ပါလဲ။
အာရှနဲ့ တောင်အာရှဒေသမှာ သတင်းစာဖတ်သူဦးရေ တစ်ဟုန်ထိုးတက်နေပါတယ်။ သတင်းစာဝယ်လိုအားဟာ အချိန် ကာလ အတော်ကြာအောင်ဆက်လက်ရှိနေဦးမှာပါ။ ဒါပေမယ့် ခေတ်ရှေ့ပြေးသတင်းစာဖတ်သူတွေအတွက် လက်ကိုင်ဖုန်းတွေ၊ လက်ပ်တော့တွေ၊ PC ကွန်ပျူတာတွေနဲ့ ဖတ်လို့ရအောင်လည်း လုပ်ပေးရမှာပေါ့။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis