(၁)
ပြောရရင်တော့ ခရီးထွက်ခဲ့မိတာက စရမှာ။ အောင်မင်္ဂလာ အဝေးပြေးဂိတ်သွားဖို့
တက္ကစီကားငှားပြီး လာခဲ့တယ်။ ဟိုမေး ဒီမေး ဟိုပြော ဒီပြောလုပ်တတ်တာက
အသက်ကြီးမှ ဖြစ်လာတဲ့အကျင့်တစ်ခု။
လမ်းမှာကတည်းက ယာဉ်မောင်းက နားကြားပြင်းကပ်နေလောက်ပြီ။ ''ဟာ ဟိုကားက
လိုင်းမှားနေတယ်''၊ ''တယ် ဒီကောင်လေး ကွေ့ကြောကနေ တည့်တည့်ထွက်ပြန်ပြီ''
''အချက်မပြဘဲနဲ့ ဒီလိုချက်ချင်းရပ်လို့ရမလား'' ဘာညာတွေက များတာကိုး။
တော်တော်လေးကြားပြီးချိန်မှာ ယာဉ်မောင်းက တစ်ခွန်းပြောတယ် ''ဆရာကြီး
လူတွေတော်တော်များ များက ဒီလိုဘဲမောင်းနေကြတာ''တဲ့။ ဒါနဲ့ ကိုယ်ကပိုက်ဆံပေး
ငှားလာတဲ့ယာဉ်မောင်းက ကြာရင် အမြင်ကပ်ရော့မယ်ဆိုပြီး ပါးစပ်ကို
ဘရိတ်အုပ်ခဲ့ရတယ်။ အောင်မင်္ဂလာ ၀င်ပါရော။
''ဆရာကြီး ဘယ်ဂိတ်လဲ'' ယာဉ်မောင်းရဲ့အမေးကို သွက်သွက်လက်လက်လေး
ဖြေပေးလိုက်တယ်။ ''အီလစ် အီလစ်။''ယာဉ်မောင်းရဲ့မျက်နှာမှာ
နည်းနည်းရှုပ်သွားပုံပေါ်တယ်။ သေသေချာချာ မကြားမိတာ လည်းဖြစ်နိုင်တာပါပဲ။
''ဆရာကြီးလက်မှတ်လေးပြပါဦး''တဲ့။ လက်မှတ်လည်းပြလိုက်ရော ''ဟာ ဆရာကြီးကလည်း
အီလိုက်ဆိုပြောရင် သိတာပေါ့ဗျာ။ ဒီမှာရေးထားတယ်လေ အီး အယ် အိုင် တီ အီး
မတွေ့ဘူး လား။''မောင်စံပေါလည်း အင်္ဂလိပ်စာလေးတောင်
မှန်အောင်အသံမထွက်တတ်တဲ့ကောင် ဖြစ်သွားတယ်။ ဖြတ်ကနဲ ''အီလိုက် မဟုတ်ဘူးကွ
သူငယ်ချင်းရ အီလစ်လို့ အသံထွက်တယ်'' ဆိုပြီး အမှန်ပြင်ပေးခဲ့တဲ့
နိုင်ငံခြားပြန် ပါရဂူသူငယ်ချင်းရဲ့ မျက်နှာကို ပြေးမြင်မိတယ်။
ငါအမှန်အသံထွက်မိတာများ မှားသွားလေသလား။
(၂)
မောင်စံပေါတို့ အင်မတန်ဂုဏ်ယူတဲ့ ယဉ်ကျေးမှုမြို့တော်ကြီးကို
ဝင်ဖြစ်ပါတယ်။ ယာဉ်မောင်းကတော့ သူ့အလုပ်ကို သူလုပ်လို့
တည်တည်ငြိမ်ငြိမ်ပါပဲ။ မတည်ငြိမ်တာက ဟောဒီ ကောင် ''စိတ်'' ထဲနေက
မောင်းလိုက်၊ လီဗာနင်းလိုက်၊ ဘရိတ်အုပ်လိုက်၊ စတီယာရင်ဘီးကို ဟိုလှည့်လိုက်
ဒီလှည့်လိုက်။ တိုက်မိတာတွေနဲ့ မနည်းမနော။
စီးပွားရေးမြို့တော်ကြီးကနေ
အကျင့်ပါလာတာတွေက ဇာတိပွတ်တိပြချင်လာတယ်။ ''ဟာ ဒီကောင်''
''သယ်ဒီကောင်မလေးနှယ်'' မအေတွေ နှမတွေ မထွက်တောင်မှ လွှတ်ကနဲပြောမိတာတွေက
မနည်း မနော။ ယာဉ်မောင်းဆရာလေးက တော့ အေးအေးဆေးဆေးပါပဲ။ဖြတ်ထွက်သလား
ဖြတ်ထွက် ဘရက်ပေါ့။ ရပ်စောင့်တယ်။ ဖြတ်ဝင်သလား ဖြတ်ဝင်ဘရင်ပေါ့
အေးအေးဆေးဆေးပါ။ ဖြတ်ကွေ့သလား။ ဖြတ်ကွေ့ဘရွေ့ပေါ့၊ ငါလည်းကွေ့ချင်ကွေ့မှာ။
လမ်းပြောင်းပြန်မောင်းသလား။ မောင်းဘရောင်းပေါ့၊ မအောင်းအောင်ရှောင်။
ရုတ်တရက် ရပ်တယ်။ ရပ် ဘရတ်ပေါ့။ သူ့ကားနဲ့ ကိုယ့်ကား မထပ်ဖို့ပဲလိုတယ်။
ငယ်ငယ်တုန်းက ခေတ်စားဖူးတဲ့ ဘန်းစကားလေးတွေနဲ့ ဖြေလိုက်တော့ပြီးရော။
ညစာစားချိန် စကားပြောဖြစ်တော့ ခွဲစိတ်ကုဆရာဝန်ကြီးတစ်ယောက်က
သူ့အတွေ့အကြုံတွေ ဖောက်သည်ချတယ်။ ''ကျွန်တော့်ဗျာ ရောက်ခါစက
ကားမောင်းတာဗျာ။ တိုက်လိုက်တာ တဒုန်းဒုန်းနဲ့၊ တကယ်တိုက်တာတော့
မဟုတ်ဘူးပေါ့ဗျာ။ စိတ်ထဲကနေ တိုက်တာ။ ခွဲခန်းဝင်ရတာထက် ဆယ်ဆမက ပင်ပန်းသဗျ။
နဖူးကချွေးတွေပြန်၊ လက်ဖ၀ါးတွေလည်းစီးနဲ့။ နောက်တော့
ကြောင်ရှိတက်ကနိနဲ့ပဲမောင်းမှ ဟုတ်သွားသဗျ။ ကြောင်ရှိဆိုတာ ဂန္ဓာလရာဇ်
ဆရာကြီးမထင်နဲ့၊ ကိုယ်ကြောင်မရှိရင် သူကြောင်ရှိလိမ့်မယ်။ ဒါပဲ။ အဲဒီတော့မှ
အလုပ်ဖြစ်သွားတာ''တဲ့။ နိုင်ငံခြားပြန် ပညာတတ်ပါရဂူဆရာကြီး လမ်းပေါ်မှာ
ကျဆုံးခန်းပေါ့ဗျာ။
ဆရာကိုပြေးကြိုလို့၊ ခြင်းတောင်းကူသယ်ပေးလို့ အပြစ်တစ်စုံတစ်ရာရှိလာတဲ့အခါ
လျော့ပေါ့တာမရှိဘူး။ ကျောင်းမှာ စာမလိုက်နိုင်တဲ့ ကလေးတွေကို
စာမေးပွဲအောင်စေရေးအတွက် အိမ်မှာ သပ်သပ်ခေါ်သင်ပေးတယ်။
|
(၃)
ပြောရဦးမယ်။ ကျုပ်တို့အမျိုးတွေ ကြောက်တတ်ပုံ။ မမြင်ရတဲ့ တစ္ဆေ၊
သူရဲတွေကိုကြောက်တာတော့ ရိုးပေါ့လို့ ဘယ့်နှယ်ဗျာ
ရုံးကြောက်ရတယ်လို့။ ဒါကလည်း ဟိုအရင်နှာခေါင်းရှည်
မျက်နှာနီကိုယ်တော်ကြီးများ ပြုစားထားခဲ့တာတွေ ကျန်နေသေးတာ
ဖြစ်ချင်ဖြစ်မှာ။ အစိုးရတဲ့၊ အစိုးရရုံးတဲ့၊အစိုးရအမှုထမ်းတဲ့။
အစိုးရအရာရှိတဲ့။ မင်းစိုးရာဇာတဲ့။ အစိုးရဆိုတာ ပြည်သူရှိလို့ ဖြစ်တာဗျ။
ရုံးတို့၊ အမှုထမ်းတို့၊ အရာထမ်းတို့ဆိုတာလည်း အတူတူပါပဲဗျာ။ အားလုံးဟာ
နိုင်ငံ့ဝန်ထမ်းတွေ၊ နိုင်ငံတာဝန်ကိုထမ်းရသူတွေ၊ နိုင်ငံဆိုတာ
ပြည်သူရှိမှဖြစ်တာ။ ပြည်သူ့ဝန်ထမ်းတွေပေါ့ဗျာ။ ပြည်သူ့ဝန်ထမ်းဆိုတာ
ပြည်သူတွေကို အလုပ်အကျွေးပြုရမှာ။ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို
ဖြည့်ဆည်းဆောင်ရွက်ပေးရမှာ။ ဒါတာဝန်။
အခုတော့ဗျာ။ ဘယ်တုန်းက ဘယ်သူတွေက ခြောက်ခဲ့လှန့်ခဲ့သလဲတော့ မသိဘူး။
သာမန်ကိစ္စလေးတွေအတွက် ရုံးသွားရတာတောင် ကြောက်ကြသဗျား။ မေးရမြန်းရမှာ
တွန့်ကြသဗျား။ ရုံးကလူတွေကလည်း (အားလုံးမဟုတ်တောင်) အပေါက်စောင့်လိုမျိုး၊
ရုံးလုလင်လိုမျိုးကအစ မျက်နှာထားတွေက မာန်တွေဟန်တွေပြည့်ကြပါရဲ့။
အရာရှိတွေတော့ ထားပါတော့၊ အများနဲ့ ဆက်ဆံရတဲ့နေရာတွေမှာ ပိုများဆိုးနေသလား။ လူတွေကလည်းကြောက်တော့
လူငှားတယ်။ ပါးစပ်ငှားတယ်။ အဲဒီမှာတင်ပွဲစားဆိုတဲ့ ကြားခံလူများပေါ်လာတယ်။
ဘာဖြစ်လဲ။ ပြည်သူတွေမှာ အချိန်ကုန်ရုံသာမက မလိုလားအပ်တဲ့
ပိုက်ဆံပိုကုန်ရတယ်။ ဒီကြားထဲ အဲဒီကြားပုဂ္ဂိုလ်များ ခလောက်ဆန်လို့
ဌာနဆိုင်ရာများမှာလည်း နာမည်ပျက်၊ ပြည်သူတွေမှာလည်း အလုပ်မပြီး
ခရီးမတွင်တာတွေ အများကြီး။ တစ်ရက်နဲ့အပြီးဆို သတင်းစာထဲမှာ ပါသလဟာတောင်မှ
နှစ်ချီသွားကြတာတွေကလည်း မျက်စေ့ရှေ့မှာ။
(၄)
တစ်လောက မတွေ့တာကြာပြီဖြစ်တဲ့ ပင်စင်စားနောင်တော်ကြီးတစ်ယောက်နဲ့
တွေ့ဖြစ်တယ်။ သူကလည်း ၀မ်းပန်းတသာနဲ့ ကိုယ်တိုင်ကားမောင်းပြီး
ဘုရားဖူးလိုက်ပို့ရှာတယ်။ သူ့ရဲ့မြေးချစ်လေး မူကြိုကျောင်းသားလည်း
အတူပါလာတယ်။ အဖိုးကလည်း ဒီခေတ်ကလေးတွေ လည်ပုံ၊ ပါးနပ်ပုံ၊ တော်ပုံတွေ
ပြောပတယ်။ သူ့မြေးက နမူနာပေါ့။ ဒီလိုနဲ့ သွားရင်းမီးပွိုင့်တစ်ခုမှာ အဖိုးက
ကားကိုရပ်လိုက်တယ်။ မီးနီပေမယ့် ကားကရှင်းနေတယ်။ ''ဖိုးဖိုးမောင်းလေ
ကားတွေရှင်းနေတာပဲဟာ''၊ ''မရဘူးမြေးရဲ့ မီးနီနေတယ်။ ရဲကြီးဖမ်းလိမ့်မယ်''၊
''ဟာ ဖိုးဖိုးကလည်း ပိုက်ဆံပေးလိုက်ပေါ့'' တဲ့ မြေးအဖိုးနှစ်ယောက်
အပြန်အလှန်ပြောကြတယ်။''အဲဒါပဲကြည့်တော့ ညီလေးရေ။ ဒီခေတ်ကလေးတွေ
ကိုယ်တို့နဲ့ ကွာပုံ''၊ အစ်ကိုကြီးရဲ့ ရီပြုံးပြုံးနဲ့ ပြောပုံက
မြေးအတွက်ပဲ ကျေနပ်နေသလိုလို။ အစ်ကိုကြီး မှားနေပြီထင်တယ်။
(၅)
ကြားဖူးနားဝ ပါတီကောင်စီခေတ်က ပုံပြင်တစ်ခုပြန်ပြောပါရစေ။
မြို့ကြီးတစ်မြို့က ရုံးပေါင်းစုံဝင်းထဲမှာ တရုတ်ကြီးတစ်ယောက်ရဲ့
ခေါက်ဆွဲဆိုင်ရှိတယ်။ ပါတီယူနစ်ဥက္ကဋ္ဌ အသစ်တစ်ယောက် ပြောင်းသွားတယ်။
ဥက္ကဋ္ဌကြီးက အင်မတန် မှ တော်တည့်ဖြောင့်မှန်တယ်ပေါ့ဗျာ။ ဌာနဆိုင်ရာတွေကလည်း
ကြောက်မှကြောက်ပေါ့။
တရုတ်ကြီးကဥက္ကဋ္ဌကြီးဆီ နေ့လယ်ဆို
ခေါက်ဆွဲကြော်တစ်ပွဲ မှန်မှန်ပို့ပေးတယ်။ ဥက္ကဋ္ဌကြီးကလည်း
မှန်မှန်ပြန်ပေးခိုင်းတယ်။ တစ်ပတ်လောက်လည်းရှိရော
''အဲဒီခေါက်ဆွဲရောင်းတဲ့ကောင်ကို ခေါ်လိုက်စမ်း။ ဘာကိစ္စနဲ့ ခေါက်ဆွဲ
ကြော်တွေပို့ နေရတာလဲ'' ဖြစ်ပါရော။ တရုတ်ကြီးကလည်း
''ဘာကိစ္စမှမရှိပါဘူးခင်ဗျာ။ ဥက္ကဋ္ဌကြီးကို ကြည်ညိုလို့
စားဦးစားဖျားကန်တော့တဲ့အနေနဲ့ ပို့တာပါ'' ပေါ့။ မြန်မာပြည်မှာ
အနေကြာတော့လည်း မြန်မာရည်လည်ပြီး မြန်မာဖြစ်နေပြီပေါ့ဗျာ။
ဒါနဲ့
ဥက္ကဋ္ဌကြီးလည်း ကျေနပ်သွားတာပေါ့။ ရတယ်အိုကေ ခေါက်ဆွဲကြော် ဒစ်ပလိုမေစီ
ဆိုရမလားပဲ။ ဒီလိုနဲ့ တစ်နှစ်ကျော်ကြာရော ဆိုပါစို့။ တစ်ရက်သားလှတော့
တရုတ်ကြီး ခေါက်ဆွဲကြော်လာပို့တာ မျက်နှာက မကောင်းဘူး။ ဒါနဲ့ ဥက္ကဋ္ဌကြီးကမေး
တာပေါ့၊ တရုတ်ကြီး နေမကောင်းဘူးလား ဘာညာပေါ့။ ''မဟုတ်ပါဘူး ဥက္ကဋ္ဌကြီးရယ်
သမီးလေးကိစ္စကြောင့်ပါ'' ''သမီးဘာဖြစ်လို့လဲ''၊ ''သမီး အတွက်
မှတ်ပုံတင်လုပ်တာ နိုင်ငံခြားသားဆိုပြီး ပြဿနာလုပ်နေလို့ပါ သမီးပညာရေးကလည်း
ရှိသေးတယ်မဟုတ်လား ဥက္ကဋ္ဌကြီးရယ်''၊ ''အောင်မာ ဒါလေးများ မြန်မာပြည်မှာ
မွေးတာမဟုတ်ဘူးလား။ ခေါ်စမ်း လ၀က ဦးစီးမှူး'' ဆိုပြီး တရုတ်ကြီး သမီးလေး
မပုတင် ရသွားဆိုပဲ။ ပုံပြောတဲ့ဆရာက ထပ်ဖြည့်ပါတယ်။ မပုတင်ဆိုတာက သေးသေး
လေးရယ်။ အကြီးကြီးတွေ ခေတ်အဆက်ဆက်မှာ အများကြီးရှိတယ်တဲ့။ များလွန်းပြီး
လွန်အားကြီးသွားရင်တော့ ပြဿနာ။
(၆)
မောင်စံပေါတို့က သစ်တောမျိုးရိုးပြောရင်ရတယ်။ အဖေ့ဆီက နေကြားဖူးတဲ့
သစ်တောအကြောင်း၊ သစ်တောကလူကြီးတွေအကြောင်းတွေ အများကြီး။ အဲဒီအထဲက
အင်္ဂလိပ်ခေတ်က သစ်တောမင်းကြီးတစ်ယောက်အကြောင်း သတိရမိတယ်။
အဲဒီမင်းကြီးက
အလုပ်လုပ်ကိုင်ရာမှာ စည်းကမ်းစနစ်တကျ အင်မတန်ရှိသတဲ့။ အလုပ်လည်း
အရမ်းလုပ်တယ်။ မိန်းမကိစ္စဘာညာလည်း မရှိဘူးတဲ့။ နယ်တွေကို
အလုပ်ကိစ္စနဲ့သွားရင် ညတွေမှာ တပည့်တွေနဲ့ ပိုကာဒေါင်းသတဲ့။
ဝီစကီလေးသောက်လိုက်၊ အမြည်းလေးစားလိုက်နဲ့ ဖဲပွင့်လေးတွေ ပွတ်ရတာ
အရမ်းဝါသနာပါဆိုပဲ။ ပိုကာဒေါင်းရာမှာ သူ့တပည့်တွေက ဒေါင်းသွားလို့ကတော့
နဂိုကနီတဲ့မျက်နှာက ပိုနီလာပြီးနှာခေါင်း က ပိုရှည်လာသတဲ့။ ဒမ်တွေ၊ သံ
ကျွတ်တွေ ပါစပ်ကထွက်လာရင် သတိထားရော့ဆိုပဲ။ အဲသူရှုံးလာပြီ
မဒေါင်းတာကြာပြီဆိုရင် ဒေါင်းပြီကွဆိုပြီး လက်ထဲကဖဲတွေဖြန့်ခင်းပြီး
ဖဲအားလုံးကို ကောက်သိမ်း ကုလားဖန်ထိုးပါရော။ ကြာတော့ တပည့်တွေလည်း
အလိုက်သိတတ်လာရတာ ပေါ့။ လက်ထဲက အထွေဖြစ်ပြီးသားတွေကိုပစ်ချ။ ဒေါင်းနေရက်နဲ့
ကိုင်ထားလုပ်ကြရတာပေါ့။ ဒါမှ မင်းကြီးက သဘောကျမှာကိုး။ အဲဒီမင်းကြီး
ပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်။ 'Never outshine the master' တဲ့။
တောခေါင်းကြီးတစ်ယောက်က
ပြောတယ်။ ''လာသမျှလူကြီးတွေ တော်ကြောင်းတတ်ကြောင်း
လေးစားကြည်ညိုစရာကောင်းကြောင်း ပြောရင်း ဖားရင်းငါတို့တွေလည်း ပိုပိုပြီး
ညံ့ကုန်ကြတော့တာကွ'' တဲ့။
(၇)
'မူလတန်း ဆရာ၊ ဆရာမများ သည်နိုင်ငံတော်ကိုတည်ဆောက်ကြ သူများဖြစ်သည်' တဲ့။
မောင်စံပေါတို့
ငယ်ငယ်တုန်းက မူလတန်းကျောင်းတက်ခဲ့ရတာ လွှတ်ပျော်စရာကောင်းတယ်။
မနက်ကျောင်းတက်ချိန်မှာ စုဝေးတန်းစီပြီး နိုင်ငံတော်သီချင်းဆိုကြတယ်။
သစ္စာဓိဋ္ဌာန်ရွတ်ကြတယ်။ ကျောင်းအုပ်ဆရာကြီးက မှတ်သားစရာ၊ အကျိုး ရှိမယ့်
အကြောင်းအရာ တစ်စုံတစ်ခု ပြောပြတယ်။ ဆုံးမစကားပဲပြောပြော
မနက်ခင်းသြ၀ါဒပဲဆိုဆို ကလေးတွေရဲ့ ရင်ထဲကို ဆရာကြီးပေးချင်တဲ့
အကြောင်းခြင်းရာတွေက ရောက်သွားတယ်။ အတန်းပိုင်ဆရာမတွေလည်း အတူတူပါပဲ။
ပန်းပေးတဲ့ကလေးကို ကျေးဇူးတင်စကားဆိုမယ်။ ပန်းကလေးရဲ့အလှနဲ့ရနံ့ကို
ချီးမွမ်းမယ်။ ဒါပဲ ဒီလောက်ပဲ။ ပန်းပေးလို့ အမှတ်ပိုရမယ်မအောက်မေ့နဲ့။
ဆရာကို ပြေးကြိုလို့၊ ခြင်းတောင်းကူသယ်ပေးလို့
အပြစ်တစ်စုံတစ်ရာရှိလာတဲ့အခါ လျော့ပေါ့တာမရှိဘူး။ ကျောင်းမှာ
စာမလိုက်နိုင်တဲ့ကလေးတွေကို စာမေးပွဲအောင်စေရေးအတွက် အိမ်မှာသပ်သပ်
ခေါ်သင်ပေးတယ်။ ထူးချွန်တဲ့ကလေးတွေကို ပိုတော်အောင်၊ ပညာရည်ချွန်
ပြိုင်ပွဲတွေမှာ ပြိုင်ရင်း အရည်အချင်း အဆင့်အတန်း
ပိုမြင့်အောင်သီးခြားသင်ပေးလေ့ကျင့်ပေးတယ်။ မြန်မာစာ စာစီစာကုံးအတွက်
စံပြစာစီစာကုံးတွေဟာ ကလေးတွေရဲ့ စိတ်ဓာတ်ရေးရာကို ကောင်းမွန်စွာ
ဖွံ့ဖြိုးလာအောင်တစ်ဖက်ကနေ ပျိုးထောင်ပေးခဲ့တာပေါ့။ 'တတ်ဖို့မလိုဘူး
နပ်ဖို့ပဲ လိုတယ်' ဆိုတဲ့ဆောင်ပုဒ်နဲ့အတူ လူပေါ်လူဇော်တွေ တွေ့လာရတဲ့အခါ
ဆရာကြီး၊ ဆရာမကြီးများ ငါတို့သင်တာမှားခဲ့လေသလားရယ်လို့
မျက်စေ့တွေလည်ပြန်ရော။ ဆရာကြီး ဆရာမကြီးရဲ့ ကျောင်းကလေးတွေမှာ
ပုံစံတွေပြောင်းနေတာ မြင်ရတော့လည်း ငါတို့တစ်တွေခေတ်ကနဲ့
မတူတော့ပါလားဆိုပြီး ဘုရားတ ကြရပြန်ရော။''သင်္ချာမှာ အနှုတ်နှစ်ခုမြှောက်ရင်
အပေါင်းဖြစ်တယ်၊ တောထဲမှာ လမ်းနှစ်ခါမှားရင် လမ်းမှန်ရောက်ချင်ရောက်မယ်။
ဘ၀မှာတော့ တစ်ခါကနှစ်ခါမှားရင် ပိုဆိုးဖို့ပဲရှိသပေါ့ကွာ''တဲ့
ဆရာကြီးတစ်ယောက်ပြော ခဲ့တယ်။
မောင်စံပေါတို့ လက်တွေ့ကွင်းဆင်းချိန်မှာ ညနေခင်းဆရာတပည့်တွေ
ပြန်စုဝေးပြီး ၀ိုင်းဖွဲ့ကြတာတွေးမိတိုင်း လွမ်းစရာ။ ဆရာကြီးများကလည်း
သူတို့ရဲ့ ဖြတ်သန်းခဲ့တဲ့ဘ၀ အတွေ့အကြုံတွေ မျှဝေတယ်။ ကျောင်းပညာတွေကို လက်တွေ့နဲ့ ပေါင်းပြီး ပိုပြည့်စုံစေတယ်။
ဆရာကြီးတွေ
တစ်နှစ်တစ်ယောက် ပြောင်းသွားတယ်။ တတိယနှစ် လက်တွေ့ကွင်းဆင်းတုန်းက
ဒီဆရာကြီး။ စတုတ္ထနှစ်ရောက်တော့ ဟိုဆရာကြီး။ ပဉ္စမနှစ်မှာတခြား
ဆရာကြီးစသဖြင့် ဆရာကြီးတွေမတူကြပေမယ့် တူညီတာက ဆရာကြီး တွေရဲ့စေတနာမွန်။
တပည့်တွေကို တကယ်တတ် ကျွမ်းနားလည်ပြီး အလုပ်အပေါ်မှာ
သစ္စာရှိတဲ့အရာရှိကောင်းများ ဖြစ်စေချင်တဲ့ ဦးတည်ချက်၊
ကောက်ကျစ်စဉ်းလဲမှုကင်းစွာ မှန်မှန်ကန်ကန်၊ ရိုးရိုးဖြောင့်ဖြောင့်နဲ့
နိုင်ငံကို အလုပ်အကျွေးပြုသူများအဖြစ် ဂုဏ်ယူချင်တဲ့ဆန္ဒ။
တပည့်တွေထဲမှာ ကံဇာတ်ဆရာ ကကြိုးဆွဲတာလွဲတော့ ဆရာကြီးတွေ
သင်ကြားလေ့ကျင့်ပေးခဲ့သမျှကို ပြောင်းပြန်လုပ်ပြီး သိုင်းပြောင်းပြန်
ပါရဂူကြီးတွေထွက်လာတာတွေ့ရတော့ စိတ်မကောင်းဖြစ်ကြရတယ်။ ဘ၀နေ၀င်ချိန်ကို
ချို့တဲ့စွာ ဖြတ်သန်း နေတဲ့ ဆရာကြီးတစ်ယောက်ကို အဲဒီတပည့်တွေထဲက
တစ်ယောက်ကသွား ကန်တော့တယ်။ ဆရာကြီးက ၀မ်းသာစွာနဲ့ ဆုတွေပေးတယ်။
ဝမ်းနည်းစွာနဲ့ ငွေကြေး ကန်တော့တာတွေကို ပြန်ပေးလိုက်တယ်။
(၉)
ဟိုတချိန်တုန်းက လူရည်ချွန် စီမံကိန်းဆိုတာ ရှိခဲ့ဖူးပါတယ်။
အင်မတန်မှသန့်ရှင်းမျှတ ဖြောင့်မှန်စွာနဲ့ ရွေးချယ်ချီးမြှင့်ခဲ့တဲ့
စီမံကိန်းကြီးပါ။ ကျောင်းစာထူးချွန်တဲ့ ထိပ်ဆုံးက
ကျောင်းသားကျောင်းသူတွေကို ကျောင်းစာဗဟုသုတ၊ အားကစား၊ ဖွံ့ဖြိုးရေး
ဆောင်ရွက်မှု၊ နှုတ်ဖြေစသဖြင့် ဘက်ပေါင်းစုံကနေ အဆင့်ဆင့် စစ်ဆေးရွေးချယ်တယ်။
သတ္တမတန်းကနေ တက္ကသိုလ်စတုတ္ထနှစ် အထိရွေးတယ်။ အဲဒီခေတ်က လူရည်ချွန်ဆိုတာ
လူငယ်တွေကြားထဲမှာ စံပြသဖွယ် သူတို့ရဲ့စိတ်ထဲမှာလည်း
နိုင်ငံတော်တည်ဆောက်ရေးတွေမှာ ဘယ်လိုပါကြမယ်၊ ဘယ်လိုစွမ်းဆောင်ကြမယ်၊
သန္နိဋ္ဌာန်တွေချလို့ပေါ့။ လူရည်ချွန် သူငယ်ချင်းတစ်ယောက်က ပြောတယ်။
''လူရည်ချွန် ရစဉ်ကာလတုန်းကတော့လည်း အဲဒီလိုမျိုးစိတ်တွေ တကယ်ရှိခဲ့ကြတာကွ။
နှစ်တွေကြာပြီဆိုတော့လည်း ပြောင်းချင်ပြောင်းကြမှာပေါ့ကွာ'' သတဲ့။
'စွမ်း' နိုင်တဲ့နေရာမှာ ရောက်နေတဲ့လူတွေ ရည်မှန်းချက်တွေ
ပေါက်မြောက်အောင် 'ဆောင်' ကြဉ်းကြဖို့ လိုပါတယ်။ မောင်စံပေါလေရှည်တာ
တော်တော်များသွားပြီ။ မနေနိုင်မထိုင်နိုင်ရေးပြီး နံဘေးချထားတဲ့
စာရွက်တစ်ထပ်ကို သူငယ်ချင်းတစ်ယောက်က ဘာတွေလဲဟဆိုပြီး ကောက်ဖတ်တယ်။ ဖတ်ရင်း
ခေါင်းတရမ်းရမ်းနဲ့ ဖတ်လို့လည်းပြီးရော တုံးတိတိမေးခွန်းတစ်ခု
မေးတယ်။''အဲဒီတော့ ခင်ဗျားက ဘာလုပ်ချင်သလဲ''တဲ့။ ''ခင်ဗျာ''လို့ဆိုတော့
''ခင်ဗျားက မှားနေတာတွေလို့ ခင်ဗျားထင်တာတွေကို ရေးထားတာ
ဘာရည်ရွယ်ချက်နဲ့လဲ။ ပြင်စေချင်လို့လား။ ပြင်စေချင်ရင် ကျုပ်ထပ်
ဖြည့်ပြောပြချင်တယ်။ အများကြီးရှိတယ်။ နယ်ပယ် အသီးသီးမှာ အများကြီး။
ခင်ဗျားကိုယ် ခင်ဗျားရော မှန် တယ်ထင်လို့လား။ သူ့ဘာသာ အဆင်ပြေနေတာတွေကို
ခင်ဗျားမို့ အားအားယားယားဗျာ'' ရေးမိတဲ့ကောင်လည်း
အမှားစာရင်းထဲဝင်သွားပါရော။ သူ့ဘာသာ နေသားကျနေတာတွေမို့လို့
မပြင်ရတော့ဘူးလားဗျာ။ မပြင်ကြတော့ဘူးလားဗျာ။
EMG |
No comments:
Post a Comment